All News Local News

တပ်မတော်၏ မူ ၆ ချက်နှင့် စိတ်နေစိတ်ထား မပြောင်းလဲလျှင် တမာတွေချိုပါမှ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မလားဟု ဗိုလ်ချုပ်ကြီးဆေထင်ပြော

ရန်ကုန်၊ အောက်တိုဘာ ၂၆

တပ်မတော်က ကိုင်စွဲထားသော ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်နှင့် စိတ်နေစိတ်ထား မပြောင်းလဲလျှင် မြန်မာ့ငြိမ်းချမ်းရေးသည် တမာတွေချိုပါမှ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မလားဟု စဉ်းစားစရာ ဖြစ်လာကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဆေထင်က ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ယနေ့ ကျင်းပသော ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နှစ် ၃၀ ပြည့်အခမ်းအနားတွင် ဗိုလ်ချုပ်ကြီးဆေထင်က အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

“တပ်မတော်မှ ကိုင်စွဲထားတဲ့ မူ ၆ ချက်ကိုလည်း မပြောင်းလဲနိုင်လျှင် တပ်မတော်ရဲ့ စိတ်နေစိတ်ထား(Mind Set) တွေကိုလည်း မပြောင်းလဲနိုင်လျှင် ကျနော်တို့ တည်ဆောက်နေတဲ့ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဟာ အဆိုတော်တွေ သီဆိုနေတဲ့ ခါးတမာချိုနေမှ ဆိုတဲ့သီချင်းထဲကလို တမာတွေချိုပါမှ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မလား ဆိုတာ စဉ်းစားစရာတွေဖြစ်နေပါတယ်” လို့ ဗိုလ်ချုပ်ကြီးဆေထင်က ပြောပါတယ်။

တပ်မတော်၏ ငြိမ်းချမ်းရေး မူ ၆ချက်မှာ ၁။ ထာဝရငြိမ်းချမ်းရေး ရယူရန်အတွက် အမှန် တကယ် ဆန္ဒရှိရန်၂။ သဘောတူစာချုပ်များ အတိုင်း ကတိတည်ရန်၊ ၃။ ငြိမ်းချမ်းရေး သဘော တူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ၄။ ဒေသခံပြည်သူများအပေါ် ဝန်ထုတ် ဝန်ပိုး မဖြစ် စေရန်၊ ၅။ နိင်ငံတော်မှ ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် ၆။ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှု တွင် လိုက်ပါလုပ်ဆောင်ရန် တို့ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဆေထင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံနှင့် အစားထိုးရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်လျှင် ပြည်တွင်းစစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်မဟုတ်ကြောင်း၊ ၂၁ ရာစုပင်လုံညီလာခံနှင့် နေပြည်တော်ထိပ်သီးဆွေးနွေးပွဲသည် အဖြေရလဒ်မထွက်လာကြောင်း ပြောဆိုသည်။

“နိုင်ငံရေးဆွေးနွေးရာတွင် တိုင်းရင်းသားလူမျိုးစုတွေ လိုလားတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အတည်ပြုပြဋ္ဌာန်းမယ်ဆိုရင် ပြည်ထောင်စုမှ ခွဲမထွက်ရဆိုတဲ့အချက်ကိုလည်း ပြဋ္ဌာန်းရမယ်လို့ တပ်မတော်ဘက်က အဆိုပြုထားပါတယ်။ ဒီအချက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ သဘောမတူနိုင်တဲ့အချက်ဖြစ်ပါတယ်။ လုံခြုံရေးဆွေးနွေးရာမှာလည်း တိုင်းပြည်တစ်ပြည်မှာ တပ်မတော်တစ်ခုတည်းရှိရမယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အခုလို အရပ်သားအစိုးရအုပ်ချုပ်မှုအောက်မှာ မရှိသေးတဲ့ တပ်မတော်အောက်မှာ တပ်မတော်တစ်ခုတည်းဖွဲ့စည်းဖို့ မဖြစ်နိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အတိအလင်းထုတ်ဖော်ပြောထားပြီးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးဆေထင်က ဆိုသည်။

အစိုးရကမူ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ၂၁ ရာစုပင်လုံညီလာခံမှ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံမူများ ချမှတ်မည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts