All News China Watch Local News

တရုတ်နှင့်ရုရှကန့်ကွက်သော်လည်း ကုလလုံခြံရေးကောင်စီတွင် ရခိုင်အရေးဆွေးနွေး၊ လူမျိုးတုန်းသတ်ဖြတ်မှုများ ဖြစ်ပွားနေဆဲဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၅

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အောက်တိုဘာလ ၂၄ ရက်နေ့က မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ မပြုလုပ်ရန် တရုတ်နိုင်ငံ၊ ရုရှတို့က ကန့်ကွက်ခဲ့ပေမယ့်လည်း မအောင်မြင်ဘဲ ရခိုင်အရေး ဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဆက်လက်ကျူးလွန်ဖြစ်ပွားနေဆဲလို့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးဥက္ကဋ္ဌ Marzuki Darusmanက ပြောဆိုလိုက်သည်။

“ရက်စက်ကြမ်းတမ်းတဲ့ လုပ်ရပ်တွေကဒီနေ့အထိဖြစ်ပွားနေဆဲပါပဲ။ လူမျိုးတုန်းသတ်ဖြတ်မှုတွေကလည်း ဒီနေ့အချိန်အထိ ဖြစ်ပွားနေဆဲပါပဲ” ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး မစတင်ခင် Marzuki Darusman သတင်းထောက်တွေကို ပြောဆိုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ရခိုင်အရေး မဆွေးနွေးရန် တရုတ်၊ ရုရှားနှင့် ဘိုလီးဗီးယားတို့က ကန့်ကွက်ခဲ့သော်လည်း အဖွဲ့ဝင် ၁၅ နိုင်ငံတွင် ရခိုင်အရေး ဆွေးနွေးရန် ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၃ မဲဖြင့် ရခိုင်အရေး ဆွေးနွေးရန် အဆိုပြုချက်က အောင်မြင်သွားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် Marzuki Darusman က မြန်မာစစ်တပ်ကို အရေးယူရန် တိုက်တွန်းပြီး မြန်မာစစ်တပ်သည် လူ့ဘဝအသက်၊ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် နိုင်ငံတကာ သပဒေများကို အလေးမထားကြောင်း ပြောဆိုသည်။

“လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး ဒါမှမဟုတ် အခြား နိုင်ငံတကာ တရားရုံးတခုခုကို လွဲှပြောင်းရေး ဆောင်ရွက်သင့်ပါတယ်။ ဒါအပြင် နိုင်ငံတကာဥပဒေတွေအောက်မှာ ကျူးလွန်ခဲ့တဲ့ ပြင်းထန်လှတဲ့ ပြစ်မှုတွေမှာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေကို တဦးချင်းစီ ပစ်မှတ်ထားပြီးလုံခြုံရေးကောင်စီကိုယ်တိုင်ရော၊ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံချင်းစီကပါ ဒဏ်ခတ်အရေးယူသင့်ပါတယ်။” ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဟောက်ဒိုဆွမ်းကမူ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ဥက္ကဌ၏ ရှင်းလင်းပြောကြားချက် အပေါ် တုံ့ပြန်ရာတွင် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးဟောက်ဒိုဆွမ်းက FFM ၏ ရိုးသားစစ်မှန်မှုသည် မေးခွန်းထုတ်စရာဖြစ်နေပြီး၊ စုံစမ်းစစ်ဆေးမှု နည်းလမ်းသည်လည်း အားနည်းချက်များစွာရှိကြောင်း၊ ရခိုင်ပြည်နယ်၏ လက်ရှိလူသားချင်း စာနာမှုအရေးကိစ္စသည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် အာဆာ အကြမ်းဖက်အုပ်စုက ရဲကင်းစခန်း (၃၀)နှင့် နယ်မြေခံ တပ်ရင်း ဌာနချုပ်တို့ကို ကြိုတင်အကွက်ချ စီစဉ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်းကို အစိုးရအနေဖြင့် အကြိမ်ကြိမ် ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ အာဆာ အကြမ်းဖက်များက လုံခြုံရေးတပ်ဖွဲ့များအပြင် ဟိန္ဒူရွာသားများ၊ အခြား လူမျိုးစုများနှင့် အစိုးရကို ထောက်ခံသည့် မွတ်စလင်များ အပါအဝင် အပြစ်မဲ့ပြည်သူ ရာနှင့်ချီ၍ သတ်ဖြတ်ခဲ့သည့် အတွက် ထောင်နှင့်ချီသော အပြစ်မဲ့ပြည်သူများမှာ ရခိုင်ပြည်နယ်ရှိ အခြား ဒေသများသို့ ထွက်ပြေးခဲ့ရကြောင်း၊ အလားတူ မွတ်စလင်ထောင်ပေါင်းများစွာသည်လည်း တစ်ဖက်အိမ်နီးချင်း နိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း၊ ယင်း ပဋိပက္ခသည် မွတ်စလင် အသိုက်အဝန်းတစ်ခု တည်း ကိုသာ ထိခိုက်ခြင်း မဟုတ်သည်ကို သဘောပေါက် ကြရန်လိုအပ်ကြောင်း၊ လူ့အခွင့်အရေး ဆိုပါက အသိုက်အဝန်းနှစ်ခုလုံး၏ လူ့အခွင့်အရေးကို ကြည့်ရန် လိုအပ်ကြောင်း၊ ထို့ပြင် FFM အနေဖြင့် အာဆာ၏ ရက်စက် ကြမ်းကြုတ်မှုများအား ပေါ်ပေါ်တင်တင် ထည့်သွင်း မစဉ်းစား သည်မှာ အံ့သြမိပါကြောင်း၊ မွတ်စလင် အကြမ်းဖက်သမားများကို အကာအကွယ် ပေးသည့် သဘောပင်ဆောင်နေကြောင်း တုံ့ပြန်ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts