All News Local News

ဒေါ်အောင်ဆန်းစုကြည် လက်ရှိ နေထိုင်နေသည့် ခြံအမှတ် ၅၄ ကို လေလံပစ်၍ တစ်ဝက်စီခွဲဝေရန် အစ်ကိုဖြစ်သူဦးအောင်ဆန်းဦး အထူးအယူခံတက်

ရန်ကုန်၊ အောက်တိုဘာ ၁၈

ဒေါ်အောင်ဆန်းစုကြည် လက်ရှိ နေထိုင်နေသည့် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်နှင့်ခြံဝင်းကို လေလံပစ်ပြီး ရရှိသည့်ငွေကြေးကို တစ်ယောက်တစ်ဝက်စီ ခွဲဝေယူရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အောက်တိုဘာလ ၁၇ ရက်နေ့က အထူးအယူခံလျှောက်ထားကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့အကြား နေအိမ်အမွေမှုမှာ စစ်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် ကတည်းက စတင်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းတရားလွှတ်တော်က နှစ်ပုံတစ်ပုံစီခွဲဝေပေးပြီးဖြစ်ကြောင်း၊ သို့ရာတွင် နှစ်ထပ်အိမ်မကြီးပါဝင်သည့် အခြမ်းကို ဒေါ်အောင်ဆန်းစုကြည်က ရရှိပြီး ဦးအောင်ဆန်းဦးက ပြိုနေသည့် တစ်ထပ်တိုက် ရရှိသည့်အခြမ်းကိုသာ ရရှိသည့်အတွက် ခြံဝင်းတစ်ခုလုံးကို လေလံပစ်ပြီး ရရှိသည့်ငွေကြေးကို တစ်ယောက်တစ်ဝက် ခွဲဝေယူရန် လျှောက်ထားခြင်းဖြစ်ကြောင်း ဦးအောင်ဆန်းဦး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအေးလွင်က မီဒီယာများသို့ ပြောသည်။

“မှန်ကန်တဲ့ ဥပဒေအတိုင်းဆုံးဖြတ်မယ်ဆိုရင်တော့ တစ်ယောက်တစ်ဝက်ဆိုတာ အရင်ကတည်းက Supreme Court ပေါ်မှာပဲ နှစ်ပါးထိုင်က ဆုံးဖြတ်ပြီးသားအတိုင်း ဖြစ်သွားဖို့ အရေးကြီးတာပဲ။ ဒါရိုက်ကတော့ သိပ်မပြောချင်ဘူး။ဒါပေမယ့် မီဒီယာလည်း သိလာတော့ ကောင်းတာပေါ့။ အခုဟာ ပစ္စည်းခွဲလို့ကတော့ ညှိလို့က မလွယ်ဘူးလေ။ အိမ်ပါလား၊ မပါလား အဲဒါတွေ ကျနော်က မလိုချင်ဘူး။ ကျနော်ကတော့ လေလံပစ်ပြီးတော့ ရတဲ့တန်ဖိုးကို တစ်ယောက်တစ်ဝက်ခွဲမယ်။အဲဒါက အရှင်းဆုံးပဲ။ အဲဒါကို ကျနော်က တောင်းဆိုတာ။ အဲဒါလည်း ဘာမှ မတရားတောင်းဆိုတာမှမဟုတ်တာ။ ရှင်းရှင်းလေးပဲ။ ဟုတ်တယ်မလား။ လေလံပစ်ပြီးတော့ ဘယ်သူက ဘယ်အခြမ်းပါတယ် ဘာမှမဆိုင်တော့ဘူး။ တန်ဖိုးကိုပဲ Tax တွေဘာတွေပေးပြီး တစ်ယောက်တစ်ဝက်ရရင်ပြီးတာပဲ။ ဆုံးဖြတ်ချက်က နှစ်လ၊ ၃ လလောက် စောင့်ပြီးကြည့်ရမယ်။ ဒီအမှုက မှန်ကန်သွားရင်တော့ ပြဿနာမရှိဘူးထင်တာပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက မီဒီယာများသို့ပြောသည်။

ဦးအောင်ဆန်းဦး၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအေးလွင်က “ရန်ကုန်တိုင်းက ၂ ပုံ ၁ ပုံခွဲတယ်။ ပနာမ ဒီအတိုင်းပဲ ခွဲပြီးတဲ့ အပိုင်းကျတော့ ကျနော်တို့ ဘက်အခြမ်းက ပြိုနေတဲ့ တစ်ထပ်တိုက် အဆောက်အဦ မြေသားထက်ဝက်၊ ဟိုဘက်အခြမ်းကျတော့ အလျောက်ထားခံရသူ အကိုကြီးရဲ့ ညမ ကိုကျတော့ ၂ ထပ် အိမ်မကြီးကို ပါထားတဲ့ အတွက် ကျနော်တို့က အဲဒီအတွက် တက်လာတာ ။ အဓိက လေလံပစ်ပေးပါ။ လေလံနဲ့ တရားမျှတစွာ ခွဲပေးပါ။ ဒါပါပဲ” ဟု ဆိုသည်။

အမွေဆိုင် နေအိမ်အမှု အထူးအယူခံကို ဦးအောင်ဆန်းဦးနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ရှေ့နေများဖြင့် နှစ်ဖက်အပြိုင်အဆိုင်လျှောက်လှဲကြမည်ဖြစ်ပြီး တရားရေးဆိုင်ရာ အထူးအယူခံအဖွဲ့က ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရှိရသည်။

Photo Credit – www.pinterest.ca

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com