Business Local News political news

အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်အောင် ဈေးဆွဲမ လက်ကြီးဝယ်ရောင်း လောင်းကစားသူတချို့ တိမ်းရှောင်

ရန်ကုန်၊ စက်တင်ဘာ ၂၄

ပြည်တွင်းငွေလဲဈေးကွက်တွင် အမေရိကန်ဒေါ်လာကို တန်ဖိုးမြင့်တက်စေရန် လောင်းကစားဆန်ဆန် ဈေးဆွဲတင်မှုများဖြင့် ငွေကြေးတရားမဝင် ဝယ်ရောင်းကစားခဲ့ကြသည့် လက်ကြီးဝယ်ရောင်းတချိုု့ စတင် တိမ်းရှောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

အစိုးရဘက်မှ ဒေါ်လာ လေပတ်ကားရောင်းဝယ်သူများကို အရေးယူမည်ဆိုသော သတင်းများ စတင်ပျံ့နှံ့လာခဲ့ပြီး မီဒီယာတချို့တွင်လည်း ရွှေဘုံသာလမ်းခေါ် မဂိုလမ်းကို အခြေပြု၍ ဒေါ်လာ လက်ကြီးဝယ်ရောင်း ဈေးမသူများ ရှိနေကြောင်း သတင်းများ စတင်ဖော်ပြပြီးနောက် လက်ကြီးဈေးဆွဲတင်သူများ စတင်တိမ်းရှောင်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

“အခုက သတင်းတွေကလည်း အရမ်းထွက်နေပြီ။ ဘယ်သူတွေဆိုတာလည်း ဒီမဂိုလမ်းအသိုင်းအဝိုင်းမှာလည်း သိနေကြတယ်။ ဦးဇော်ဌေးကလည်း အရေးယူမယ်ဆိုတဲ့ သတင်းတွေ ပြောနေပြီဆိုတော့ လက်ကြီး ဝယ်ရောင်းတွေ ဈေးဆွဲမသူတွေ၊ ပစ္စည်းအများကြီးပိုက်မိထားသူတွေ နယ်တွေ ရှောင်ကုန်ကြပြီ။ အမှန်က ဈေးက ဖြစ်သင့်ဖြစ်ထိုက်တာထက်ကို အရမ်းများနေတဲ့ဈေးဖြစ်နေတာ။ လေပတ်ကား ဆန်ဆန်ဈေးကစားသူတွေ ကြောင့် ဖြစ်နေတာ။ အဲဒါကြောင့် အခု စရှောင်ကုန်ကြပြီ။ စနေ၊ တနင်္ဂနွေ ဈေးကွက် မဖွင့်နိုင်ဘူး။ ရှောင်ကုန်ကြပြီ” ဟု မဂိုလမ်းမှ ဒေါ်လာဝယ်ရောင်းတစ်ဦးက ပြောသည်။

ရွှေဘုံသာလမ်းခေါ် မဂိုလမ်းကို အခြေပြု၍ ဒေါ်လာဈေးဆွဲတင်သူနှင့် အရောင်းအဝယ်လုပ်သူ၊ လေပတ်ကား လက်ကြီးလုပ်သူ ၅ ဦးမှ ၇ ဦးအထိ ရှိနေကြောင်း၊ ရွှေဘုံသာလမ်းအတွင်းရှိ ပြည်တွင်းပုဂ္ဂလိက ဘဏ်ကြီးတစ်ခုကလည်း လက်ကြီးဒေါ်လာ ဝယ်ရောင်းလုပ်သူတစ်ဦးကို ဘဏ်ပိတ်ချိန်(ညနေ ၃ နာရီ) ကျော်လွန်ပြီး ညနေ ၅ နာရီ၊ ၆ နာရီအထိ ငွေသွင်း၊ ငွေထုတ် ပြုလုပ်ပေးနေကြောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ယင်းသတင်းကို သိရှိထားသော်လည်း အထက်အမိန့်မရှိ၍ ဆိုကာ ဖမ်းဆီးခြင်း မရှိခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

လက်ရှိအခြေအနေတွင် ပြည်တွင်းတွင် ဖြစ်ပေါ်နေသော ဒေါ်လာငွေလဲနှုန်းသည် စီးပွားရေးအခြေအနေကြောင့် ဖြစ်ပေါ်သော ဈေးနှုန်းထက် လောင်းကစားဆန်ဆန် ငွေကြေးကို လေပတ်ကား အရောင်းအဝယ်ပြုလုပ်သည့် ဈေးကွက်ကြီးဖြစ်ထွန်းလာခြင်းကြောင့်ဖြစ်ကြောင်း၊ ယင်းဈေးကွက်သည် ရွှေဘုံသာလမ်း(အောက်ဘလောက်) ဓမ္မာရုံရှေ့တွင် နံနက် ၁၁ နာရီ အချိန်စတင်လေ့ရှိပြီး ညနေ ၃ နာရီခွဲမှ ၄ နာရီအကြား ဈေးပိတ်ကြောင်း၊ တိုင်းရဲ၊ အထူးစုံစမ်းစစ်ဆေရးဦးစီးဌာန အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလာယူ သော်လည်း တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘဲ လွှတ်ထားသည်မှာ အံ့သြဖွယ်ကောင်းကြောင်း ရွှေကုန်သည်နှင့်ဒေါ်လာဝယ်ရောင်းတချို့ ပြောသည်။

“ကျနော်တို့လည်း ဒေါ်လာဝယ်ရောင်းလုပ်တာပဲ။ ဒါပေမယ့် ကိုယ့်တိုင်းပြည် ပျက်လောက်တဲ့အထိ မလုပ်ဘူး။ ဒီလောက်ကြီး မဟားတရား ပမာဏာ များများနဲ့ လုပ်နေတာတွေက နိုင်ငံရေး ရည်ရွယ်ချက်လည်း ပါပုံရတယ်။ ဘဏ်ကြီးတစ်ဘဏ်ဆိုရင်လည်း လေပတ်ကားဆော့ကစားသူတစ်ဦးကို အမြဲတမ်း ငွေသွင်းငွေထုတ် ဘဏ်ပိတ်ချိန်ကျော်တဲ့အထိ ခွင့်ပြု ပေးထားတာ ပိုင်ရှင်ပါနေလား၊ ဘဏ်မန်နေဂျာက ပါဝင်ပတ်သက်နေတာလား အရမ်း အံ့သြဖို့ကောင်းတယ်။ ဒီကိစ္စက တစ်ပြည်လုံးအရေးပါ။ အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုနေတယ်။ မကိုင်တွယ်ရင် ဒီဈေးကွက်ကြီးက ပိုပြီးကြီးထွားလာမယ်။ ငွေလဲနှုန်း ထိန်းရခက်သွားလိမ့်မယ်” ဟု မဂိုလမ်းမှ နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ပြောသည်။

ဒေါ်လာဝယ်ရောင်းလောင်းကစားကြသူများသည် ရွှေဆိုလျှင် အထုပ် ၁၀၀ မှ ၃၀၀ အထိ (ရွှေပိဿာချိန် ၁၀၀ မှ ၃၀၀ ) အထိလည်းကောင်း၊ ဒေါ်လာဆိုလျှင် ( ဒေါ်လာ ၁၀ သန်းမှ သန်း ၁၀၀ ) အထိ ငွေကြေးအင်အားကောင်းကောင်းဖြင့် ကစားနိုင်သူများဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအခြေအနေတွင် အစိုးရဘက်က အရေးယူမည်ဆိုသော အသံထွက်ရုံနှင့်ပင် ဈေးများ ကျဆင်းသွားပြီး ဈေးကွက် ပျက်သွားပြီး ထိထိရောက်ရောက် နှိမ်နင်းပါက ငွေလဲနှုန်း တည်ငြိမ်သွားပြီး စီးပွားရေးအရ လုပ်သာ ကိုင်သာ အခြေအနေ ပြန်လည် ရောက်ရှိနိုင်ကြောင်း မဂိုလမ်းမှ ဝယ်ရောင်းသမားတချို့က အမြင်တူစွာ ပြောဆိုကြသည်။

လက်ရှိဈေးကွက်အတွင်းတွင် ရွှေဈေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၀၅၀၀၀၀ မှ ၁၀၀၅၀၀၀ အထိလည်းကောင်း၊ အမေရိကန်တစ်ဒေါ်လာလျှင် ၁၆၃၀ ကျပ်မှ ၁၆၀၀ ဝန်းကျင်သို့လည်းကောင်း ထိုးကျလျက်ရှိပြီး အစိုးရ၏ အရေးယူမှု တစ်စုံတစ်ရာ ရှိလာပါက အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၁၅၀၀ ကျပ်ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းနိုင်ကြောင်း ကုန်သည်များက ဆိုကြသည်။

“အခုဖြစ်နေတဲ့ ဒေါ်လာဈေးက လောင်းကစားဆန်ဆန်ဈေးကွက်က ခြယ်လှယ်နေတာတွေကြောင့်ဖြစ်နေတာဒါကို အစိုးရက ထိထိရောက်ရောက် အရေးယူရင် ငွေလဲနှုန်း ငြိမ်သွားမယ်။ အဲဒါကို အရေးမယူဘဲ ပျော့ နေရင်တော့ အခု ငြိမ်လည်း ခဏပဲ။ ပြန်တက်လိမ့်မယ်” ဟု အမည်မဖော်လိုသော ငွေလဲဒိုင်က ပြောဆိုသည်။

photo credit- GNLM

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts