All News Local News

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သား ဦးထွန်းနိုင်ရွှေ သိမ်းထားသည့် အင်းလေးကန်မြေဧက ၉၀ ကိစ္စ နိုင်ငံတော်သမ္မတရုံးက ပြန်စိစစ်ဖို့ ညွှန်ကြား၊ မနက်ဖြန် စစိစစ်မယ်

ရန်ကုန်၊ အောက်တိုဘာ ၄

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲက မိုင်းသောက်ကျေးရွာအနီးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေ ပိုင်တဲ့ (Myanmar Naing Group Co, Ltd) က လုပ်ပိုင်ခွင့် ရရှိထားတဲ့ မြေဧက ၉ဝ ကို ပြန်လည်စိစစ်ဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလိုက်ပြီး စိစစ်မှုတွေ စတင်နေပြီဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံးက ရှမ်းပြည်နယ်အစိုးရကို ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်တဲ့ မြေဧက ၉၀ ကို ပြန်လည် စိစစ်ဖို့ ညွှန်ကြားလိုက်ပြီး အောက်တိုဘာလ ၅ ရက်နေ့မှာ စတင်စိစစ်မှာဖြစ်တယ်လို့ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဦးက ပြောပါတယ်။

“သမ္မတရုံးကနေ ပြန်ကျလာတယ်။ ပြန်ကျလာတယ်။ ပြည်နယ်ကနေ ဆင်းစစ်ဖို့။ စစ်ရမယ်ဆိုတော့ မနက်ဖြန်စစ်မယ်။ ရှမ်းပြည်နယ်အစိုးရက လာစစ်မယ်။ ကွင်းဆင်းစစ်ဆေးမယ်။ ရှမ်းပြည်နယ်လွှတ်တော်ကတော့ စစ်သွားပြီးပြီ။ ပြည်နယ်အစိုးရက မနက်ဖြန်စစ်မယ်” လို့ ၎င်းက ဆိုပါတယ်။

ဦးထွန်းနိုင်ရွှေပိုင်ဆိုင်တဲ့ အင်းလေးကန်အတွင်းက မြေဧက ၉၀ ကို သဘာ၀ ဘေးမဲ့တောဧရိယာအဖြစ် ပြန်လည်သတ်မှတ်ဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်။

ဦးထွန်းနိုင်ရွှေရဲ့ Myanmar Naing Group က သိမ်းထားတဲ့ မြေဧက ၉၀ မှာ ဟိုတယ်ဆောက်ဖို့ စတင်ရာကနေ ဒီမြေဧက ၉၀ ကိစ္စပေါ်ပေါက်လာပြီး ကန့်ကွက်မှုတွေ ပေါ်ထွက်လာတာပါ။

ခရိုနီတွေအပါအဝင် ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ဆွေမျိုး၊ သားသမီးတွေ မတရားသိမ်းယူခဲ့မြေကိစ္စတွေနဲ့ပတ်သက်လို့ ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ရဲ့ သား ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်တဲ့ မြေဧက ၉၀ ကို ပြန်လည်စစ်ဆေးဖို့ သမ္မတရုံးရဲ့ ညွှန်ကြားချက် ထွက်ပေါ် လာတာလည်းဖြစ်ပါတယ်။

ဦးသန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်တဲ့ မြေဧက ၉၀ ကို ပြန်လည် စိစစ်ဖို့ သမ္မတရုံးညွှန်ကြားချက် နိုင်ငံအတွက် ကောင်းမွန်ပေမယ့်လည်း NLD အစိုးရနဲ့ စစ်တပ်အကြား ဆက်ဆံရေး မကောင်းမွန်မှုကို ပိုမို အခြေနေဆိုးစေမလား၊ အကျိုးစီးပွားကို အခြေခံတာကြောင့် တစ်ဖက်နဲ့ တစ်ဖက်ပိုပြီး ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က သုံးသပ်ပါတယ်။

“ကျနော်ထင်တယ်။ ဒီလို ဦးသန်းရွှေရဲ့ သား ပိုင်တဲ့ မြေတွေ ပြန်စစ်ဖို့ ထွက်လာတာက တစ်ဖက်ကလည်း ကောင်းတယ်ဆိုရပေမယ့် တစ်ဖက်အုပ်စုမှာ ဒါကို သတိပေးချက် အချက်ခေါင်းလောင်းဖြစ်သွားနိုင်တယ်။ သူတို့အကျိုးစီးပွားတွေ ထိလာပြီဆိုတဲ့ ခြိမ်းခြောက်မှုတွေက သူတို့ကို ပိုပြီး စည်းလုံးစေနိုင်တယ်။ တစ်ဖက်နဲ့ တစ်ဖက် ပိုပြီး အားပြိုင်တာတွေ ရှိလာနိုင်တယ်” လို့ သူက ဆိုပါတယ်။

(ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဦးနှင့် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com