All News interview

” ဒေါ်အောင်ဆန်းစုကြည်က လက်နဲ့ရေးတာကို ဦးဖြိုးမင်းသိန်းက ခြေထောက်နဲ့ ဖျက်ပြလိုက်တာ”

အထက်မြန်မာနိုင်ငံရှေ့နေကွန်ရက် ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်ဦးနှင့်တွေ့ဆုံခြင်း

By သာလွန်ဇောင်းထက်( ရန်ကုန်ခေတ်သစ်)

မေး။ ။ ရန်ကုန်တိုင်းအစိုးရက Eleven သတင်းသမား ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု တရားစွဲထားတဲ့အပေါ် တရားလွှတ်တော်ရှေ့နေတစ်ဦးအနေနဲ့ ဘယ်လိုသုံးသပ်လို့ရလဲ။

ဖြေ။ ။ ဒါအာဏာရှင်လမ်းကြောင်းလိုက်တာ၊ အာဃာတနဲ့လုပ်တာ။ ဒါက ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် စာနယ်ဇင်းကောင်စီတို့ မီဒီယာဥပဒေတို့ ရှိရဲ့သားနဲ့ အဲဒါနဲ့ အရေးယူရင် ဖြစ်ရဲ့သားနဲ့ အာမခံမရတဲ့ အမှုနဲ့ တရားစွဲတာဟာ အာဃာတအငြိုးနဲ့ သူတို့ကို ဝေဖန်တယ်ဆိုပြီး လုပ်တဲ့သဘော။ နောက်ပြီးတော့ဒီဟာက လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ဖျက်သိမ်းလိုက်တာဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးကော ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်တွေကို ဖျက်သိမ်းတာဖြစ်တဲ့အပြင် သူက ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၆ ရက် NHK နဲ့ တွေ့ဆုံစဉ်အခါတုန်းက မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ရနေတယ်ဆိုတဲ့အချက်ကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် လက်နဲ့ရေးတာ၊ ပြောတဲ့စကားကို ခြေနဲ့ ဖျက်လိုက်တာဖြစ်တယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က စာနယ်ဇင်းလွတ်လပ်ခွင့်ရှိပါတယ်လို့ပြောနေတာကို ရန်ကုန်တိုင်းအစိုးရက ဖျက်သလိုဖြစ်နေတယ်လို့ ပြောချင်တာလား။

ဖြေ။ ။ ဟုတ်တယ် ဒေါ်အောင်ဆန်းစုကြည်က လက်နဲ့ရေးတာကို ဦးဖြိုးမင်းသိန်းက ခြေထောက်နဲ့ ဖျက်ပြလိုက်တာ။ အဲလိုသာ ပြောရမှာ။ ပြီးတော့ ဒီလုပ်ရပ်ဟာ အခုလို တိုင်းပြည်မှာ ပြဿနာတွေ အများကြီးဖြစ်နေတဲ့အချိန် ရိုက်တာသတင်းဌာန ကိစ္စတွေ၊ ရခိုင်ကိစ္စတွေဖြစ်ပြီးတော့ နိုင်ငံတကာက တိုက်ခိုက်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရပုံရိပ်ကို ပြည်တွင်းပြည်ပမှာ ဆိုးဆိုးဝါးဝါး ထိခိုက်အောင် လုပ်လိုက်တာဖြစ်တယ်။ ဒါမို့လို့ ဒီသတင်းသမားတွေကို သမ္မတကြီးက ဝင်ပါပြီးတော့ FOE (Freedom of Expression )အတွက် ခြွင်းချက်မရှိ လွတ်ပေးရမယ်။

မေး။ ။ ရန်ကုန်တိုင်းအစိုးရဘက်က အမှုကို နောက်ပြန်မဆုတ်ဘဲ ဆက်ပြီး တရားစွဲထားမယ်ဆိုရင်ရော ဘယ်လိုသုံးသပ်လို့ရလဲ။

ဖြေ။ ။ ကျနော်တို့က ဘယ်လိုဖြစ်မလဲဆိုတာက ဒီဘက်လူတွေက တိုက်ပွဲပုံစံ ရွေးချယ်သွားပြီ။ သူက မစေ့စပ် မညှိနှိုင်းဘူး အပြတ်ချမယ်ဆိုတော့ ဒီဘက်ကလည်း တိုက်ကြရမှာပဲ။ ကျေနာ်တို့က ကာကွယ်မယ်။ ဒီအချိန်မှာဒါကို ငုံ့ခံလိုက်ရင် စာနယ်ဇင်းလောကတစ်ခုလုံးကို ဖိနှိပ်လာတော့မှာ။ ဖိနှိပ်လာတော့မှာဖြစ်တယ်တဲ့အတွက် တရားဥပဒေဘောင်ထဲက အကုန်လုံး ခုခံကာကွယ်ကြရလိမ့်မယ်။ ဒါ နောက်ပြီးတော့ သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဒီကိစ္စတွေ ထိန်းသိမ်းပေးဖို့ ပြောရလိမ့်မယ်။ ဒါကြီးက အလွန်ဆိုးသွမ်းတဲ့အခြေအနေဖြစ်နေပြီ။

မေး။ ။ ရန်ကုန်တိုင်းလွှတ်တော်မှာ အမတ်တွေက တိုင်းအစိုးရကို ဝေဖန်နေတာကို ဘာမှ မလုပ်နိုင်လို့ မီဒီယာကို ရမ်းတာလား။ အဲလိုဖြစ်နေတယ်လို့ ဝေဖန်တာတွေရှိနေလို့ပါ။

ဖြေ။ ။ အဲလိုပြောရမှာပဲ။ စကားပုံရှိတယ်လေ။ ကြွက်မနိုင် ကျီနဲ့ မီးရှို့။ စာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာ ထုတ်တယ်။ အဲဒီအစီရင်ခံစာကို မှီပြီးတော့ ဒီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးလှဌေးတို့၊ ဦးတင်ဝင်းတို့၊ ဒေါ်စန္ဒာမင်းတို့၊ ဦးကျော်ဇေယျတို့က ပြောတယ်။ အဲဒါတွေကို ပြန်ပြီးတော့ မရှင်းနိုင်တဲ့အခါကျတော့ ရမ်းချီးပန်းတယ်ပေါ့။ မီဒီယာကို လာမဲတာပေါ့။ အနိုင်ကျင့်တဲ့သဘောပေါ့။ဒီအချိန်မှာ အပျော်ဆုံးက ဖမ်းပေးရတဲ့အဖွဲ့အစည်းတွေပဲ။ ဖမ်းပေးရတဲ့အဖွဲ့အစည်းက ဘယ်သူ့ကို လိုလားတယ်။ ဘယ်သူ့အောက်မှာဆိုတာ သိပ်ပြီး ရှည်ရှည်ဝေးဝေးပြောစရာမလိုဘူး။အားလုံးသိပြီးသားပဲ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အစိုးရလည်း သိက္ခာကျ သူတို့လူတွေလည်း လော်ဘီလုပ်ထားပြီးသားဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ မိုက်မိုက်မဲမဲလုပ်တာပေါ့။ ရွေးကောက်ပွဲကလည်း လာဦးမှာ။ နိုဝင်ဘာလမှာ ။ ၂၀၂၀ ကလည်း နီးလာနေပြီ။ တစ်ဖက်က ကိုယ့်ကိုကိုယ် အကြီးအကျယ် အရှိန်မြှင့်ပြီး တိုက်ခိုက်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပုံရိပ်ကို ကိုယ့်ဟာကို ခြေထောက်နဲ့ နင်းဖျက်နေတာ။ အတော်ကို နိုင်ငံရေးသမားနဲ့မတူတဲ့ လုပ်ရပ်ပါပဲ။ အတော်မိုက်မဲတဲ့ စိတ်ခံစားချက်ကို ငါ့ကို ပြောရမလားကွ၊ ငါက အကောင်အကြီးကြီးပဲဆိုတဲ့ မာနတွေ အစွယ်တွေ ထုတ်ပြတာ။ ရေရှည်ကို မျက်တောင်မွှေးတစ်ဆုံးမကြည့်ဘူးလို့ ပြောရမှာပဲ။ ဒီအခြေအနေက ဦးသိန်းစိန်ထက်ဆိုးသွားပြီ။

မေး။ ။ ရန်ကုန်တိုင်းအစိုးရက ဆောင်းပါးကို အကဲဆတ်နေတာ ဘာကြောင့်လို့ထင်လဲ။

ဖြေ။ ။ ရှေ့နေဆိုတာ ထင်မြင်ချက်ကို ပေးလို့မရဘူး။ ကျွမ်းကျင်မှု သက်သေကိုပဲ ပေးတာဆိုတော့ ကျနော်က ခန့်မှန်း ပြောဖို့ခက်တယ်။ ပြောနိုငတာတစ်ခုက အခုဖြစ်သွားတဲ့ကိစ္စ စာရင်းစစ်ချုပ် အစီရင်ခံစာ ထွက်တယ်၊ ဖြစ်ပေါ်လာတဲ့ကိစ္စတွေမှာ လွှတ်တော်မှာ ဖြစ်နေတာ တစ်ခုလုံးကို ခြုံကြည့်လိုက်ရှိရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို လုံး၀ ဂရုမစိုက်ဘူး။ ကွပ်ကဲမှု Check and Balance လုံး၀ လက်မခံဘူး။ ဖွဲ့စည်းပုံခံအခြေခံဥပဒေ ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ တည်ဆဲအခြေခံဥပဒေအတိုင်း လုပ်ရမှာဖြစ်ပေမယ့် အခြေခံဥပဒေကို မလိုက်နာဘဲနဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ သူတို့လုပ်ချင်ရာလုပ်တာတွေ့ရတယ်။ ဒါဟာ ပေါ့သေးသေး အချက်မဟုတ်ဘူး။ သိပ်ကို အရေးကြီးတယ်။ တိုင်းပြည်ရဲ့ Check and Balance ကို ပြိုကျ ပျက်စီးစေနိုင်တယ်။ ပါတီတွင်း ညီညွတ်ရေးကို ပြိုကွဲသွားနိုင်တဲ့ လုပ်ရပ်မျိုးဖြစ်တယ်။ ဒီလိုလုပ်ရပ်မျိုးသည် အန္တရာယ်ကြီးတဲ့လုပ်ရပ်ဖြစ်တယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတစ်ရပ်လုံး အတွက် လွှတ်တော်ကိုယ်စားလှယ်အားလုံးအတွက် အင်မတန်အရေးကြီးတဲ့ ခေါင်းလောင်းထိုးသံဖြစ်တယ်။ ဒီကိစ္စကို လေးလေးနက်နက် အရေးတကြီးထားပြီးတော့ တစ်ပါတီလုံး လွှတ်တော်တစ်ရပ်လုံး ကိုင်တွယ်ရမယ်လို့ ကျနော်ယူဆတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts