All News Local News

ကရင်ပြည်နယ်မှာ ဒေါ်လာ သန်း ၇၀၀ ကျော်ရင်းနှီးမြှုပ်နှံမယ် တန် ၁၀၀၀၀ ကျ ဘိလပ်မြေစက်ရုံ ခွင့်ပြုထားခြင်းမရှိသေးဟု KNU စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောဂျော်နီပြော

ရန်ကုန်၊ အောက်တိုဘာ ၂၉

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရှမ်းရွာသစ်မြို့၊ ရင်းဘိုင်ကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာအနီမှာ အမေရိကန်ဒေါ်လာ သန်း ၇၆၀ ခန့် ကုန်ကျမယ့် ၁ ရက် တန် ၁၀၀၀၀ ကျ ၂ လိုင်းပါဝင်မယ့် ဘိလပ်မြေစက်ရုံစီမံကိန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) အေနနဲ့ ခွင့်ပြုထားတာမရှိသေးဘူးလို့ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ပြောပါတယ်။

“ဘာမှ ခွင့်ပြုထားတာမရှိသေးပါဘူး။ အဲကိစ္စက” လို့ ဗိုလ်ချုပ်ကြီးစောဂျော်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

ဦးစိုင်းမျိုးဝင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ ရတနာစိုင်းကောင်းထက်ကျော် ကုမ္မဏီက ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ ကြိုးပမ်းနေပြီး ကရင်ပြည်နယ်အစိုးရဲ့ ထောက်ခံချက်ရရှိထားပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ခွင့်ပြုချက်ရရှိဖို့ စောင့်ဆိုင်းနေတာလည်းဖြစ်ပါတယ်။

ဒီဘိလပ်မြေစက်ရုံစီမံကိန်းဟာ BGF နဲ့ KNU ထိန်းချုပ်ချုပ်နယ်မြေထဲမှာ ရှိနေတဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။ ဒီဘိလပ်မြေစက်ရုံဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး ဘိလပ်မြေစက်ရုံဖြစ်လာမှာဖြစ်ပြီး တစ်နေ့ကို ဘိလပ်မြေတန် ၁၀၀၀၀ ကျ ၂ လိုင်း စနစ်တည်ဆောက်မှဖြစ်တယ်လို့ ကုမ္ဗဏီဘက်က ဆိုပါတယ်။ တစ်လိုင်းကို ဒေါ်လာ သန်း ၃၈၀ ခန့် ရှိပြီး ၂ လိုင်းကျဖြစ်တာမို့ ဒေါ်လာ သန်း ၇၆၀ ခန့်ကုန်ကျမှာလို့ သိရပါတယ်။ ဒေသခံ လူဦးရေ ၅၀၀၀ ခန့်ကို အလုပ်အကိုင်အခွင့်အလမ်း ပေးထားနိုင်မယ်လို့ဆိုတဲ့အပြင် လျှပ်စစ်ဓာတ်အား ၁၅ မဂ္ဂါဝပ် ထွက်မည့်စက်ရုံကိုလည်း ပူးတွဲ ထည့်သွင်းတည်ဆောက်မယ်လို့ ကုမ္ဗဏီဘက် သတင်းထုတ်ပြန်ထားပါတယ်။

ကုမ္ဗဏီရဲ့ ထုတ်ပြန်ချက်မှာတော့ စက်ရုံကို နှစ် ၇၀ ( ၅၀+၁၀+၁၀) သက်တမ်း သတ်မှတ်ထားပြီး နိုင်ငံတကာအဆင့်မီ စံနှုန်းတွေ၊ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံးနောက်ဆုံး စက်ကိရယာတွေ တပ်ဆင်မယ်လို့ ဆိုပြီး စက်ရုံအတွက် စက်ပစ္စည်းတွေကို ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အမေရိကန် ပစ္စည်းတွေ သုံးမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဘယ်သူမှ မသုံးဖူးသေးတဲ့ နည်းပညာတွေ သုံးမှာဖြစ်တယ်လို့ ကုမ္ဗဏီဘက်က ဆိုပါတယ်။ စက်ရုံအတွက်သိပ်အရေးမကြီးတဲ့ ပစ္စည်းတွေကတော့ တရုတ်ပစ္စည်းတွေ သုံးမယ်လို့လည်း ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အတော်နည်းမယ်လို့ ကုမ္ဗဏီက ဆိုပြီး စက်ရုံကို လာမယ့် ၂၀၁၉ ခုနှစ်မှာ တည်ဆောက်မှာဖြစ်ပြီး စက်ရုံတည်ဆောက်ကာလ ၁၈ လ ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။

စက်ရုံကိုတည်ဆောက်မယ့် ဦးစိုင်းမျိုးဝင်းဟာ ယခင် စစ်အစိုးရလက်ထက်မှာ ကျောက်စိမ်းတူးဖော်ရေး အပါအဝင် စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်ပိုင်ဆိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး NLD အစိုးရလက်ထက်မှာလည်း NLD ပါတီနဲ့ အစိုးရကို လှူဒါန်းမှုတွေ မြောက်မြားစွာ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေရှာဖွေပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတူ ရုပ်တုကို ဒေါ်လာ ၈၀၀၀၀ ပေးလေလံစွဲ ဝယ်ယူခဲ့ပါသေးတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com