Local News political news

နိုင်ငံတော်မူဝါဒဆန့်ကျင်ပြီး ရန်ကုန်အစိုးရက အချက်အချာကျနေရာရှိ တပ်စွန့်လွှတ်မြေဧက ၁၀၀၀ နီးပါးကို ပြန်မပေးဘဲ မလှိမ့်တစ်ပတ် လျှော်ကြေးပေးရန် စီစဉ် ၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းခိုင်းစေချက်အရဆိုကာ မူလပိုင်ရှင် လယ်သမားများကို ခြိမ်းခြောက်မှု သမ္မတထံတိုင်ကြားမည်

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ရန်ကုန်တိုင်းဒေသကြီးအစိုးရက မင်္ဂလာဒုံမြို့နယ်တွင် တပ်မတော်က ပြန်လည်စွန့်လွှတ်လိုက်သော အချက်အချာကျ မြေဧက ၁၀၀၀ နီးပါးကို မူလပိုင်ရှင် လယ်သမားများလက်သို့ ပြန်မပေးဘဲ နိုင်ငံတော်၏ မူဝါဒကို ဆန့်ကျင်၍ မလှိမ့်တစ်ပတ်လျှော်ကြေးပေးရန် စီစဉ်ခြင်း၊ တရားဥပဒေအရ အကျုံးမဝင်သော မြေယာလျှော်ကြေးပေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ မူလပိုင်ရှင် လယ်သမားများကို လျှော်ကြေးယူရန် ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်နေကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

တပ်မတော်က ရန်ကုန်မြို့အဝင် မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမကြီးနှင့် ခရေပင်လမ်း လမ်းဆုံ အနီးအနားရှိ စမ်းကြီး၀ ကွင်းနှင့် ထောက်ကြံ့ကွင်းရှိ သိမ်းဆည်းထားသော လယ်ယာမြေဧက ၁၀၀၀ နီးပါးကို ပြန်လည် စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာ မြေယာစိစစ်ရေးအဖွဲ့များကလည်း မြေယာများနှင့်ပတ်သက်၍ မူလပိုင်ရှင် လယ်သမားများ ဟုတ်၊ မဟုတ် အတည်ပြုချက်များ ရရှိထားပြီး စိစစ်မှုမျာလည်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း၊ သို့ရာတွင် ရန်ကုန်တိုင်းအစိုးရက တပ်ကစွန့်လွှတ်လိုက်သော မြေယာများကို မူလပိုင်ရှင်များထံ ပြန်မပေးဘဲ လျှော်ကြေးယူရန် အကြောင်းအမျိုးမျိုးပြ လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့က တိုင်း/ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များက အစည်းအဝေး တစ်ရပ်ခေါ်ယူခဲ့ပြီး ဒေသခံ လယ်သမားများ၊ ရပ်မိရပ်ဖများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့ကြောင်း၊ အစည်းအဝေး ခေါ်ယူသည့်အကြောင်းအရာကို မပြောဆိုဘဲ အစည်းအဝေးရောက်မှ မြေယာလျှော်ကြေးပေးရေးကိစ္စဖြစ်ကြောင်း၊ မြေယာလေ ျှာ်ကြေးပေးရေး အဖွဲ့ ဖွဲ့စည်းပြီးသည်ဖြစ်၍ မူများ ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ တပ်ကစွန့်လွှတ်လိုက်သော မြေများတွင် နိုင်ငံတော်က ဆောင်ရွက်နေသော စီမံကိန်းတစ်ခုမှမရှိဘဲ မြေယာကို ထပ်မံသိမ်းဆည်း လေ ျှာ်ကြေးပေးရန် ကြိုးပမ်းမှုသည် နိုင်ငံတော်၏ မူဝါဒကို ဆန့်ကျင်ခြင်းဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက ဆိုသည်။

“နိုင်ငံတော်၏မူဝါဒမှာ မြေပြန်မပေးနိုင်မှသာ လျော်ကြေးပေးရမည်မြေလွတ်ရှိနေပါက လျော်ကြေးပေး၍မရ၊ မူလမြေကိုသာ ပြန်ပေးရမည်။ မြေသိမ်းတဲ့ဟာတွေမှာ လျှော်ကြေးပေးတယ်ဆိုတာ အစိုးရက လုံး၀ သုံးထားမှ ။ လက်ရှိလည်း ဘယ်လိုမှ ပြန်ပေးနိုင်တဲ့ အခြေအနေ လုံး၀ မရှိတဲ့အခြေအနေမှာမှ ပြည်သူ သန်း ၅၀ ကျော်ရဲ့ အခွန်ငွေနဲ့ နိုင်ငံတော်ရဲ့ လိုအပ်ချက်ကို လေ ျှာ်ပေးလိုက်တာ လယ်သမားကို။ ဒီအတိုင်းကြီးက ကွက်လပ်ကြီးကို အနာဂတ်စီမံကိန်းဆိုပြီး အကြောင်းပြပြီး သိမ်းထားလို့မရဘူးလေ” ဟု ဦးအောင်လှိုင်ဝင်းက ရှင်းပြသည်။

အစည်းအဝေးတွင်လည်း တောင်သူလယ်သမားများကို လျှော်ကြေးယူရန် အမျိုးမျိုး ခြိမ်းခြောက်ပြောဆိုခဲ့ပြီး လက်မှတ်ထိုးရန်လည်း ဖိအားပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လယ်ယာမြေများကို အခြားနည်းလမ်းဖြင့် သုံးစွဲခွင့်မရှိကြောင်း၊ အခြားနည်းလမ်းဖြင့် သုံးစွဲမည်ဆိုပါကလည်း လယ်သမားက ၂၀ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းအစိုးရက ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်ဆိုသော သဘောတူညီချက်ကို လက်ခံမှ ခွင့်ပြုမည်ဆိုသော မမှန်ကန်သည့် နည်းလမ်းများဖြင့်လည်း အာဏာပိုင်များက ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ ၁၇ ရက်နေ့ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းနှင့် လယ်သမားများက တစ်ဖက်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အောက်ခြေအာဏာပိုင်များတစ်ဖက် အချေတင်စကားများမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“မနေ့(အောက်တိုဘာ ၁၇ ရက်နေ့)က ဖွဲ့တဲ့အဖွဲ့ထဲမှာ အဲဒါပါထည့်ပြီး ပြောတယ်။ လက်မှတ်လည်း ထိုးရမယ်ပေါ့။ လက်မှတ်ထိုးပြီးမှ မြေပြန်ပေးရင်လည်း လယ်သာ တစ်သက်လုံးလုပ်ရမယ်ပေါ့။ အဲဒါမှ လယ်မြေလုပ်ခွင့် လက်မှတ်ထုတ်ပေးမယ်ပေ့ါ။ စာနဲ့ကိုရေးပြီး လာတာ။ ကျနော်က ပြောတယ်။ ခင်ဗျား အဲဒါက ပုံစံမကျဘူးလို့ ပြောလိုက်တယ်။ ဒါ လယ်သမားကို ခြိမ်းခြောက်တာ။ ကျနော်တိုင်မှာ လက်မှတ်ထိုးခိုင်းရင်။ လယ်ယာမြေလုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ သူတို့ကပြောတာကတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လုပ်ခိုင်းတယ်ဆိုတာမျိုး ၅ ကြိမ်လောက်ပြောနေတယ်။ မနေ့က အစည်းအဝေးမှာ တိုင်းအုပ်ချုုပ်ရေးမှူးက ။ ဦးဖြိုးမင်းသိန်းက တည်ငြိမ်ရေးနဲ့ လုံခြုံရေးကောင်စီကို တင်ထားတယ်တဲ့။ ရန်ကုန်တိုင်းမှာ ဘယ်သူ့ကိုမှ လယ်ယာမြေကို တခြားနည်းသုံးစွဲခွင့်မပေးဘူးပေါ့။ လယ်ယာမြေကို။ အဲဒီတော့ ကျနော်ကပြောတယ်။ ခင်ဗျားတို့ကိုရော ကျနော်တို့က တခြားနည်းသုံးစွဲခွင့်တောင်းနေတာလား။ လယ်ပြန်ပေးပါလို့တောင်းနေတာ။ မဆိုင်တဲ့ ကိစ္စတွေ လာပြောမနေနဲ့လို့ ပြောလိုက်တယ်” ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။

ဆက်လက်၍ “အဲဒါနဲ့ လယ်သမားကို တစ်သက်လုံး အခြားနည်းသုံးစွဲခွင့်ပေါ့။ လယ်မြေကို အခြားနည်းသုံးစွဲခွင့်ဆိုတာဗျာ ရှင်းရှင်းပြောရင် အရောင်းအဝယ်လုပ်တဲ့အခါကျရင် ပိုက်ဆံပိုရတယ်ပေါ့။ အဲဒါကို ရန်ကုန်တိုင်းအစိုးရက လယ်မြေကို အခြားနည်းသုံးစွဲခွင့် မပေးပါဘူးဆိုတဲ့ ဟာကို တစ်သက်လုံး မပေးပါဘူးဆိုတဲ့ဟာကို လက်မှတ်ထိုးရမယ်လို့ပြောတော့ ခင်ဗျားတို့ကရော တစ်သက်လုံးမြဲမှာ မို့လို့လား ကျနော်က ပြောတယ်။ ခင်ဗျားတို့ တစ်သက်လုံးဆိုတဲ့ စကားက ဘယ်နှစ်ခုနှစ်အထိ အကျုံးဝင်တာလဲ။ သူတို့က အစိုးရ ဘယ်လောက်ပဲပြောင်းသွားသွား အဲဒါကြီးက ရန်ကုန်တိုင်းမှာ မှတ်တမ်းတင်ထားမယ်တဲ့။ ကျနော်က ဆက်မေးတယ်။ ခင်ဗျားတို့က ဘယ်ဥပဒေမှာ ပါလို့ ခင်ဗျားတို့က တောင်သူကို လက်မှတ်ထိုးခိုင်းတာလဲ။ ဒါ ခြိမ်းခြောက်မှုပဲ။ နောက်တစ်ခုကကျတော့ လက်မှတ်ထိုးခိုင်းတာတစ်ခုပါတယ်။ တကယ်လို့ လယ်မြေကို အခြားနည်းသုံးစွဲခွင့် လိုချင်ရင် ၂၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း ယူမယ်ဆိုရင် ပေးမယ်ပေါ့။ ဆိုလိုတာက လယ်မြေကို အခြားနည်းုသုံးစွဲခွင့် လိုချင်ရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ၈၀ ရာခိုင်နှုန်းပေးရမယ်။ တောင်သူလယ်သမားက ၂၀ ရာခိုင်နှုန်းပဲယူရမယ်။ အဲဒီလိုဆိုရင်တော့ အခြားနည်း သုံးစွဲခွင့်ပြုမယ်ပေါ့။ ခင်ဗျားတို့ အပိုတွေ လာပြောမနေနဲ့ အဲဒါလည်း တရားဥပဒေအရ ဘောင်မဝင်ဘူး။ နိုင်ငံတော်မူဝါဒက မြေပြန်ပေးဆိုတဲ့ မူပဲရှိတယ်။ ၂၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းတွေမရှိဘူး။ အဲဒီကျတော့ တော်တော်လေး စကားများကြရင်းနဲ့ ဒီလို ကန့်ကွက်တယ်ဆိုတဲ့ဟာကို ပြန်လည်တင်ပြပေးမယ်ဆိုတာနဲ့ ပြီးသွားတာပေါ့” ဟု ဦးအောင်လှိုင်ဝင်းက ရှင်းပြသည်။

ယင်းကဲ့သို့နိုင်ငံတော်မူဝါဒကို ဆန့်ကျင်၍ မြေယာပြန်မပေးဘဲ လျှော်ကြေးပေးရန် စီစဉ်နေမှုကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက ဆိုသည်။

မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝကွင်းနှင့် ထောက်ကြံ့ကွင်းတွင် သိမ်းဆည်းခံလယ်မြေပိုင်ရှင် အရေအတွက် ၇၃ ဦး ရှိနေပြီး ရန်ကုန်တိုင်းအတွင်းတွင် သိမ်းဆည်းခံလယ်ယာမြေပေးအပ်ပွဲ အခမ်းအနားများ တစ်ခုမှ မပြုလုပ်နိုင်သေးကြောင်း ၊ အခြားပြည်နယ်/နယ်တိုင်းများတွင် သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည်ပေးအပ်ပွဲများ အကြိမ်ကြိမ် ကျင်းပနေကြောင်း သိရှိရသည်။

 

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts