All News Local News

၀န်ကြီး ၁ ဦး ကား ၄ စီးမယူဘဲ ၁ စီးသာ ယူပါလို့ ပြောခဲ့တာတွေ ပြောင်းလဲသွားပြီလို့ NLD အမတ်ဦးရဲထွဋ်ပြော

ရန်ကုန်၊ စက်တင်ဘာ ၅

လက်ရှိအစိုးရအနေဖြင့် ထိပ်သီးစက်မှုနိုင်ငံဖြစ်စေရန် လုပ်ဆောင်ပေးမည်ဟု ကြွေးကြော်နေမည့်အစား ပြည်သူလူထု၏ စားဝတ်နေရေးပြေလည်စေရန် လုပ်ဆောင်ပေးသင့်ပြီး ဝန်ကြီး ၁ ဦးလျှင် ကား ၄ စီးမယူဘဲ ၁ စီးသာ ယူပါဟု ပြောဆိုခဲ့မှုများသည် ပြောင်းလဲသွားပြီဖြစ်ကြောင်း NLD အမျိုးသားလွှတ်တော်အမတ် ဦးရဲထွဋ်က ပြောဆိုလိုက်သည်။

ယမန်နေ့ ၂၀၁၈-၂၀၁၉ ခုနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း နှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနဲ့ အခြေခံသဘောတရားများ၊စီမံကိန်းလုပ်ငန်းများ၊ရငွေသုံးငွေ များနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်းပြေဆိုသွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အချိန်မရွေးပြိုကွဲပျက်စီးနိုင်သော စာရင်းတွင် အဆင့် ၂၆ မှ ၂၂ သို့ မြင့်တက်သွားကြောင်း၊ ဒေါ်လာတန်ဖိုးမြင့်တက်မှုကြောင့် ကျပ်ငွေတန်ဖိုးတန်ဖိုး ကျဆင်းမှုမှာ အခြားနိုင်ငံများနှင့်မတူ ၁၃ ရာခိုင်နှုန်းအထိထိုးကျနေကြောင်း၊ လက်ရှိပြည်သူများ အခြေခံ စားကုန်ဈေးနှုန်းများ မတရားမြင့်တက်နေကြောင်း၊ ဘတ်ဂျက်လိုငွေပြမှုမှာလည်း ကြီးမားနေပြီး ၂၀၁၈-၂၀၁၉ ခုနှစ် ၏ဘက်ဂျက်လိုငွေပြမှုသည် ငွေကျပ် ဘီလီယံ ၄၉၀၃ ရှိနေကြောင်း၊ ချေးငွေများလည်းများပြားနေပြီး အတိုးများလည်း ဆပ်နေရမှုမှာ များပြားနေကြောင်း ၎င်းက ဆိုသည်။

“ဒီကနေ့ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ အန္တရာယ်ကြုံရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။နိုင်ငံတကာအဖွဲ့အစည်းကြီးတခုကဆိုရင် ကျနော်တို့နိုင်ငံကို Fragile State Index အချိန်မရွေးပြိုကွဲပျက်စီး နိုင်တဲ့ နိုင်ငံတွေရဲ့စာရင်းမှာ အဆင့် ၂၆ကနေ အဆင့် ၂၂ကို မြှင့်တင်လိုက်ပါတယ်။ ကျနော်တို့ရှေ့မှာ ဆူဒန်၊အာဖဂန်နစ္စတန်၊ဆီးရီးယားစတဲ့ နိုင်ငံတွေပဲ ရှိပါတော့တယ်။ အဲဒီတော့ကာ ဒီဟာကို အရေးတကြီးလုပ်ဖို့ လိုပါတယ်။ နိုင်ငံကို ၂၀၃၀မှာထိပ်သီးစက်မှုနိုင်ငံကြီး ဖြစ်အောင်တည်ဆောက်မယ်လို့ကြွေးကြော်နေမယ့်အစား လောလောဆယ်ပြည်သူတွေရဲ့ စားဝတ်နေရေးကို ဖူလုံအောင်လုပ်ပေးဖို့လိုပါတယ်။ လောလောဆယ်အလုပ်မဖြစ်နိုင်တဲ့ မဟာဗျူဟာစီမံကိန်းတွေ၊မြေအောက်လမ်းတွေ၊မိုးပျံလမ်းတွေ၊မြို့သစ်စီမံကိန်းတွေကို လုံးဝရပ်ဆိုင်းပစ်ရင်ရပ်ပစ်၊ သို့မဟုတ်ပါက ယာယီရပ်ဆိုင်း သင့်တာမျိုးမဟုတ်ရင်လဲ ဖျက်သိမ်းပစ်တာမျိုးလုပ်ဖို့ လိုပါတယ်။ အစိုးရဌာနတွေက ဘက်ဂျက်ငွေတွေတောင်းရာမှာလည်း ယောက္ခမသေလို့ အမွေခွဲသလို အပြိုင်အဆိုင်မတောင်းကြဘဲနဲ့ လိုသလောက်သာတောင်းဖို့လိုပါတယ်။၂၀၁၁-၂၀၁၂ မှာ ဘက်ဂျက်ပိုလ ျှံငွေ အသားတင်ပြန်အပ်ငွေဟာ ငွေကျပ် ၇၉၂ဘီလီယံ၊၂၀၁၆ -၂၀၁၇မှာ ၁၆၈၇ ဘီလီယံ၊အခု ၂၀၁၇-၂၀၁၈မှာ ငွေကျပ်ဘီလီယံ ၂၂၅၇ ဘီလီယံ ရှိတာကြောင့် မလိုအပ်ရင် မတောင်းဘဲ နေသင့်တယ်။ မူလကတည်းက မတောင်းဘဲနေကြရင် ဘက်ဂျက်လိုငွေက အများကြီးလျှော့သွားမှာပါ။ အစိုးရသစ်တက်စက ချွေတာတဲ့ အနေနဲ့ ဝန်ကြီးဌာန ၁၈ခုသာထားမယ်။ ဒုတိယဝန်ကြီးတွေလဲမခန့်ဘူး။ ဝန်ကြီးတစ်ဦးကို ကား၄စီးမယူဘဲ ကား၁စီးသာယူပါလို့ပြောခဲ့တဲ့အတွက် ပြည်သူတွေအနေနဲ့ အားရကျေနပ်ခဲ့ကြပါတယ်။ သို့ပေမယ့်နောက်ပိုင်း မှာတော့ ပြောင်းလဲသွားပါတယ်။ ယခင်အစိုးရလက်ထက်က ကျန်တဲ့ သိန်း၁၀၀၀တန် မာစီးဒီးကားတွေကို ခွဲဝေမယူကြဘဲ နဲ့ လေလံတင် ရောင်းချမယ်ဆိုရင် ကျနော်တို့ဘက်ဂျက်လိုငွေပြမှုကို တစ်စိတ်တစ်ပိုင်း အထောက်အကူပြုနိုင်မယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။ ဘက်ဂျက်လိုငွေလျှော့ချရေးအတွက် နောက်ထပ်လုပ်သင့်တဲ့ အလုပ်ကတော့ မလိုအပ်တဲ့ ဌာနတွေ၊မလိုအပ်တဲ့ ရာထူးတွေလျှော့ချဖို့ပဲ လိုပါတယ်”လို့ ဦးရဲထွဋ်က ဆိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com