All News Editorial

မြန်မာ့ အချုပ်အခြာအာဏာကိုပါ လူမလေး ခွေးမခန့် လုပ်လာတဲ့ တရုတ်တို့၏ မထီမဲ့မြင်ပြုမှုများ ထိထိရောက်ရောက်တုံ့ပြန်ဖို့လိုပြီ

အယ်ဒီတာ့အာဘော်

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တုန်းက သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးအောင်မင်းက လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်ဖြိုခွင်းမှု အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ကြိုးစားစဉ်မှာ “တရုတ်ကို ကြောက်နေရတယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံထက် အစစအရာရာ များစွာသာလွန်ပြီး ကမ္ဘာမှာ ထိပ်တန်းအင်အားကြီးနိုင်ငံဖြစ်နေတဲ့ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ပတ်သက်လို့ အာဏာရှင်အစိုးရတွေကစလို့ လက်ရှိ ဒီမိုကရေစီအစိုးရအထိ တရုတ်က သြဇာလွှမ်းမိုးမှု ရှိနေတာဟာ ငြင်းပယ်လို့မရနိုင်ပါဘူး။ အင်အားကြီးမားသာလွန်လို့ ကြောက်ရတယ်ဆိုတာ လက်ခံနိုင်ပေမယ့်လည်း မြန်မာနိုင်ငံထဲလာပြီး မြန်မာ့တရားဥပဒေကို မလေးစား မလိုက်နာ လုပ်ချင်သလို လုပ်နေတာတွေကိုတော့ ငြိမ်ခံနေလို့ မသင့်တော်ပါဘူး။ တရုတ်နိုင်ငံသားတွေရဲ့ မြန်မာ့ဥပဒေကို မလိုက်နာတဲ့ ဖြစ်စဉ်တွေ အခု ရက်ပိုင်းအတွင်းမှာ ဖြစ်ပျက်သွားတာမို့ အဲဒါတွေကို ပြန်ကြည့်ရအောင်ပါ။

ဖြစ်စဉ် ၁

အောက်တိုဘာလ ၁၇ ရက်နေ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ၊ မြန်မာပိုင်နယ်နမိတ်မှာ ဈေးကော်မတီရုံးတည်ဆောက်တာကို တရုတ်နိုင်ငံက လက်နက်အပြည့်အစုံကိုင်ေ်ဆာင်ထားတဲ့ တပ်တွေ ၊ တင့်ကားနှစ်စီးခေါ်ဆောင်ပြီး လာရောက်တားမြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်နမိတ်ထဲကို တရုတ်တွေ ဝင်ရောက်တဲ့အခါမှာလည်း လက်နက်ကိုင်တွေကိုင်ဆောင်ပြီး ဝင်ရောက်တဲ့အပြင် တားဆီးမှုလုပ်တဲ့အခါမှာလည်း အထက်စီးကနေ လာရောက်တားဆီးပုံစံမျိုးနဲ့ ရင့်သီးစွာ ဝင်ရောက်ခဲ့တာကို မူဆယ်ဒေသခံတစ်ဦး ရိုက်ကူးထားတဲ့ Video ရုပ်သံဖိုင်အတွင်းမှာ မြင်တွေ့ရမှာပါ။ ဒီလို ကိုယ့်နယ်နမိတ်အတွင်းကို လက်နက်တွေကိုင်ဆောင်ဝင်လာတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အောက်ခြေနယ်မြေအာဏာပိုင်တွေဘက်က တစ်ဖက်ကို ကန့်ကွက်လွှာပေးပို့ခဲ့ပါတယ်။ ဒါပေမယ့်လည်း တရုတ်ဘက်က တစ်စုံတစ်ရာအကြောင်းပြန်ကြားခြင်းမရှိသလို ၉ ရက်ကျော်ကြာတဲ့အထိ ပြည်ထောင်စုအစိုးရကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ကန့်ကွက်တာမျိုး၊ တရုတ်သံအမတ်ကို ဆင့်ခေါ်ပြီး သတိပေးတာမျိုး မလုပ်ခဲ့ပါဘူး။

တကယ်တော့မူဆယ်ဖြစ်စဉ်ဟာ တရုတ်တွေအနေနဲ့ မြန်မာ့ဥပဒေတွေကို မလေးစားတဲ့အပြင် မြန်မာနိုင်ငံသား တွေကိုပါ လက်နက်ပြ ခြိမ်းခြောက်သွားတာလည်းဖြစ်ပါတယ်။ ရုပ်သံVideo ထဲမှာ မြန်မာနိုင်ငံသားမှန်သမျှ လက်နက်ကိုင်ဆောင်ထားတာမရှိသလို တရုတ်တွေကတော့ လက်နက်အပြည့်အစုံနဲ့ လာရောက်စစ်ဆေးတာကို မြင်တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံသားတွေကို အောက်လက်ငယ်သားသဖွယ် ဆက်သွားတာလည်း မြင်တေ့ွရမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မူဆယ်ဈေးကော်မတီရုံးတည်ဆောက်မှုကို လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်တားဆီး စစ်ဆေးတာဟာ မြန်မာ့အချုပ်အခြာအာဏာ ခြိမ်းခြောက်ရုံမျှမက မြန်မာနိုင်ငံသားတွေကိုပါ လက်နက်ပြ အင်အားသုံး အကျပ်ကိုင်သွားတဲ့ ဥပဒေမဲ့လုပ်ရပ်လည်းဖြစ်ပါတယ်။ မြန်မာ့ဥပဒေနဲ့ အချုပ်အခြာအာဏာကို လူမလေး ခွေးမခန့်လုပ်သွားတဲ့ ဖြစ်စဉ်ဆိုရင်လည်း မမှားနိုင်ပါဘူး။

ဖြစ်စဉ် ၂

မြန်မာနိုင်ငံတွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဟာ ဥပဒေစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှု နည်းပါးလို့မြန်မာနိုင်ငံသားအများစု ဆန့်ကျင်နေကြတာကို ဝမ်ပေါင်ကုမ္ဗဏီကစလို့ အခြားသော တရုတ်ကုမ္ဗဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ မြင်တွေ့ရမှာပါ။

ရန်ကုန်မြို့မှာလည်း တရုတ်နိုင်ငံသားပိုင်တဲ့ ဖုယွင်အထည်ချုပ်စက်ရုံက သမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ အလုပ်သမား ၃၀ ကို အကြောင်းမဲ့ အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ ဒီလို အလုပ်ထုတ်လို့ အလုပ်သမားတွေက ဆန္ဒပြနေတာ ၂ လကျော်ကြာလာပြီး အလုပ်သမားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရက တရုတ်အလုပ်ရှင်ကို ဆန္ဒပြ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမယ့် ညွှန်ကြားချက်ကို တရုတ်အလုပ်ရှင်က မလိုက်နာတဲ့အပြင် တရုတ်လုပ်ငန်းရှင်အများစုကလည်း ဖုယွင်စက်ရုံပိုင်ရှင်ဘက်က ရပ်တည်နေကြောင်း NLD ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် အမတ် ဒေါက်တာဒေါ်ဖြူဖြူခိုင်က ပြောဆိုထားပါတယ်။

ဒါ့အပြင် ဆန္ဒပြအလုပ်သမားတွေကို အလုပ်ပြန်မခန့်တဲ့အပြင် တရုတ်ဖုယွင်စက်ရုံပိုင်ရှင်က လူမိုက်တွေ ငှားရမ်းလို့ ဆန္ဒပြအလုပ်သမားတွေကို ဝင်ရိုက်ခိုင်းတဲ့အထိ မြန်မာ့ဥပဒေကို မထီမဲ့မြင်လုပ်လာပါတယ်။ ဒီဖြစ်စဉ်တွေ နဲ့ပတ်သက်ပြီး အစိုးရဘက်ကလည်း ထိထိရောက်ရောက် အရေးယူတာမရှိတဲ့အပြင် ဆန္ဒပြအလုပ်သမားတွေဘက်က လူမိုက်တွေကို အမှုပြန်ဖွင့်ဖို့တောင် မလွယ်ကူတဲ့အနေအထားဖြစ်နေပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ ဖုယွင်စက်ရုံဖြစ်စဉ်ဟာလည်း တရုတ်နိုင်ငံတင်မက တရုတ်နိုင်ငံသားတွေကပါ မြန်မာ့ဥပဒေနဲ့ အချုပ်အခြာအာဏာကို မလေးစားရုံမျှမက နိုင်ငံကြီးသားဆိုတဲ့ အရှိန်အဝါ ဥစ္စာဓနကြွယ်ဝမှု ခုတုံးလုပ်ပြီး မြန်မာနိုင်ငံသားတွေကို နှိမ်ချဆက်ဆံလာနေတယ်ဆိုတာ ပြသနေပါတယ်။ မြန်မာအစိုးရအနေနဲ့ ကိုယ့်နိုင်ငံသားတွေဘက်ကရပ်တည်ပြီး တရုတ်တွေကို စံနမူနာပြ အရေးယူမှုတွေ လုပ်ဖို့လိုအပ်လာနေပါတယ်။

“တရုတ်ကြောက်” မှ “တရုတ် ခြယ်လှယ်မှု” သွားတော့မှာလား

မြန်မာ့အချုပ်အခြာအာဏာနဲ့ ဥပဒေကို မထီမဲ့မြင်လုပ်တဲ့ ဖြစ်စဉ်တွေများစွာရှိပေမယ့် ဒီဖြစ်စဉ်နှစ်ခုကတော့ ထင်သာမြင်သာရှိတာမို့ ရွေးနုတ်ဖော်ပြလိုက်တာပါ။ ဦးအောင်မင်းက “တရုတ်ကို ကြောက်နေရတယ်” လို့ ဆိုခဲ့ပြီး လက်ရှိမှာတော့ “တရုတ်က စိတ်တိုင်းကျ ခြယ်လှယ်လွှမ်းမိုးလာတယ်” ဆိုတာ မငြင်းနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကစလို့ စီးပွားရေးအထိ တရုတ်နိုင်ငံအပေါ် ကြီးကြီးမားမား မှီခိုနေရတာကိုလည်း ပြန်လည် သုံးသပ်ဖို့လိုနေပါပြီ။

တရုတ်နိုင်ငံဟာ အာဖရိကမှာ စီးပွားရေးနယ်ချဲ့ခြင်းဖြင့် ခေတ်သစ်ကိုလိုနီပြုနေတယ်လို့ ဝေဖန်မှုတွေရှိနေချိန်မှာ မြန်မာနိုင်ငံအနေနဲ့ သတိကြီးကြီးမားမားထားနဲ့ ဆင်ခြင်ဖို့ လိုနေပါပြီ။ ဇမ်ဘီးယားနိုင်ငံကို ကြည့်ရင် တရုတ်အကြွေးတွေ မဆပ်နိုင်လို့ အစိုးရပိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ထိုးပေးရတော့မယ်အခြေအနေ၊ ဇမ်ဘီးယားနိုင်ငံပိုင် ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ပိုင်ဆိုင်လာပြီး တရုတ်တွေအနေနဲ့ ဇမ်ဘီးယားရဲ့ အချုပ်အခြာအာဏာကို လွှမ်းမိုးနိုင်လာတာတွေ့ရမှာပါ။ အာဖရိကမှာ နိုင်ငံတော်တော်များများ ဒီလိုအခြေအနေဆိုက်ရောက်နေတာပါ။

ဗီယက်နမ်နဲ့ ဖိလစ်ပိုင်လို မာမာထန်ထန်ဖြစ်စေချင်

အာဆီယံနိုင်ငံတွေမှာ တရုတ်နိုင်ငံကို မာမာထန်ထန် ပြန်လည် ဆက်ဆံပြီး တရုတ်ကလည်း လေးစားရတဲ့နိုင်ငံ ၂ ခုရှိနေပါတယ်။ အဲဒါကတော့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ပါပဲ။ ပင်လယ်ပြင်ရေပိုင်နက် အငြင်းပွားချိန်မှာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ဟာ တရုတ်နိုင်ငံနဲ့ ယှဉ်ရင် နိုင်ငံသေးသေးလေးတွေဖြစ်ပေမယ့် အချုပ်အခြာအာဏာအတွက် တရုတ်ကို မာမာထန်ထန်ဆက်ဆံသလို နိုင်ငံတကာစာမျက်နှာမှာပါ ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုမှုတွေကြောင့် တရုတ်အနေနဲ့ သံတမန်ရေးနည်းလမ်းသုံးပြီး ဒီ ၂ နိုင်ငံပြန်လည် အဆင်ပြေအောင် ကြိုးပမ်းမှုတွေ လည်းမြင်ရပါတယ်။ တစ်နည်းအားဖြင့် လေးလေးစားစား ပြန်ဆက်ဆံတာကို မြင်တွေ့ရတာပါ။

မြန်မာနိုင်ငံအနေနဲ့လည်း ဘယ်လောက်ပဲ အခြေအနေဆိုးတွေရှိနေပါစေ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ကိုယ့်ပြည်သူတွေကို မလေးမစားလုပ်လာတဲ့ လုပ်ရပ်မှန်သမျှကို မာမာထန်ထန် ပြတ်ပြတ်သားသား ပြောဆို အရေးယူ ခြင်းဖြင့် လူမလေး ခွေးမခန့် အခြေအနေ၊ တရုတ်ကြောက်အခြေအနေမှသည် တရုတ်က ပြန်လည် လေးစားရတဲ့ အခြေအနေကို ပြန်လည် တည်ဆောက်ဖို့ လိုအပ်ကြောင်း မီးမောင်းထိုးပြလိုက်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com