All News Business

SME လုပ်ငန်းတစ်ခုလျှင် ငွေကျပ်သိန်း ၅၀၀၀ ထုတ်ချေးမည်၊ ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် ဘီလီယံ ၁၅၀ ကျော် ထုတ်ချေးမည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၅

အစိုးရမြန်မာ့စီးပွားရေးဘဏ်က ဂျပန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ(JICA) ၏ ချေးငွေရယူ၍ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ငွေကျပ် ဘီလီယံ ၁၅၀ ဒသမ ၆၈၅ ထုတ်ချေးမည်ဖြစ်ပြီး SME တစ်ခုလျှင် အများဆုံးငွေကျပ် သိန်း ၅၀၀၀ အထိ ချေးယူနိုင်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာသည်။

အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဘဏ္ဍာငွေပံ့ပိုးကူညီရန် JICA မှ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ(ODA) ချေးငွေရယူ၍ SME နှစ်ဆင့်ချေးငွေ စီမံကိန်း အဆင့် ၁ (Phase 1 ) နှင့် အဆင့် ၂ (Phase 2) ဖြင့် ငွေထုတ်ချေးမည်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်သည် စီမံကိန်း စီမံခန့်ခွဲသူအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

JICA က ဆောင်ရွက်မည့် ချေးငွေ ထုတ်ချေးမည့် အစီအစဉ်တွင် SME လုပ်ငန်းတစ်ခုသို့ ထုတ်ချေးနိုင်သည့် ငွေပမာဏမှာ အများဆုံးငွေကျပ် သိန်း ၅၀၀၀ ( သန်း ၅၀၀) ဖြစ်ပြီး အတိုးနှုန်းမှာ ၁ နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ချေးငွေသက်တမ်းသည် ၁နှစ်အထက်မှ ၅ နှစ်အထိ ဖြစ်ကြောင်း သိရှိရသည်။

ချေးငွေ ရယူရန် အကျူံးဝင်သော လုပ်ငန်းများမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ လုပ်သားအခြေပြုလုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်း၊ လက်ကားရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားတို့ဖြစ်သည်။

အကျုံးမဝင်သော လုပ်ငန်းများမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီမှုရှိသော လယ်သမားများ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့်အာမခံလုပ်ငန်း၊ အဖိုးတန် သတ္တူရောင်းဝယ်ရေးလုပ်ငန်းများ၊ အရက်ဆိုင်များနှင့်ပျော်ပွဲစားရုံလုပ်ငန်း၊ ဖြေဖျော်မှု၊ တင်ဆက်မှု(နိုင်ငံခြားခရီးသွားလုပ်ငန်းမပါ) လုပ်ငန်း ၊ လက်နက်ခဲယမ်းထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများဖြစ်ပြီး ယင်းလုပ်ငန်းများကို ငွေထုတ်မချေးဟု သိရှိရသည်။

စီမံကိန်း အဆင့် ၁ တွင် ချေးငွေ လျှောက်ထားနိုင်သည့် ဘဏ် ၆ ဘဏ်ရှိပြီး ယင်းဘဏ် ၆ ဘဏ်က စိစစ်ငွေထုတ်ချေးမည်ဖြစ်ကြောင်း၊ အဆိုပါ ဘဏ်များမှာ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသများဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ သမဝါယမ ဘဏ်၊ တို့ဖြစ်သည်။

စီမံကိန်း အဆင့် ၂ တွင် ချေးငွေ ဂျပန်ယန်း ၁၄၉ ၄၉ ယန်း ရယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမ ဘဏ်၊ ဧရာဝတီဘဏ်၊ ပထမပုဂ္ဂလိက ဘဏ်နှင့်ယူနိုက်တက်အမရဘဏ်တို့က ငွေရေးကြေးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်း ဘဏ်များအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာလတွင် မြန်မာကျပ်ငွေ ၃၆ ဘီလီယံ ထုတ်ချေးမည်ဖြစ်ရာ အဆိုပါဘဏ်များမှတစ်ဆင့် လျှောက်ထားရယူနိုင်ကြောင်း သိရှိရသည်။

“SME ချေးငွေဆိုပေမယ့် တကယ်ရသင့်ရထိုက်တဲ့သူတွေ လက်ထဲရဖို့လိုတယ်။ SME မှာ ကန့်သတ်ချက် လုပ်ထုံးလုပ်နည်းတွေလည်း ရှိနေတော့ တကယ့်ကို ငွေလိုနေတဲ့ SME တွေမှာ စာရွက်စာတမ်း၊ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်လို့ အငြင်းခံလိုက်ရတာတွေ လည်းရှိနေတယ်။ နောက်တစ်ခုကတော့ မှန်ကန်တဲ့ SME တွေဆီမရောက်ဘဲ အချင်းချင်းပြန်ပြီး ငွေလှည့်တာမျိုးတွေ မဖြစ်ဖို့လည်း လိုတယ်။ မြန်မာ့စီးပွားရေးဘဏ်က ကြီးကြပ်တယ်ဆိုပေမယ့် ထိရောက်မှုအပိုင်း ပိုအားစိုက်သင့်တယ်။ အဲလိုမဟုတ်ရင် ပေးကားပေး၏ မရဆိုတာမျိုးတွေ အရင်ခေတ်တွေကလည်းဖြစ်တယ်။ အခုလည်းဖြစ်နိုငတယ်” ဟု ပြည်တွင်းရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

 

Photo Credit- GNLM

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts