All News Local News

စစ်အစိုးရလက်ထက် မတရားသိမ်းဆည်းထားသော မြေဧက ၅၄၅၉ ဧက ကို ပြန်မပေးဘဲ တပ်မတော်ဦးပိုင်ကုမ္ပဏီက ကျောက်မီးသွေး တူးမည်

ရန်ကုန်၊ အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်အတွင်းတွင် စစ်အစိုးရက လက်ထက်က သိမ်းယူခဲ့သော မြေဧက ၅၄၅၉ ဧကကို ပြန်မပေးဘဲ တပ်မတော်ဦးပိုင်ကုမ္ပဏီက ကျောက်မီးသွေးတူးဖော်ရေး လုပ်ကိုင်မည်ဖြစ်ရာ မတရားသိမ်းဆည်းထားသော မြေများ ပြန်လည် မပေးမှုကို ကန့်ကွက်မည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျေးသီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြေလွှဲလျှောက်ထားချက် အပေါ် သတ်မှတ်ရက် ၁၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းသင့်ကြောင်း အသိပေးကြေညာချက် တစ်စောင်ဒေသခံများထံ ပေးပို့ခဲ့သည်။

“ကျနော်တို့ဒီမြေနေရာကို မှီဝဲနေထိုင်လာနေခဲ့ကြတာ သားစဉ်မြေးဆက်ကပါ။ အရပ်သားအစိုးရအနေနဲ့ ဒီနေရာတွေကို မသိမ်းယူသင့်ဘူး” ဟု ဒေသခံ ရပ်ရွာခေါင်းဆောင် စိုင်းအောင်ထွန်းက ပြောသည်။

အဆိုပါ မြေဧက ၅၄၃၉ ဧက ကို စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က အဓမ္မမြေသိမ်းယူမှုအတွက် ဒေသခံ ပြည်သူ ၃ သိန်းကျော် အတင်းအကျပ် ပြောင်းရွှေ့ စေခဲ့ကြောင်း သိရှိရသည်။ ၂၀၀၉ ခုနှစ်တွင် ယင်း ၅၄၃၉ ဧက တွင် ကျောက်မီးသွေးတူးဖော်ရေးအတွက် ခြေမြန်တပ်ရင်း ၁၃၁ က လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး ဒေသခံ ၅၅ ဦးကို လယ်တစ်ဧက ၂၄၀၀၀ ကျပ်ပေး၍ အဓမ္မမြေသိမ်းယူကြောင်း ဒေသခံများက ဆိုသည်။

ကျောက်မီးသွေးတူးဖော်မည့်နေရာသည် ဒေသခံ ၁၈၀၀၀ ကျော် မှီခိုအားထားနေရသော နမ့်ဟင်းမြစ်ချောင်းအနီးတွင် တည်ရှိနေသည်။

၂၀၁၅ ခုနှစ်တွင် စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီက သိမ်းယူထားသော မြေဧက ၅၄၃၉ ဧကအတွင်း ကျောက်မီးသွေးတူးဖော်ခွင့်လိုင်စင်များ အခြားကုမ္ဗဏီများဖြစ်သည့် ကမ္ဘောဇ ဖွံ့ဖြိုးရေး ကုမ္ပဏီ၊ စိုးလွင်အောင် ကုမ္ပဏီ ၊ စိန်နဂါး ကုမ္ပဏီ ၊ ယုဝေယံ ကုမ္ပဏီ နှင့် ငွေရည်ပုလဲ ကုမ္ပဏီတို့ကို ချထားပေးခဲ့သည်။

ကျောက်မီးသွေးတူးဖော်ခွင့် ခွင့်ပြုချက်တစ်စောင်လျှင် ငွေကျပ် သိန်း ၁၀၀၀ ဖြင့် ခွင့်ပြုခြင်းဖြစ်ပြီး အကျိုးအမြတ် ၁၇ ရာခိုင်နှုန်းကို ဦးပိုင်ကုမ္ပဏီက ရရှိမည်ဖြစ်ကြောင်း၊ အဆိုပါ မိုင်းကောင်မှတူးဖော်ထုတ်ခဲ့သောကျောက်မီးသွေးကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟိုပုံး အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)သို့ တစ်နေ့လျှင် ကျောက်မီးသွေးတန် (၁၅၀၀) ပို့ဆောင်ရမည်ဟု သိရှိရသည်။

 

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts