Local News political news

အစိုးရသူနာပြု မလုပ်လျှင် သိန်း ၁၀၀ လျော်ကြေးပေးရမည်ဆိုသော စာချုပ် လက်မှတ် ထိုးခိုင်းမှု သူနာပြုသင်တန်းသားများနှင့် ဝန်ကြီးဌာန အကြား တင်းမာမှုဖြစ်

Photo-၂၀၁၇ ခုနှစ် မတ်လက သူနာပြု ကျောင်းသူများ ဆန္ဒပြကြစဉ်။

ရန်ကုန်၊ စက်တင်ဘာ ၆

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ အစိုးရ သူနာပြုသင်တန်းကျောင်းတွင် တက်ရောက်သင်လျက်ရှိသော သူနာပြုသင်တန်းသားများသည် အစိုးရသူနာပြု မလုပ်လျှင် ငွေကျပ် သိန်း ၁၀၀ လျှော်ကြေးပေးရမည်ဟု ပြင်ဆင်သတ်မှတ်လိုက်ရာ သူနာပြုသင်တန်းသားများနှင့်အာဏာပိုင်များအကြား တင်းမာမှုများမြင့်တက်နေကြောင်းသိရှိရသည်။

လျှော်ကြေး ၈ သိန်း စာချုပ်အဟောင်း

လျှော်ကြေး သိန်း၁၀၀ စာချုပ်သစ်

 

 

ယခင်က အစိုးရသူနာပြုသင်တန်းကျောင်းတွင် တက်ရောက်ကြသည့် သင်တန်းသားများသည် ကျောင်းဆက်မတက်ဘဲ ထွက်လျှင်သော်လည်းကောင်း၊ ကျောင်းပြီး၍ အစိုးရဆေးရုံများတွင် ၃ နှစ် အလုပ်မလုပ်လျှင်သော်လည်းကောင်း ငွေကျပ် ၈ သိန်း လျှော်ကြေးပေးရမည်ဟု သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ အစိုးရသူနာပြုသင်တန်းကျောင်းတွင် တက်ရောက်ပြီး သင်တန်းဆင်းတော့မည့် သူနာပြုများအားလုံးကို အစိုးရတာဝန်ချသည့် နေရာများတွင် အလုပ်မလုပ်လျှင်ငွေကျပ် သိန်း ၁၀၀ လျှော်ကြေးပေးရမည်ဆိုသည့်စာချုပ်ကို အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းကြောင်း၊ သင်တန်းပြီးဆုံးတော့မည့် သင်တန်းသားသူနာပြုများသည် မူလက လျှော်ကြေး ၈ သိန်း ပေးရမည်ဆိုသော စာချုပ်ကို ချုပ်ဆိုခဲ့ကြသူများဖြစ်ပြီး စာချုပ်ပြင်ဆင်ချုပ်ဆိုမှုကို အသိပေးခြင်းမရှိဘဲ ရုတ်တရက် အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“စာချုပ်မရှိလည်း ဆေးရုံတွေမှာ အမှုထမ်းပေးကြမယ့်သူတွေပါ။ ၃ နှစ်တော့ အလုပ်အကျွေးပြုရမယ်၊ ကိုယ့်ပြည်သူကို ပြန်စောင့်ရှောက်ရမယ်ဆိုတာ နားလည်ပြီးသားပါ။ မူလ လက်မှတ်ထိုးထားတာက လျှော်ကြေး ၈ သိန်းကို ဘာမှ မပြောမဆိုဘဲ သိန်း ၁၀၀နဲ့ စာချုပ်ပြန်ချုပ်ခိုင်းတယ်။ တရားမျှတမှု မရှိတာ၊ သူနာပြုသင်တန်းလာတက်ကတည်းက ကိုယ့်ဌာန၊ ကိုယ့်နိုင်ငံကို ပြန်ပြီး အလုပ်အကျွေးပြုရမယ်ဆိုတာ နားလည်ပြီးသားပါ။ ဒါကို လျှော်ကြေးဆိုတဲ့ သိန်း ၁၀၀ နဲ့ တစ်ပတ်လှည့် အတင်းအကျပ် လက်မှတ်ထိုးခိုင်းတာက မတရားဘူး” ဟု  သင်တန်းသားသူနာပြု တစ်ဦးကပြောသည်။

အစိုးရရန်ကုန်သူနာပြုသင်တန်းကျောင်းတွင် နောက်ဆုံးနှစ်သူနာပြုသင်တန်းသား ၁၂၀ ကျော်ရှိပြီး အပြီးသတ်စာမေးပွဲမပြီးခင် သိန်း ၁၀၀ လျှော်ကြေး စာချုပ်ကို လက်မှတ်ထိုးခိုင်းထား၍ သူနာပြု သင်တန်းသားများက မကျေလည်ကြောင်း သိရှိရသည်။

“တကယ်တော့ စာချုပ်က ကျောင်းစတက်တဲ့ ၂၀၁၅ ကတည်းက ထိုးပြီးသား။ အခုဟာက ကျောင်းပြီးတော့မှ နောက်ထပ် စာချုပ် လျှော်ကြေး ၁၀၀ ဆိုတာကို လက်မှတ်ထိုးခိုင်းတာ။ စာမေးပွဲက နီးနေတဲ့အချိန် အတော်ကို စိတ်အနှောင့်အယှက်ဖြစ်ကုန်ကြတယ်” ဟုသူနာပြုသင်တန်းကျောင်းမှ သူနာပြုသင်တန်းသူတစ်ဦးက ပြောသည်။

ရန်ကုန်ရှိ အစိုးရသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား သူနာပြုများကမူ လျှော်ကြေး သိန်း ၁၀၀ ကိစ္စ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် စကားပြောဆိုညှိနှိုင်းရန် လိုလားနေပြီ အခြေအနေအပေါ် မူတည်၍ လှုပ်ရှားမှုများဆောင်ရွက်ရန်ရှိကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com