All News interview

“ဒီတရားစွဲတဲ့ကိစ္စက တိုင်းဒေသကြီးအစိုးရရဲ့ လုပ်ပိုင်ခွင့်အထဲမှာ လုပ်သွားတာဖြစ်လို့ NLD ပါတီရဲ့ သဘောထားမဟုတ်ဘူး”

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေး ကော်မတီက ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းနှင့်ဆက်သွယ်မေးမြန်းချက်

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ရန်ကုန်တိုင်းအစိုးရက YBS အတွက် ဧရာဝတီဘဏ်မှ ငွေကျပ် ၈ ဘီလီယံ၊ ကျောင်းကား အစီး ၂၀၀ အတွက် ငွေကျပ် ၅ ဒသမ ၅ ဘီလီယံ ကမ္ဘောဇဘဏ်မှ ချေးယူခဲ့ပြီး ယင်းချေးယူမှုသည် လွှတ်တော်၏ ခွင့်ပြုချက်မယူဘဲ ချေးငှားခြင်းဖြစ်သည့်အတွက် ပြည်သူ့ဘဏ္ဍာငွေနှင့်ပြန်မဆပ်နိုင်ဟု ဆိုခဲ့သည်။ယင်းသို့ပြောဆိုပြီးနောက် ရန်ကုန်တိုင်းအစိုးရဘတ်ဂျက်များအပါအဝင် အသုံးစရိတ်များ၊ ရှယ်များကို ဝေဖန်ရေးသားသော Eleven သတင်းသမား ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲလိုက်ရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေး ကော်မတီက ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းနှင့်ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဆရာမရေ Eleven သတင်းသမားတွေကို ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲထားတာဟာ အမှုမမြောက်ဘူးလို့ အခြားမီဒီယာတွေမှာ ဖြေထားတာတွေ့ပါတယ်။ အဲဒါလေး အသေးစိတ်ပြန်ပြောပေးပါလား။

ဖြေ။ ။ ကျမပြောချင်တာက ဒီဟာသည် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ဆွေးနွေးထားတဲ့အပေါ်မှာ ပြန်ပြီးတော့ ဝေဖန်ဆွေးနွေးတာပဲဖြစ်တယ်။ အချက်အလက်က မှန်ကန်တယ်။ ဒီမှန်ကန်တဲ့ အချက်အလက်အပေါ်မှာ ဝေဖန်မယ်၊ သုံးသပ်မယ်၊ ဆွေးနွေးမယ်။ ဒါသည် နိုင်ငံတော်ကို အကြည်ညိုပျက်စေဖို့ ရည်ရွယ်ပြီးတော့ လုပ်တာမဟုတ်ဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ဒီအချက်အလက်တွေက ကျမတို့ လွှတ်တော်ထဲမှာ တရားဝင်ေ်ဆွးနွေးထားတဲ့ အချက်အလက်တွေအပေါ်မှာ မူတည်ပြီးတော့ သူတို့က သုံးသပ်ဆွေးနွေးတာလို့မြင်ပါတယ်။ ဒါကြောင့်မို့လို့လဲ နိုင်ငံတော်အကြည်ညိုပျက်စေအောင် ရေးတာမဟုတ်ဘူးလို့ ပြောတာပါ။ သတင်းအရင်းအမြစ်ခိုင်မာမှုမရှိဘဲနဲ့ အကြားနဲ့ပဲဖြစ်ဖြစ် မိမိရဲ့ စိတ်အခြေအနေနဲ့ ပဲဖြစ်ဖြစ် ရေးတာမျိုးတွေဆိုရင်တော့နိုင်ငံတော်ကို အကြည်ညိုပျက်စေအောင် တမင်သက်သက်ဖန်တီး ရေးတာလို့ပြောလို့ရပါတယ်။ ဒါပေမယ့် အခုဟာက လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမကပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ၂၇ ဦးတောင် လွှတ်တော်ထဲမှာ ဆွေးနွေးကြတာပါ။ ဒီဆွေးနွေးကြတဲ့အပေါ်မှာ မီဒီယာသမားတစ်ဦးအနေနဲ့ သတင်းရေးသူတစ်ဦးအနေနဲ့ ပြန်လည်ပြီးတော့ ဝေဖန်ဆွေးနွေးရေးတာဖြစ်တဲ့အတွက် ၅၀၅ (ခ) ပုဒ်မ မမြောက်ပါဘူး။

မေး။ ။ ဘာကြောင့် ရန်ကုန်တိုင်းအစိုးရက ဒီလို လုပ်တယ်လို့ မြင်လဲ။

ဖြေ။ ။ ဒါကတော့ ဘာကြောင့်လုပ်တယ်လို့ ကျမမသိဘူး။ ကျမတို့လည်း မျှော်လင့်ခဲ့ပါတယ်။ ကျမတို့ ဝေဖန်တာ ဆွေးနွေးတာက စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာပေါ်မှာ ဝေဖန်တယ်ဆွေးနွေးတယ်။ မြေပြင်ပေါ်မှာ ဖြစ်ပျက်နေတဲ့ ဟာတွေကိုလည်း ပေါင်းစပ်ထည့်သွင်းပြီးတော့ ဆွေးနွေးကြတယ်။ ဒါတွေ အားလုံးမှာ ကျမတိုရဲ့ မေ ျှာ်လင့်ချက်က တိုင်းဒေသကြီးအစိုးရက ပြန်လည်ရှင်းလင်းပေးမယ်လို့ မေ ျှာ်လင့်ခဲ့တယ်။ ဒါကြောင့်လည်း စာရင်းစစ်ချုပ်ရုံးက နောက်ဆုံးပိတ်နေ့မှာ စာရင်းစစ်ချုပ်ကြီး ပြန်ရှင်းတဲ့နေ့မှာ မေ ျှာ်လင့်ခဲ့တယ်။ ကျမတို့ကို တရားဝင် ဘာမှ ပြန်မရှင်းခဲ့ဘူး။ ၁ ရက်ကျော်တဲ့အချိန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်တယ်လို့ပြောတယ်။ ကျမတို့ကို မဖိတ်ခဲ့တဲ့အတွက် ကျမတို့မသိခဲ့ပါဘူး။ တရားဝင်သာ လွှတ်တော်ထဲမှာ ရှင်းလင်းခဲ့မယ်ဆိုရင် ဒါဟာ ကျမတို့ တချို့ကိစ္စတွေဟာ အထင်လွဲနေတာလား၊ မှားနေတာလား၊ မှန်နေတာလား ဆိုတဲ့ဟာကို အားလုံးက ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေ သိသွားသလို မီဒီယာတွေလည်း သိသွားကြမှာပဲ။

မေး။ ။ တကယ့်အခြေအနေမှန်ကို သိနေတယ်ဆိုရင် တစ်ဖက်မှာ နစ်နာနေတဲ့ မီဒီယာတွေအတွက် ဘယ်လို ကူညီဆောင်ရွက်ဖို့ရှိလဲ။

ဖြေ။ ။ အခု မီဒီယာတွေ မေးသမျှဖြေနေတာက အမှန်ဘက်က ရပ်တည်ပေးနေတာ။ တစ်နေကုန်ကို လက်ခံပြီးဖြေပေးနေတာက အမှန်ဘက်က ရပ်တည်ပေးနေတာပါ။ နောက်တစ်ခုက NLD ပါတီရဲ့ သဘောထားမဟုတ်ဘူး။ ဒီတရားစွဲတဲ့ကိစ္စက တိုင်းဒေသကြီးအစိုးရရဲ့ လုပ်ပိုင်ခွင့်အထဲမှာ လုပ်သွားတာဖြစ်လို့ NLD ပါတီရဲ့ သဘောထားမဟုတ်ဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts