All News Local News

မြေနီကုန်းတွင် ဖုယွင်အလုပ်သမားသပိတ်အတွက် ဆန္ဒပြသူ ၂ ဦးကို ထိုးကြိတ်ဖမ်းပြီး ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်၊ ရဲစခန်းတွင်လည်း ထိုးကြိတ်မှုကြောင့် ဆန္ဒပြသူ ၁ ဦး အရေးပေါ် ဆေးစစ်မှု ခံယူရ

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ကုန်းကျော်တံတားအောက်တွင်အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းက ဖုယွင်အလုပ်သမားသပိတ်အတွက် ဆန္ဒပြခဲ့ကြသော ကိုနှင်းအောင်နှင့် ကိုဝေယံဦးတို့ ၂ ဦးကို အရပ်ဝတ်များက ထိုးကြိတ်ဖမ်းဆီးခဲ့ပြီး စမ်းချောင်းရဲစခန်းက ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

ရဲစခန်းတွင် ဖမ်းဆီးပြီးနောက် ကိုယ်တိုင်ခံဝန်ဖြင့် ညတွင်းချင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိ၇သည်။

အရပ်ဝတ်များက ထိုးကြိတ်ဖမ်းဆီးခေါ်သွားပြီးနောက် စမ်းချောင်း ရဲစခန်းတွင်လည်း ကိုနှင်းအောင်ကို ရဲတပ်ဖွဲ့ ၆ ဦးက ထပ်မံထိုးကြိတ်ခဲ့ကြောင်း၊ ထိုသို့ ထိုးကြိတ်မှုကြောင့် ကိုနှင်းအောင်သည် ဝဲနဖူး၊ ဝဲမျက်ရိုး၊ ဝဲမေးရိုးဖူးယောင်၊ ယာလက်ကောက်ဝတ် ဖူးယောင်၊ ဝဲလက်ကောက်ဝတ်စုတ်ပြဲ ဒဏ်ရာရရှိခဲ့ကြောင်း၊ ကိုယ်ပိုင်ခံဝန်ဖြင့် ရဲစခန်းက လွှတ်ပေးပြီးနောက် ချက်ချင်းအရေးပေါ် ဆေးစစ်မှုခံယူထားပြီး ဆေးစစ်ချက်ရလဒ်များကို စောင့်ဆိုင်းနေရကြောင်း၊ မေးရိုးကွဲအက်ခြင်း ရှိ၊ မရှိ ဆေးစစ်ရန် ဆရာဝန်များက ညွှန်ကြားထားကြောင်း ဝန်းရံသူ GW မှ ကိုမိုးသွေးက ဆိုသည်။

လက်ရှိတွင် ဖုယွင် အလုပ်သမားသပိတ်သည် မပြေလည်သေးဘဲ အလုပ်သမားသပိတ်ကို စက်ရုံပိုင်ရှင်က လူမိုက်ငှား အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းမှုများ ကြုံတွေ့နေရပြီး အာဏာပိုင်များနှင့် ရပ်ကွက်နေပြည်သူများအကြားတွင်ပါ တင်းမာမှုများ မြင့်တက်လာလျက်ရှိသည်။

ဓာတ်ပုံ- ညတွင်းချင်း ကိုယ်တိုင်ခံဝန်ဖြင့် ပြန်လွတ်လာသော ကိုနှင်းအောင်သည် ရဲစခန်းတွင် ထိုးကြိတ်မှုခံခဲ့ရသဖြင့် အရေးပေါ် ဆေးစစ်မှု လုပ်ဆောင်နေရသည်။

Photo Credit – Moe Thway

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com