Features political news

မော်လူးမြို့က လာခဲ့တယ်(သို့မဟုတ်) ကူသူမဲ့ အရေပြား ဝေဒနာသည်လေး မအေးချမ်းပိုင်

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

တစ်ကိုယ်လုံး ငါးအကြေးခွံ့တွေလို အမည်းကွက်တွေ ရှိနေပေမယ့် သူ့မျက်နှာလေးက ပကတိ လူကောင်း အသားအရေလိုကြည်လင်နေတယ်။ တစ်ခါတစ်ခါ သူ့အသားအရေက ယားလို့ထင်ပါရဲ့။ သူ့လက်ကလေးတွေကို ကုတ်နေတယ်။ မျက်နှာကလွဲလို့ တစ်ကိုယ်လုံး သစ်ခေါက်တွေလို၊ ငါးအကြေးခွံလို အမည်းရောင် အကွက်တွေကြောင့် သူ ရှက်ရွံ့ပုံလည်း မြင်ရတယ်။ အသက် ၁၄ နှစ်ရှိနေပြီဖြစ်ပေမယ့် သူ့ခန္ဓာကိုယ်က မဖွံ့ဖြိုးပဲ သေးလှီနေတယ်။ အရွယ်က မြီးကောင်ပေါက်အရွယ်ပေမယ့် သူကတော့ ကလေးငယ်တစ်ဦးပမာ။

သူ့မျက်ဝန်းတွေကတော့ သာမန်ဆယ်ကျော်သက် မိန်းမပျိုလေးတွေလိုတော့ မတောက်ပဘဲ အားငယ်မှုတွေ အထင်သားမြင်ရတယ်။ သူ့နာမည်က မအေးချမ်းပိုင်။ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသက လာခဲ့တာပါ။ မွေးရာပါ ထူးဆန်းတဲ့ ကိုယ်ရေပြားရောဂါကို ကုသနိုင်ဖို့ ရန်ကုန်မြို့ကို ပရဟိတအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

“သမီး တစ်ခါတစ်ခါ တစ်ကိုယ်လုံး အရမ်းယားတယ်။ အဓိကကတော့ ခြောက်သွားတဲ့ အရေပြားတွေ အချပ်လိုက်ကွာကျရင် အတော်ယားတယ်။ ဒါပေမယ့် မွေးရာပါဆိုတော့ သိပ်ပြီးတော့ အဆန်းမဟုတ်တော့ဘူး။ ခံနိုင်ရည်ရှိနေပါပြီ။ ဖြစ်နိုင်ရင်တော့ ဒီလို မဖြစ်ချင်တော့ဘူး” လို့ မအေးချမ်းပိုင်က ဆိုပါတယ်။

 

မအေးချမ်းပိုင်မှာ ညီအစ်ကိုမောင်နှမ သူအပါအဝင် စုစုပေါင်း ၆ ဦး ရှိပြီး မအေးချမ်းပိုင်က နံပါတ် ၅ ပါ။ သူ့မိဘတွေက ဒေါ်ခိုင်ချိုချိုနဲ့ ဦးစောအေးတို့ဖြစ်ပြီး တစ်နေ့လုပ်မှ တစ်နေ့စားတွေပါ။

“ကျမတို့က ခြင်းကြားတွေယက်တယ်။ တစ်နေ့လုပ်မှ တစ်နေ့စား တစ်နေ့ကို ခြင်းကြားယက်ရင် ၃၅၀၀ လောက်ရပါတယ်။ သားသမီး ၆ ဦးရှိတယ်။ အေးချမ်းပိုင်က နံပါတ် ၅ ။ ကျန်တာက ယောင်္ကျားလေးတွေချည်းပဲ” လို့ မအေးချမ်းပိုင်ရဲ့ မိခင် အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ခိုင်ချိုချိုက ဆိုပါတယ်။

မအေးချမ်းပိုင်ရဲ့ ကိုယ်ရေပြား ဝေဒနာဟာ မွေးရာပါဖြစ်ပြီး အခုအချိန်မှာတော့ မအေးချမ်းပိုင်ရဲ့ ကိုယ်ခန္ဓာက ညှိစို့စို့ အပုတ်နံ့လေးပါ ထွက်နေပါတယ်။

“အေးချမ်းပိုင်က မွေးကတည်းက ဖြူဖြူဖွေးဖွေးလေး။ အနှီးနဲ့ထုပ်လိုက်ရင် အဆီ ဖြူဖြူဖွေးဖွေးတွေထွက်တယ်။ အဲဒါကို အနှီးလေ ျှာ်ရင် မနည်း လေ ျှာ်ရတယ်။ ၄၊ ၅ လ ခြောက်လ ရတဲ့အခါမှ အသားအရည်က နည်းနည်းဝါ၊ ဝါရာကနေ ညို၊ နောက်ဆုံး မဲလာတာပေါ့။ ငါးကြင်းကွက်တွေလို အကွက်ကြီးတွေပေါ်လာတယ်။ အဲဒီတော့ ငါးကြင်းကွက်ပေါ်ပြီးတော့ တော်တော်နဲ့ မကြွေဘူး။ နွေနဲ့ မိုးကျလို့ရှိရင် ဖြည်းဖြည်းချင်းကြွေတယ်။ နည်းနည်းချင်းကြွေတယ်။ မကြွေသေးတဲ့နေရာ မကြွေသေးတဲ့အချိန် ကြွေတဲ့နေရာက ပြန်ပြီး ငါးကြင်းကွက်တွေလိုဖြစ်လာတယ်။ ထပ်တက်လာတယ်။ အဲဒီလို ထပ်တက်လာရင်။ လုံးချာနေတာပေါ့။ ၂၀၁၆ ခုနှစ်က စကုသေးတယ်။ ဆေးမြီးတိုနဲ့ ကုတယ်။ ဆားမပါတဲ့ ဝက်ဆီ ၁၀ ဆကို ကလေးသောက်တဲ့အားဆေး ဆာလ်ဖာရည် နဲ့ ရောသမွှေပြီး လိမ်းတယ်။ လိမ်းလိုက်ရင် ကြွေတယ်။ သမီးလေးကတော့ အမေ တစ်ခါ တစ်ခါ ယားတယ်။ ကြွေပြီးရင် ပြန်ပြီး တက်လာတယ်။ ငါးကြီးခွံ့ကို သံဘရက်နဲ့တိုက်လိုက်သလိုပဲ ကြွေကုန်ပေမယ့် ပြန်ပြီး တက်လာတာပဲ” လို့ ဒေါ်ခိုင်ချိုချိုက ဆိုပါတယ်။

ရန်ကုန်ရောက်ပြီး တစ်လ ၅၀၀၀ ကျပ် အလှူရှင်များအဖွဲ့က Myint & Son အရေပြား အထူးကုဆေးခန်းမှာ အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးနဲ့ ပြသတဲ့အခါမှာ မအေးချမ်းပိုင်ရဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့ အနေအထားဆိုတာ သိရှိခဲ့ရပါတယ်။

“ဆရာဝန်က ပြောတာက သူ့ရဲ့ ဝေဒနာက မွေးရာပါ ဖြစ်တယ်။ အရေပြား အသားတက်တာ မမှန်တာပေါ့။ ဒါဘာကြောင့်ဖြစ်လဲ စစ်ဆေးရမယ်။ အသားစယူရမယ်။ ဓာတ်ခွဲကြည့်ရမယ်ပေါ့။ နောက်တစ်ခုက ကိုယ်ခန္ဓာက အပုတ်နံ့ထွက်လာတာက ပိုးဝင်နေတာကို ပြနေတယ်။ ပိုးဝင်တာဖြစ်လို့ သွေးဆိပ်တက်ပြီး အချိန်မရွေး အသက်ဆုံးရှုံးနိုင်တယ်။ ဒါကြောင့် ချက်ချင်း ဆေးရုံတင် ကုသမှု ခံယူဖို့ လိုအပ်လို့ ပြောသွားတယ်” လို့ လိုက်ပါ ကူညီစောင့်ရှောက်ပေးနေတဲ့ တစ်လ ၅၀၀၀ ကျပ် အလှူရှင်များအဖွဲ့ မှအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

အရွယ်နဲ့မလိုက်အောင် အရေပြားရောဂါဆန်းကို ခံစားနေရတဲ့ မအေးချမ်းပိုင်အနေနဲ့ ဒီရောဂါကို သက်သာ ပျောက်အောင် ကုသနိုင်မလား၊ မော်လူးကို အရှုံးနဲ့ပဲ အိမ်ပြန်ရမလားဆိုတာကတော့ ရန်ကုန်ဆေးရုံကြီး၊ အရေပြားအထူးကုဌာနကို ပြသပြီး ထွက်လာမယ့် ရလဒ်တွေပေါ်မှာပဲ မူတည်နေပါတယ်။

မအေးချမ်းပိုင်ကတော့ ရန်ကုန်မြို့ပေါ်က ပြေးလွှားနေတဲ့ ကားတွေကို ကြည့်ရင်း အထူးအဆန်းသဖွယ် ငေးမောနေဆဲပါပဲ။ ရံဖန်ရံခါ သူ့လက်လေးနဲ့ သူ့ခန္ဓာကိုယ်ပေါ်က ယားနေတဲ့ နေရာလေးတွေကို လှမ်းကုတ်နေတယ်။ ရန်ကုန်လမ်းမတွေပေါ်ကို အထူးအဆန်းသွယ် ငေးကြည့်နေတဲ့ အားငယ်နေတဲ့ မအေးချမ်းပိုင်ရဲ့ မျက်ဝန်းတွေက သူ့ အနာဂတ်ဘယ်မှာလဲ ဆိုတာ လိုက်လံ ရှာဖွေနေသလိုပါပဲ……။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com