All News China Watch interview

“NLD အစိုးရကိုယ်တိုင်က တရုတ်နဲ့ ပိုပြီး ဆက်ဆံရေးကောင်းနေတာကို တွေ့ရတယ်”

တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းနှင့်တွေ့ဆုံခြင်း အပိုင်း ၁

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

တကောင်းနိုင်ငံရေးအဖွဲ့သည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်၊ တရုတ်နိုင်ငံ၏ အနေအထား၊ တပ်မတော်ကို စဉ်ဆက်မပြတ်လေ့လာနေပြီး နိုင်ငံရေးဖြစ်စဉ်များကို စနစ်တကျ လေ့လာ သုတေသနပြုလျက်ရှိသည်။ မကြာသေးမီက ထုတ်ပြန်လိုက်တော့ အစီရင်ခံစာတွင် တရုတ်နိုင်ငံနှင့် မြန်မာ့တပ်မတော် နီးစပ်လာခြင်းကို မီးမောင်းထိုးပြလိုက်ခြင်းဖြင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းကို လှုပ်နှိုးလိုက်သည်။ တကောင်းနိုင်ငံရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ တကောင်းကနေပြီးတော့ ထုတ်တဲ့ စာတမ်းစစ်ဘက်ဆိုင်ရာ သံခင်းတမန်ခင်းနှင့် နိုင်ငံတကာဆက်ဆံရေးအရွေ့ စာတမ်းမှာ အနှစ်ချုပ်အားဖြင့် မြန်မာစစ်တပ်အနေနဲ့တရုတ်နိုင်ငံကို ပိုပြီးတော့ နီးကပ်လာတယ်ဆိုပြီး သုံးသပ်တာတွေ့တယ်။ အဲဒါကို ရှင်းပြပေးလို့ရမလား။

ဖြေ။ ။ ကျနော်တို့အမြင်ကတော့ တချို့ပညာရှင်တွေလည်း သုံးသပ်ကြတယ်။ တပ်မတော်ရဲ့ နောက်ပိုင်းခေါင်းဆောင်တွေက အထူးသဖြင့်၂၀၀၀ ခုနှစ်ကျော် ကာလတွေမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ကြီးစိုးလာမှုကို ပြဿနာရှိတယ်လို့ ယူဆလို့ရတယ်။ အထူးသဖြင့် သူတို့ဆီလက်နက်တွေ ဝယ်တဲ့အခါမှာလည်း အရည်အသွေးညံ့တဲ့လက်နက်တွေနဲ့ သူတို့ သိပ်ပြီးတော့ သဘောမကျသလိုဖြစ်တယ်။ ၂၀၀၀ ပြည့်နှစ်ကျော်ကျော် နောက်ပိုင်းကာလတွေမှာ တပ်မတော်က နိုင်ငံတကာမှာ တခြားသော သူနဲ့ဆက်ဆံဖက်တွေကို ပိုပြီးတော့ ရှာလာတယ်။ ဖြန့်ကျက်လာတာတွေ့ရတယ်။ အနောက်နိုင်ငံတွေနဲ့ဆက်ဆံလို့မရတော့ ရုရှတို့ဘာတို့ဆက်ဆံလာတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် အဲဒီမှာကတည်းက အစပျိုးလာတာတွေ့ရတယ်။ သို့သော်ငြားလည်း တရုတ်က အဓိက ကျတဲ့ အိမ်နီးချင်းဖြစ်တဲ့အခါကျတော့ ဆက်တော့ ဆက်ဆံနေရတယ်။ သူ့အပေါ် အရမ်းမမှီခိုအောင် စပြီးတော့ ဟန်ချက်ညှိလာတာတွေ့ရတယ်။ အသွင်ကူးပြောင်းမှု နောက်ပိုင်းမှာကျတော့ နိုင်ငံရေးမှာဆိုရင်လည်း ဦးသိန်းစိန်အစိုးရကနေပြီးတော့ မြစ်ဆုံနဲ့ပတ်သက်ပြီး ဆိုင်းငံ့လိုက်တယ်။ ပြီးတော့ တပ်ကလည်း အထူးသဖြင့် ၂၀၁၁ နောက်ပိုင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာ နိုင်ငံတကာဆက်ဆံရေးကို ပိုပြီးဖြန့်ကျက်လာတာကိုတွေ့ရတယ်။ တိုင်းပြည်ကလည်း ပွင့်လာတဲ့အချိန် သူတို့အနေနဲ့ နိုင်ငံတကာဆက်ဆံရေးကို ပိုပြီးဖြန့်ကျက်နိုင်အောင် ကြိုးစားလာတာတွေ့ရတယ်။ တရုတ်အပေါ်မှာ လုံး၀ မမှီခိုအောင်နဲ့ တခြားသော ဆက်ဆံရေးဆက်ဆံဖက်တွေကို ပိုရှာလာနိုင်တယ်။ ရှာလာနိုင်တဲ့အခါမှာ တွေ့ရတဲ့ အဓိက သူရဲ့ အဓိက ကျတဲ့ မဟာမိတ်တွေလို့ပြောရတဲ့ ရုရှ ပုံမှန်ဆက်ဆံ တယ်။ ပြီးတော့ အိမ်နီးချင်းထဲမှာ အင်အားကြီးဖြစ်တဲ့ အိန္ဒိယနဲ့ အတော်လေး ဆက်ဆံရေး ကောင်းလာတာကို တွေ့ရတယ်။ ပြီးတော့ အရှေ့တောင်အာရှနိုင်ငံတွေကို ပိုပြီး အားပြုလာတာတေ့ွရတယ်။ အဲဒါအပြင်ကို ဆက်ဆံရေးမှာ အရှေ့ဥရောပ ယူကရိန်းလိုနိုင်ငံမျိုး၊ ဆားဗီးယားလို နိုင်ငံမျိုး၊ ဘယ်လာရုလို နိုင်ငံမျိုး သွားတာ တွေ့ရတယ်။ ဒီဘက်မှာလည်း အစ္စရေးနဲ့ ဆက်ဆံရေး တော်တော်လေး ကောင်းလာတာကို တွေ့ရတယ်။ ဥရောပနဲ့ လုံးဝဆက်ဆံလို့မရပေမယ့်လည်း ဥရောပနဲ့ အနောက်နိုင်ငံနဲ့ အမေရိကားနဲ့ ဆက်ဆံလို့မရသေးပေမယ့်လည်း တရုတ်အပြင် ပြီးတော့ အဓိက မဟာမိတ်လို့ အရင်တုန်းက သတ်မှတ်ထားတဲ့ဟာတွေအပြင်ကို ထပ်တိုးတွေပါ ကောင်းကောင်းမွန်မွန် ဆက်ဆံရေးကောင်းထူထောင်လာနိုင်တာကိုတွေ့ရတယ်။ ၂၀၁၂ ၊ ၂၀၁၃ နောက်ပိုင်းမှာ ပိုပြီးတော့ ကောင်းလာတဲ့အခြေအနေက ၂၀၁၄၊ ၂၀၁၅ ပေါ့။ အဲဒီအခြေအနေမှာ အခြားဆက်ဆံဖက်တွေကိုပါ Diversify ဖြန့်ကျက်လာတယ်။ ဖြန့်ကျက်လာပြီးတော့ ၂၀၁၆ မှာ ပိုပြီးအင်အားကောင်းလာတယ်။အင်အားကောင်းလာပြီးတော့ ဥရောပသမဂ္ဂဘက်ကလည်း မြန်မာနိုင်ငံအပေါ်မှာ မြန်မာ့တပ်မတော်အပေါ်မှာ ပိုပြီးတော့ လမ်းဖွင့်ပေးလာတယ်။ ၂၀၁၆ မှာပဲ ဗိုလ်ချုပ်မျူးကြီးမင်းအောင်လှိုင်ကနေပြီးတော့ ဥရောပသမဂ္ဂ စစ်ကော်မတီမှာ သွားပြီးတော့ Presentation လုပ်ပေးရတယ်။ ဖိတ်တယ်။ Presentation လုပ်တယ်။ တိုင်းပြည်ရဲ့အပြောင်းအလဲအတွက် တပ်မတော်ရဲ့အခန်းကဏ္ဍကို ရှင်းပြတယ်။ တစ်ဆက်တည်းမှာပဲ အီတလီတို့ ဘာတို့ ကို သွားလည်တယ်။ အစည်းအဝေးက ဘယ်လ်ဂျီယံမှာ လုပ်တယ်။ တခြားနိုင်ငံတွေက စစ်ဦးစီးချုပ်တွေနဲ့ တွေ့ပြီးတော့ သူတို့နိုင်ငံတွေ လာဖို့ ဖိတ်ခေါ်တာတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ ၂၀၁၇ ဧပြီမှာ ဂျာမနီကို သွားလည်တယ်။

ပြီးတော့ သြစတြီးယားကို ဝင်တယ်။ ဝင်တဲ့အခါမှာ သြစတြီးယားကလည်း သူ့ကို ထပ်ဖိတ်လိုက်တယ်။ ထပ်လာဖို့ ထပ်ဖိတ်ပါတယ်။ အဲဒီအချိန်မှာ ဥရောပ လမ်းကလည်း တော်တော်လေး ပွင့်လာတယ်။ ပွင့်လာတဲ့အခါမှာ တရုတ်ကိုတော့ လုံး၀ အပြီးသတ် ငြင်းလို့မရသေးပေမယ့်လည်း တရုတ်အပေါ်မှာ Over Reliance အမြဲတမ်း အရမ်းမှီခိုနေရတဲ့ အဆင့်ကနေ တခြားသော ဆက်ဆံဖက်တွေနဲ့ ဟန်ချက်ညီလာတာတွေ့ရတယ်။ အဲဒီကမှတစ်ဆင့် ရုရှနဲ့လည်း ပုံမှန်ဆက်ဆံတယ်။ ရုရှကိုလည်း သူသွားတယ်။ ဂျာမနီတို့ သြစတြီးယားတို့ကိုလည်း သွားခွင့်ကြုံတယ်။

တစ်ဖက်မှာလည်း အမေရိကနဲ့ ဆက်ဆံရေး အတော်လေး ကောင်းလာတာ သတင်းတွေ သုံးသပ်ချက်တွေကြားလာရတယ်။ အမေရိကမှာ အဲဒီအချိန်တုန်းက APCSS လို့ ခေါ်တဲ့ အာရှပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာမှု စင်တာမှာဆိုရင် မြန်မာ့တပ်မတော်က အရာရှိတွေ သွားပြီးတော့ လေ့ကျင့်တာမျိုးတွေ၊ သင်တန်းတက်တာမျိုးတွေဖြစ်လာတယ်။ တော်တော်လေးကောင်းလာတာတွေ့ရတယ်။ ၂၀၁၆-၂၀၁၇ ကို မြန်မာ့တပ်မတော်ရဲ့ နိုင်ငံတကာဆက်ဆံရေး ခေတ်ဆန်းချိန်လို့တောင် ပြောကြတယ်ပေါ့။ ရခိုင်ကိစ္စဖြစ်ပြီးတဲ့အချိန်။ ၂၀၁၆ အောက်တိုဘာမှာ ဖြစ်တယ်။ သို့သော်ငြားလည်း အဲလောက် ဖိအားမရှိဘူး။ ၂၀၁၇ သြဂုတ် ၂၅ ဖြစ်ပြီးတဲ့အချိန်မှာတော့ အနောက်နိုင်ငံတွေရဲ့ ဖိအားက အရမ်းများလာတယ်။ များလာတဲ့အချိန်မှာ အနောက်နိုင်ငံတွေက ဆက်ဆံရေးဖြတ်တောက်ဖို့ ဗြိတိန်ဆိုရင် ရှိနေတဲ့သင်တန်းသား ၃ ဦးကို ချက်ချင်းရပ်ဆိုင်ပြီး ပြန်လွှတ်တာမျိုးတွေလုပ်လာတယ်။ အမေရိကန်မှာလည်း ဖိအားတွေ များလာတယ်။ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးက တော်တော်လေး ပြန်အေးခဲသွားတယ်။ အေးခဲသွားတဲ့အချိန်မှာ ၂၀၁၇ နောက်ဆုံးနှစ်ပိုင်းမှာပဲ တရုတ်ပြည်ရဲ့ ၁၉ ကြိမ်မြောက် ကွန်ဂရက်ပြီးတဲ့အချိန်မှာ တရုတ်ကို ပြန်သွားတာတွေ့ရတယ်။ အဲဒီပြန်သွားတာက သာမန်ထက်ပိုတယ်လို့မြင်တယ်။ဘာလို့ မြင်လဲဆိုတော့ ၁၉ ကြိမ်မြောက် ကွန်ဂရက် ပြီးတဲ့နောက်ပိုင်းမှာ တရုတ်သမ္မတ ပထမဆုံးတွေ့တဲ့ ပြည်ပ တပ်မတော်ခေါင်းဆောင်ဖြစ်နေတယ်။ ဒုတိယတစ်ချက်က လျှိုမြှောင်သုံးသွယ်ရေကာတာကြီးကို သွားကြည့်တယ်။ သွားကြည့်တာကလည်း အဲဒီရေကာတာကို သွားကြည့်တဲ့ ပထမဆုံး ပြည်ပ တပ်မတော်ခေါင်းဆောင်ဖြစ်တယ်။ အဲဒီတော့ အဲဒီမှာလည်း ရှီကျင်ဖျင်နဲ့ဆွေးနွေးတယ်။ ဆွေးနွေးကြတဲ့အခါမှာ ဒီရခိုင်ကိစ္စကိုလည်း အထူးအလေးပေး ဆွေးနွေးတယ်။ တရုတ်သမ္မတကလည်း သူတို့အနေနဲ့ ထောက်ခံတဲ့အကြောင်း ဒီဘက်ကလည်း ထောက်ခံတာကို ကျေးဇူးတင်တဲ့အကြောင်း ပြီးတော့ ဘာပါထပ်ပြောလို့လည်းဆိုတော့ ရခိုင်ကိစ္စမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ အကြံပေးထားတဲ့အတိုင်း တချို့ဟာတွေ ဆောင်ရွက်နေတယ် ဆိုတဲ့ Message ကိုပါ ထည့်ပေးတာကိုတွေ့ရတယ်။ ဆိုတော့ အဲဒီနောက်ပိုင်းမှာ ၂၀၁၇ သြဂုတ် ၂၅ နောက်ပိုင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထူးသဖြင့် နိုင်ငံ ၄ နိုင်ငံကိုပဲ သွားတာတွေ့ရတယ်။ ထိုင်းကိုလေးကြိမ်သွားတယ်။ တရုတ်ကို ၁ ကြိမ်သွားတယ်။ နီပေါကို ၁ ကြိမ်၊ စင်ကာပူကို ၂ ကြိမ်သွားတယ်ပေါ့။ သွားတဲ့နေရာမှာ ထိုင်းကိုသွားတဲ့ ၄ ကြိမ်မှာ ၃ ကြိမ်က အစည်းအဝေးတက်တာနဲ့ ပြပွဲတက်တာ။ စင်ကာပူ ၂ကြိမ်တုန်းက အစည်းအဝေးနဲ့ပြပွဲသွားတက်တာ။ နိုင်ငံခြား ချစ်ကြည်ရေး ခရီးဆိုလို့ တရုတ်ရယ်၊ နီပေါရယ်၊ ထိုင်းရယ်ပဲရှိတယ်။ ထိုင်းက တစ်ကြိမ်က ချစ်ကြည်ရေးအနေနဲ့ သွားတာ။ အဓိက အဲဒီအချိန်မှာ သွားတဲ့အနေအထားဆိုရင်တရုတ်ကိုပဲ သွားတာမြင်မိတယ်။ ထိုင်းကတော့ အရင်ကတည်းက ဆက်ဆံရေး ကောင်းတော်တော်လေးရှိတဲ့နိုင်ငံ။ တရုတ်ကိုပဲ အဓိကသွားတာမြင်မိတော့ သူအနေနဲ့ ၂၀၁၇ သြဂုတ် ၂၅ နောက်ပိုင်းမှာ တရုတ်နဲ့ပြန်ပြီးတော့ နီးစပ်လာနိုင်တဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့။

မေး။ ။ ဆိုလိုတာက ရခိုင်ကိစ္စမှာ တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး နိုင်ငံတကာက ပြောဆို စွပ်စွဲနေတာကြောင့် မြန်မာစစ်တပ်က တရုတ်နဲ့ နီးကပ်သွားတယ်လို့ သုံးသပ်လို့ရတဲ့သဘောလား။

ဖြေ။ ။ အဲလို ရခိုင်ပြဿနာ ဖြစ်သွားတယ်။ ဖြစ်သွားတဲ့အချိန်မှာ နိုင်ငံတကာ ဖိအားတွေ ဝင်လာတယ်။ ဒီအခြေအနေကြောင့် တရုတ်ဘက်ကို နီးစပ်လာတာလားလို့ ကျနော်တို့ မှန်းဆကြည့်မိတယ်ပေါ့။ ယူဆလာတာပေါ့။

မေး။ ။ စစ်အစိုးရခေတ်တုန်းကလည်း တပ်မတော်က တရုတ်နဲ့ နီးခဲ့တယ်။ NLD ခေတ်မှာလည်း အခြေအနေတွေကြောင့် တရုတ်နဲ့ တပ်မတော် နီးစပ်သွားတာက ဘယ်လိုသက်ရောက်မှုရှိမလဲ။ ဒီမိုကရေစီအပြောင်းအလဲ၊ တပ်မတော်က အရပ်သားလက်အောက်ကို သွားရမယ့် အပြောင်းအလဲလိုမျိုးတွေအတွက် ဘယ်လိုသက်ရောက်မလဲ။

ဖြေ။ ။ တစ်ချက်ကတော့ ကျနော်တို့ကြားတာက တပ်မတော်က အရင်ကတည်းက တရုတ်နဲ့တော်တော်လေး နီးစပ်တဲ့ နိုင်ငံပဲ။ ၁၉၈၈ နောက်ပိုင်းမှာ ကျနော်တို့နိုင်ငံကို တပ်မတော်အစိုးရကို အဓိက ကျောထောက်နောက်ခံလုပ်ပေးထားတာက တရုတ်လို့တောင်ကျနော်တို့ ပြောလို့ရတယ်။ တရုတ်နဲ့ အတော်လေး နီးစပ်တဲ့ နိုင်ငံဖြစ်တယ်။ ဒါပေမယ့် NLD အစိုးရတက်တဲ့အချိန်မှာလည်း NLD အစိုးရကလည်း တစ်ပြိုင်နက်တည်း ဖိအားခံရတယ်။ ခံရတဲ့အခြေအနေဆိုရင် တပ်မတော်တင် ခံရတာမဟုတ်ဘူး၊ NLD အစိုးရလည်း ခံရတယ်။ NLD အစိုးရကိုယ်တိုင်က တရုတ်နဲ့ ပိုပြီး ဆက်ဆံရေးကောင်းနေတာကို တေ့ွရတယ်။ ဒါပေမယ့် အခုအခြေအနေမှာ တပ်မတော်က တရုတ်ဘက်ကို ပြန်ပြီးယိမ်းမလားဆိုတဲ့ ခန့်မှန်းယူဆတာမျိုးတွေဖြစ်လာတာပေါ့။ ဖြစ်လာတဲ့အချိန်မှာ ပထမဆုံးတစ်ချက်က ရခိုင်ကိစ္စလည်း အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း တရုတ်ရဲ့ ပါဝင်မှုက တော်တော်လေးကြီးတယ်လို့ကျနော်တို့မြင်တယ်။ တော်တော်လေးကို ပါဝင်ဆောင်ရွက်မှုတွေက တော်တော်လေးများလာတယ်။ ပြီးခဲ့တဲ့ ပင်လုံမှာဆိုရင် မြောက်ပိုင်းကိုယ်စားလှယ်အဖွဲ့တွေကို သူတို့ကိုယ်တိုင်ခေါ်လာတယ်။ Horizon Lake View ဟိုတယ်မှာထားတယ်။ တရုတ်က ကိုယ်စားလှယ်တွေ အများကြီးတွေ့ရတယ်။ ပြင်ပနိုင်ငံတစ်ခုကနေ ဒီလောက် ပါဝင်ပတ်သက်နေတယ်ဆိုတာကျနော်တို့တောင်မှ အံ့အားသင့်မိတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာရော ရခိုင်လို ကိစ္စ မျိုးမှာ တရုတ်ရဲ့ ပါဝင်မှုက တော်တော်လေးကြီးလာတာကိုတွေ့ရတယ်။ အဲဒီတော့ တရုတ်ကိုကြည့်မယ်ဆိုရင် လက်ရှိအခြေအနေမှာ ကျနော်က တရုတ်ရေးရာကျွမ်းကျင်သူတော့မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ပထမ သူ့ရဲ့ မဟာအကျိုးစီးပွားလို့ ခေါ်ရမယ်ထင်တယ်။ ခေတ်သစ် ပိုးလမ်းမကြီးစီမံကိန်းဆောင်ရွက်နေချိန်မှာ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေမှာ တော်တော်လေး အရေးကြီးလာတာကိုတွေ့ရတယ်။ တစ်ဆက်တည်းမှာပဲ သူသည် အာရှမှာ အာရှမှသည်တစ်ဆင့် Golbal ပေါ့။ Super Power ကို တည်ဆောက်ဖို့ ကြိုးစားတဲ့အချိန်မှာ သူရဲ့ နိုင်ငံရေးသြဇာကိုလည်း သူမြှင့်တယ်။ နိုင်ငံရေးသြဇာ စက်ဝန်းကိုလည်း ချဲ့တယ်လို့ကျနော်တို့ မြင်တယ်။ အဲဒီလိုနေရာမှာလည်း သူရဲ့ အနီးစပ်ဆုံး အိမ်နီးချင်းတွေအပေါ်မှာလည်း သြဇာ သက်ရောက်မှုက တော်တော်လေး အရေးကြီးလာတယ်လို့မြင်တယ်။ အဲဒီတော့ ကျနော်တို့အပေါ်မှာ ဘယ်လို သက်ရောက်မှုရှိလာလဲဆိုတော့ ကျနော်တို့က သူရဲ့ သြဇာစက်ဝန်းချဲ့တဲ့ဟာနဲ့ အကျိုးစီးပွားချဲ့တဲ့ဟာကို ကျနော်တို့ ဘယ်လောက်တုံ့ပြန်နိုင်လဲ၊ ကျနော်တို့မှာ ကိုယ်ခံအားဘယ်လောက်ရှိလဲဆိုတဲ့ဟာက အရေးကြီးတယ်လို့ထင်တယ်။ ကျနော်တို့က ကိုယ်ခံအားမရှိဘူး။ သူရဲ့ သြဇာစက်ဝန်းထဲကို လုံးလုံးရောက်သွားပြီဆိုရင်တော့ နည်းနည်းလေး ပြဿနာ ကျနော်တို့နိုင်ငံရဲ့ အကျိုးစီးပွားတွေ အချုပ်အခြာအာဏာတွေ ကျနော်တို့နိုင်ငံရဲ့တကယ့် တကယ့် ရပ်တည်မှုတွေက နည်းနည်းလေးပြဿနာရှိလာနိုင်မလားလို့ကျနော်တော့ သုံးသပ်မိတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com