Local News political news

ဖုယွင်ဆန္ဒပြအလုပ်သမားများသည် ဆိုးသွမ်းသူများဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်နေ့ အကြမ်းဖက်ဖြစ်စဉ်တွင် အရိုက်ခံရသည့် အလုပ်သမားများ မှားယွင်းဟု ရန်ကုန်တိုင်းအစိုးရဝန်ကြီးဦးဇော်အေးမောင် ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရန်ကုန်တိုင်းအစိုးရရုံးရှေ့တွင် လာရောက် ဆန္ဒပြနေသော ဖုယွင်အထည်ချုပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများသည် ဆိုးသွမ်းသူများဖြစ်ပြီး စက်ရုံပိုင်ရှင်က လူမိုက်ငှား၍ ဆန္ဒပြအလုပ်သမားများကို ဖြိုခွင်းမှုတွင် အရိုက်ခံရသည့်အလုပ်သမားများ မှားယွင်းသည်ဟု ရန်ကုန်အစိုးရ ဝန်ကြီးဦးဇော်အေးမောင်က ဖုယွင်ဆန္ဒပြအလုပ်သမားများနှင့် ညှိနှိုင်းစဉ် ပြောဆိုလိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့က ဖုယွင်အထည်ချုပ်စက်ရုံမှ အလုပ်သမားများ ရန်ကုန်တိုင်းအစိုးရရုံးရှေ့ ရောက်ရှိချိန်တွင် ရန်ကုန်အစိုးရဝန်ကြီးဦးဇော်အေးမောင်နှင့် အလုပ်သမားခေါင်းဆာင်များ ညှိနှိုင်းခဲ့ကြပြီး ညှိနှိုင်းမှုတွင် ဦးဇော်အေးမောင်က ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်း ဖုယွင်အလုပ်သမားသပိတ်ဥက္ကဋ္ဌ မသက်ထားဆွေက ပြောသည်။

“ဦးဇော်အေးမောင်ကိုယ်တိုင်က တွေ့ဖို့အတွက် ခေါ်တယ်။ ပထမဦးဆုံးစတွေ့တဲ့အချိန်မှာ ညီမတို့တွေက တောင်းဆိုချက်ကို သူ့လက်ထဲ အရင်ပေးတယ်။ တောင်းဆိုချက်ပေးပြီးတဲ့အချိန်မှာ စကားကို စတင်ပြောတယ်။ ပြောတဲ့အချိန်မှာ ဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီးတော့ ဘယ်ဟာတွေရရှိခဲ့ပြီးပြီလဲဆိုရင် ဒီ အယောက် ၃၀ ကိစ္စစတင်ပြီးတော့ ပြောတယ်။ စတင်ပြောတဲ့အချိန်မှာ ဦးဇော်အေးမောင်က ဘာပြောလဲဆိုရင် ငါဟာလည်း လုပ်ငန်းရှင်တစ်ယောက်ပဲတဲ့။ ဒီလိုဆိုးသွမ်းတဲ့ ဒီလိုလူမျိုးတွေ၊ လုပ်ငန်းရှင်ကို ပြန်ပြီးတော့ တွန်းလှန်မယ့်လူမျိုးတွေကို သူ့စက်ရုံမှာ သူသာ လုပ်ငန်းရှင်ဆိုရင်ခန့်မှာမဟုတ်ဘူးတဲ့။ အလုပ်ကို တစ်သက်လုံး ခန့်ရပါမယ်လို့ စာချုပ်ချုပ်ထားတာလည်းမဟုတ်ဘူးတဲ့။ တစ်သက်လုံးခန့်ပါမယ်ဆိုပြီးတော့ အလုပ်ခေါ်ပြီး ခိုင်းတာလည်းမဟုတ်ဘူးတဲ့။ မကောင်းတဲ့သူကို အလုပ်ခန့်ပိုင်ခွင့်လည်းရှိသလိုဖြုတ်ပိုင်ခွင့်လည်းရှိတယ်တဲ့။ ပထမဦးဆုံးအနေနဲ့ အဲလိုပြောတယ်။ ပြီးတဲ့အခါ နောက်ပေါက်ဖွင့်တဲ့ကိစ္စ အဲဒီအလုပ်ရှင်က နောက်ပေါက်ဖွင့်တဲ့အချိန်မှာ ကြေးစားလူမိုက်တွေနဲ့အတူ ရဲတွေ၊ နယ်ထိန်းတွေ ပါတယ်ဆိုတာကိုပြောတော့ အာဏာပိုင်အဖွဲ့အစည်းတွေက အကာအကွယ်ပေးနေတယ်လို့ပြောတဲ့အချိန်မှာ ဘာပြောလဲဆိုရင် အဲဒီလိုမျိုး လုပ်ငန်းရှင်ကို အကာအကွယ်ပေးလို့ရတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအတွက် လုပ်ငန်းတွေလည်ပတ်ဖို့၊ လုပ်ငန်းရှင်ကို သူတို့အာဏာပိုင်တွေအနေနဲ့ အကာအကွယ်ပေးပိုင်ခွင့် ရှိတယ်တဲ့” ဟု မသက်ထားဆွေက ဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ ဖုယွင်ဆန္ဒပြအလုပ်သမားများကို စက်ရုံပိုင်ရှင်က လူမိုက်ငှား၍ ရိုက်နှက် အကြမ်းဖက်ဖြိုခွင်းခံရမှုတွင် ဆန္ဒပြအလုပ်သမားများသည် အလုပ်ဆင်းနေသူများကို သွားရောက်တားမြစ်၍ အရိုက်ခံရခြင်းဖြစ်ကြောင်း၊ ဆန္ဒပြအလုပ်သမားများအနေဖြင့် မှားယွင်းသည်ဟု ဦးဇော်အေးမောင်က ပြောဆိုကြောင်း သိရှိရသည်။

” အောက်တိုဘာလ ၁၅ ရက်နေ့က အကြမ်းဖက်ဖြိုခွဲတဲ့ကိစ္စကိုပြောပြန်တော့လည်း အလုပ်သမားတွေက ရှေ့ပေါက်မှာ ပိတ်ဆို့ပြီး ဆန္ဒပြနေတယ်။ ဒါဟာ ဥပဒေမဲ့စွာ လုပ်ဆောင်တာ။ ဒီလို ဥပဒေမဲ့စွာ လုပ်ဆောင်တာကို သူတို့အနေနဲ့ ပိတ်ဆို့မှုကို အမှုဖွင့်တာတွေ တရားစွဲတာတွေ မလုပ်ဘူးဆိုတာဟာ ဒီအလုပ်သမားတွေ မျက်ကွယ်ပြုပြီးတော့ ပိတ်ဆို့တာကို အရေးမယူတာက ကိုယ့်နိုင်ငံသားတွေ ထိခိုက်မှာစိုးလို့၊ ကိုယ့်နိုင်ငံသားတွေမို့လို့ လက်ပိုက်ပြီးတော့ ကြည့်နေတာတဲ့။ အဲဒီလိုမျိုး လက်ပိုက်ပြီးတော့ ကြည့်နေတာ ရှေ့ပေါက်ကို ပိတ်ပြီးတော့ လုပ်နေတာကို ဘာမှ မလုပ်ဘဲ ကြည့်နေတယ်။ ကြည့်နေတာကို နောက်ပေါက်ကို သွားပိတ်တယ်တဲ့။ ဒီသပိတ်တားနေတဲ့ အလုပ်သမားတွေကို သွားတားတာတော့ သူ့ဟာသူ အေးရာအေးကြောင်း အလုပ်ဆင်းနေတဲ့ အလုပ်သမားတွေကို သပိတ်သွားတာလို့ အရိုက်ခံရတယ်ပေါ့ ။ သူ့အနေနဲ့ အလုပ်ရှင်အနေနဲ့ပြောမယ်ဆိုရင် တစ်ဦးချင်းအနေနဲ့ပြောမယ်ဆိုရင် အလုပ်သမားတွေ သပိတ်သွားတာတာက မှားတယ်ပေါ့။ အဲဒီလို လုပ်ပိုင်ခွင့်မရှိဘူးပေါ့။ အဲဒီလို ဥစ္စာမျိုးကိုပြောတယ်။ အခုနောက်ဆုံးဘာပြောလဲဆိုရင် ဒီ အယောက် ၃၀ ကို အလုပ်ရှင်ကတော့ ဘယ်နည်းနဲ့မှ ပြန်ခန့်မှာမဟုတ်ဘူး။ ဒါပေမယ့် သူ့အနေနဲ့ အခြားစက်ရုံတွေမှာ ဒီအယောက် ၃၀ အလုပ်ရဖို့အရေး တခြားစက်ရုံတွေမှာ အလုပ်ခန့်ဖို့ အလုပ်ရဖို့ လုပ်ငန်းခွင်တွေထဲမှာ သွင်းပေးမယ်။ ပြီးတော့ ဒီအလုပ်ရှင်ကိုတော့ (ဖုယွင်) Brand တွေနဲ့ ချိတ်ဆက်ပြီးတော့ Brand က ဖိအားပေးပြီးတော့ ဒီစက်ရုံက ဒီအလုပ်သမားတွေကို ပြန်ခန့်ဖို့ပြောမယ်။ နှစ်ချက်ထွက်လာတယ်။ တစ်ချက်က အခြားစက်ရုံတွေမှာ ဒီအလုပ်သမား ၃၀ ကိုပြန်ခန့်ဖို့ပြောပေးမယ်။ နောက်တစ်ချက်က အော်ဒါအပ်သူတွေနဲ့ ချိတ်ဆက်ပြီးတော့ ဒီအလုပ်သမား ၃၀ ကို ပြန်ခန့်ဖို့ ဖိအားပေးမယ်ပေါ့။ နှစ်ချက်သဘောထားပေးလိုက်တယ်” ဟု မသက်ထားဆွေက ရှင်းပြသည်။

ရန်ကုန်တိုင်းအစိုးရရုံးရှေ့တွင် လာရောက်ဆန္ဒပြနေခြင်းသည် တိုင်းအစိုးရဂုဏ်သိက္ခာကျဆင်းသကဲ့သို့ နိုင်ငံအနေဖြင့်လည်း ဂုဏ်သိက္ခာကျဆင်းကြောင်း ၊ သပိတ်စခန်းဖွင့်၍ တောင်းဆိုမှုများသည် အရာမထင်နိုင်ကြောင်း၊ နောင် ၁၀ နှစ်အထိအောင် သပိတ်စခန်းဖွင့်တောင်းဆို၍ ပင် တောင်းဆိုချက်မရနိုင်ကြောင်း ဦးဇော်အေးမောင်က ပြောဆိုကြောင်း သိရှိရသည်။

“ဒီလူတွေအနေနဲ့က ဒီရှေ့လာပြီးတော့ လုပ်တာက( တိုင်းရုံးရှေ့ သပိတ်လာမှောက်) နိုင်ငံအနေနဲ့ ဂုဏ်သိက္ခာကျဆင်းတယ်။ အဲဒီလိုမျိုးတွေ လုပ်နေရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကလည်း လာတော့မှာမဟုတ်တော့ဘူးဆိုပြီးတော့ ပြောဆိုတာရှိတယ်။ ဦးဇော်အေးမောင်ပြောတာက အလုပ်သမားဘက်ကို လိုက်သလိုလိုနဲ့ ပြောသွားတဲ့ဥစ္စာတွေကတော့ ရက်ပေါင်း ၇၀ ကျော်ကြာအောင်ဘဝတွေပေး ဒုက္ခဆင်းရဲတွေ ခံပြီးတော့ ရပ်တည်ခဲ့တဲ့ အလုပ်သမားတွေဘက်က ရပ်တည်ပြီးတော့ ပြောတာမဟုတ်ဘူး။ ဘာထပ်ပြောသေးလဲဆိုတော့ ဒီအယောက် ၃၀ နဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမား ၇ သိန်းလောက်နဲ့ကို ဘယ်ဟာကို သွားပြီးတော့ ဦးစားပေးမလဲတဲ့။ ပြီးတော့လည်း ဖုယွင်စက်ရုံမှာ အလုပ်သမား ၈၀၀ လောက်နဲ့ ဒီ အယောက် ၃၀ နဲ့ အလုပ်သမား ၈၀၀ က မိဘတွေကို ပြန်လည်ပြီးတော့ စားဝတ်နေရေး ပိုက်ဆံပို့ဖို့ သူတို့ရဲ့ဘဝတွေပေါ့။ အဲဒီလိုပြောနေတဲ့အချိန်မှာ ကျမတို့ဘက်ကလည်း ပြန်ပြောချင်တယ်။ လုပ်ငန်းခွင်ထဲမှာ ဝင်နေတဲ့ အယောက် ၈၀၀ မှ ဘဝရှိတာလား။ ဒီအလုပ်သမား ၃၀ လည်း ဘဝရှိသလို၊ အလုပ်သမား ၃၀ နဲ့ ပါဝင်ပြီးတော့ ဒီသပိတ်မှာ ဆင်နွှဲနေတဲ့ အလုပ်သမားတွေမှာလည်း ဘဝရှိတယ်။ ဒီအလုပ်သမားတွေရဲ့ဘဝကိုတော့ ထည့်မတွက်ဘူး။ လုပ်ငန်းခွင်ဝင်နေတဲ့ အလုပ်သမားတွေဘဝနဲ့ နောက်ထပ် မြန်မာတစ်ပြည်လုံး ရှိတဲ့ အလုပ်သမားတွေရဲ့ဘဝတွေဆိုပြီးထည့်ပြောတယ်။ ဒီအလုပ်သမား ၃၀ နဲ့ ဘယ်သူ့ကိုဦးစားပေးမလဲ။ ဒီအယောက် ၃၀ က ဒီလိုလုပ်နေရင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကျဆင်းလာမယ်။ ပြီးတော့ ဒီရှေ့မှာ လာပြီး ဒီလိုနေတာက သူတို့တွေကို ဂုဏ်သိက္ခာကျဆင်းစေတယ်ဆိုပြီးပြောတယ်။ ဒီမှာမနေဖို့ပြန်ဖို့ ပြောတယ်။ အဲဒီသပိတ်စခန်းကို အမြဲတမ်းဖွင့်မထားဖို့ ရက်ပေါင်း ၇၀ မဟုတ်ဘူး၊ ၁၀ နှစ်ပဲ နေပစေ ။ ၁၀ နှစ်ပဲ ဖြစ်စေ ဒီလိုမှိုး သပိတ်စခန်းဖွင့်ပြီးတောင်းဆိုနေပါစေ ဖြစ်လာမှာမဟုတ်ဘူးဆိုပြီးပြောတယ်”ဟု မသက်ထားဆွေက ရှင်းလင်းပြောဆိုသည်။

လက်ရှိတွင် ဖုယွင်အလုပ်သမားသပိတ်သည် ရန်ကုန်တိုင်းအစိုးရရုံးရှေ့တွင် ဆန္ဒပြမှု ဆက်လက်ပြုလုပ်နေပြီး အစိုးရက ပြေလည်အောင် မဖြေရှင်းပေးသမျှကာလပတ်လုံး တိုင်းအစိုးရရုံးရှေ့တွင် သပိတ်စခန်းဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖုယွင် အလုပ်သမားသပိတ်ခေါင်းဆောင်များက ပြောသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်းအစိုးရဝန်ကြီးဦးဇော်အေးမောင်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts