Local News political news

နိုင်ငံရေးမူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးသို့ NCA လက်မှတ်မထိုးထားသော အဖွဲ့ ၅ ဖွဲ့ တက်ရန် ဖိတ်ကြား၊ UWSA က တက်၊ မတက် ညွှန်ကြားချက်မရှိဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၉

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) က နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပရန် ရှိနေသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်း အလုပ်အဖွဲ့အစည်းအဝေးအတွက် အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရှိရသည်။

 

“ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(NDAA) ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ /ကချင်ပြည်လွတ်မြောက်ရေးတပ်မတော်(KIO/KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့မှ ကိုယ်စားလှယ်တစ်ဦးတက်ရောက်နိုင်ပါရန် ဖိတ်ကြားလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ(UPDJC) က နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပရန်ရှိနေသော နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ပွဲနှင့်ပတ်သက်ပြီး UWSA “ဝ” အဖွဲ့က တက်၊ မတက် တစ်စုံတစ်ရာ ညွှန်ကြားချက်မရှိသေးကြောင်း UWSA ၏ ပြင်ပ ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ပြောသည်။

“ဘာညွှန်ကြားချက်မှ မရေးသေးပါ။ အခြားမြောက်ပိုင်းအဖွဲ့တွေ တက်၊ မတက်တော့ သူတို့ကိုပဲ မေးကြည့်ပါ” ဟု ဦးညီရန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

KNU က လက်ရှိအခြေအနေ ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးများ တက်ရောက်ရန် ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး RCSS ကလည်း နေပြည်တော်ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးခဲ့သော ခွဲမထွက်ရနှင့် တစ်ခုတည်းသော တပ်မတော်မူကို သဘောမတူကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားအရေးကျွမ်းကျင်သူ ဦးမောင်မောင်စိုးက လတ်တလော အခြေအနေများအရ KNU နှင့် RCSS သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အရင်းအမြစ်ပြဿနာကို အဖြေရှာရေး သက်ဆိုင်သော သဘောထားများထုတ်ပြန်ထားရာ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်ထိ ကျင်းပမည့် အစည်းအဝေးသို့ တက်ရောက်မည်မထင်ကြောင်း၊ အပစ်ရပ် လက်မှတ်ထိုးထားခြင်းမရှိသော အဖွဲ့ ၅ ဖွဲ့လည်း တက်ရောက်နိုင်ဖွယ် မရှိကြောင်း သုံးသပ်သည်။

“အခြေအနေကတော့ စောင့်ကြည့်ရမယ့် အခြေအနေဖြစ်သွားပြီ။ KNU ကလည်း အစည်းအဝေးတွေ ယာယီ မတက်သေးဘူးလို့ပြောထားတော့ တက်မှာမဟုတ်ဘူး။ RCSS ကလည်း တက်၊ မတက် စောင့်ကြည့်ရမယ်။ အပစ်မရပ်တဲ့အဖွဲ့တွေကလည်း ကိုယ်စားလှယ် လွှတ်ပြီး လေ့လာသူအဖြစ် တက်ရမယ့် အနေအထားဆိုတော့ တက်၊ မတက် စောင့်ကြည့်ရမယ်” ဟု ဦးမောင်မောင်စိုးက ဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com