All News Editorial Local News

အရှုံးခံနေရတဲ့ ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်တွေ စီးပွားရေးလောကထဲက ထွက်သွားပါ၊ ပြည်ပစက်သုံးဆီ ကုမ္မဏီကြီးတွေကို ဝင်ခွင့်ပေးလိုက်ပါ

မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးတွေ မြင့်တက်တာကို အခြေပြုလို့ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်ပြီး အထွေထွေကုန်ဈေးနှုန်းတွေတက်လာပါတယ်။ စက်သုံးဆီဈေးဟာ ဒေါ်လာတန်ဖိုးမြင့်တက်တာကို အကြောင်းပြုလို့ တရိပ်ရိပ်မြင့်တက်ခဲ့တာပါ။ ဒေါ်လာတန်ဖိုးက အမေရိကန်တစ်ဒေါ်လာ ၁၆၅၀ အထိ အမြင့်ဆုံးတက်ပြီး စက်သုံးဆီဈေးနှုန်း ဟာလည်း လူသုံးများတဲ့ 92 ဓာတ်ဆီ တစ်လီတာကို ၁၀၃၅ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။

အစိုးရက ဒေါ်လာဈေးဆွဲတင်သူတွေကို ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေ ဆောင်ရွက်ပြီးတဲ့နောက်ပိုင်းမှာတော့ ဒေါ်လာဈေးဟာ ကျဆင်းလာပြီး တစ်ဒေါ်လာ ၁၅၅၅ ကျပ်အထိ ဒေါ်လာတန်ဖိုးထိုးဆင်းလာပါတယ်။ ဒေါ်လာဈေး မြင့်တက်မှုကြောင့် မြင့်တက်သွားတဲ့ စက်သုံးဆီဈေးကတော့ မဆင်းဘဲ လူသုံးများတဲ့ 92 ဓာတ်ဆီ တစ်လီတာကို ၁၀၀၀ ကျော်အထက်မှာပဲ ဆက်လက် တည်မြဲနေပါတယ်။ ဒေါ်လာတန်ဖိုးက တစ်ဒေါ်လာကို ကျပ်ငွေ ၁၀၀ လောက် ထိုးဆင်းလာပေမယ့် စက်သုံးဆီဈေးကတော့ လုံး၀ မဆင်းတာကြောင့် ပြည်သူတွေ ညဉ်းတွားသံတွေ ကျယ်လောင်လာပါတယ်။

စက်သုံးဆီဈေးတွေ ချပေးဖို့ ပြောဆိုမှုတွေ ထွက်ပေါ်လာမှ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က စက်တင်ဘာလ ၂၈ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ သူပြောချင်တဲ့ အနှစ်ချုပ်ကတော့ စက်သုံးဆီဈေးမြင့်တက်တာဟာ ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရေနံဈေးပေါ် မူတည်တက်တာဖြစ်ပြီး လက်ရှိ ဈေးနှုန်းမှာ ရှုံးနေတယ်လို့ ဆိုပါတယ်။ စက်သုံးဆီဈေးလည်း မချပေးနိုင်ဘူးလို့ ဆိုပြန်ပါတယ်။ တစ်နည်းအားဖြင့် မင်းတို့တောင်းဆိုလည်း ငါဈေးမချပေးနိုင်ဘူး။ ငါမမြတ်ဘူး ရှုံးနေတယ်လို့ အရပ်စကားနဲ့ ခေါ်ပြောတာပါပဲ။

ကောင်းပါပြီ။ ဒေါ်လာတန်ဖိုးတက်ချိန်မှာ အချိန်နဲ့ တပြေးညီ တက်တုန်းက ဈေးတက်ပြီး ဒေါ်လာတန်ဖိုးကျချိန်မှာ ဈေးမချပေးနိုင်တဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေဟာ တကယ်ပဲ ရှုံးနေတယ်ဆိုရင် စီးပွားရေးလောကထဲက ထွက်သွားပေးပါ။ ပြည်ပနိုင်ငံက စက်သုံးဆီကုမ္မဏီကြီးတွေ အစိုးရက ဝင်ခွင့်ပြုမယ်ဆိုတော့ မျက်ရည်ခံထိုး ကြေညာချက်တွေ ထုတ်ပြန်ပြီး တားဆီးခဲ့တာလည်း ပြည်တွင်း စက်သုံးဆီ လုပ်ငန်းရှင်တွေပါပဲ။

အခုအခြေအနေမှာ ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်တွေ ရှုံးနေတယ်ဆိုတာကြောင့် အားလုံးပဲ သတ္တိရှိရှိ ဆက်မလုပ်ကြဘဲ ဆီရောင်းတာတွေ ရပ်လိုက်ပါ။ ပြည်ပစက်သုံးဆီကုမ္မကြီးတွေ ဝင်ခွင့်ပေးလိုက်တာက ပြည်သူတွေအတွက် လည်း ဈေးနှုန်းမှန်မှန်ကန်ကန် ဝယ်ယူနိုင်မယ့် အခွင့်အလမ်းဖြစ်သလို တိုင်းပြည်အတွက်လည်း ရသင့်ရထိုက်တဲ့ အခွန်တွေပိုရမယ့် အနေအထားပါ။ ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းရပ်ဆိုင်းခြင်းဖြင့် အေးအေးဆေးဆေးနေလို့ရမှာပါ။

ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်ဆိုသူတွေကိုရော လေ့လာကြည့်ရအောင်ပါ။ ဒီနေ့ စက်သုံးဆီလောကမှာ ထိပ်ထိပ်ကျဲ လုပ်ငန်းရှင်ဆိုသူတွေဟာ ကိုယ့်ပညာနဲ့ ကိုယ့်အရင်းအနှီးနဲ့ ချမ်းသာလာသူတွေရော ဟုတ်ပါရဲ့လား။ စစ်ဗိုလ်ချုပ်တွေကို ရင်းနှီးအောင်ပေါင်း၊ တိုင်းပြည်ဘဏ္ဍာတွေကို ကိုယ်ပိုင်ပစ္စည်းလို ဝေစားမ ျှစားရင်း ချမ်းသာခဲ့ကြတဲ့ သူတွေဆိုတာ တစ်တိုင်းပြည်လုံးလည်း အသိဖြစ်ပါတယ်။

ပြည်သူပိုင် စက်သုံးဆီဆိုင်တွေကို စစ်အစိုးရက ပုဂ္ဂလိက ချပေးတော့ ဈေးသက်သက်သာသာနဲ့ရအောင် ဗိုလ်ချုပ်တွေကို လာဘ်ထိုးပြီး မတန်တဆ ဈေးတွေနဲ့ သိမ်းယူခဲ့ကြတာလည်း ပြည်သူတွေအားလုံး သိနေကြပါတယ်။

ထပ်ပြီးပြောချင်တာကတော့ ရှုံးနေတဲ့ ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်တွေ ဆက်အရှုံးမခံပါနဲ့။ ပြည်သူတွေကလည်း ခင်ဗျားတို့ရဲ့ စစ်အစိုးရခေတ်ကစလို့ ယနေ့ခေတ်အထိ အနစ်နာခံခဲ့ရမှုတွေ ကို နားလည်နေပြီမို့ စီးပွားရေး လောကထဲက ရှာထားသမျှ ကျစ်ကျစ်ပါအောင် ကိုင်စွဲပြီး ထွက်သွားကြပါ။ မှန်မှန်ကန်ကန် လုပ်ဆောင်မယ့် ပြည်ပ စက်သုံးဆီကုမ္မဏီတွေကို မကန့်ကွက်ဘဲ ဝင်ခွင့်ပေးလိုက်ပါ။

ဘယ်တုန်းကမှ ပြည်သူ့မျက်နှာ မကြည့်ခဲ့တဲ့ စီးပွားရေးသမားတွေ မြန်မာနိုင်ငံမှာ ဆက်လက် ရှိမနေဖို့ ကျနော်တို့ ရန်ကုန်ခေတ်သစ်နဲ့ ပြည်သူတွေက လိုလားနေပါကြောင်း အသိပေးလိုက်ရပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com