All News China Watch interview

“သူ(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) စစတက်ချင်းတုန်းကတော့ ဦးသန်းရွှေရဲ့ အရိပ်အောက်မှာ ၊ ဦးသန်းရွှေရဲ့ Legacy နဲ့ နေရတယ်”

တကောင်းနိုင်ငံရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းနှင့်တွေ့ဆုံခြင်းအပိုင်း ၂

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

တကောင်းနိုင်ငံရေးအဖွဲ့သည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်၊ တရုတ်နိုင်ငံ၏ အနေအထား၊ တပ်မတော်ကို စဉ်ဆက်မပြတ်လေ့လာနေပြီး နိုင်ငံရေးဖြစ်စဉ်များကို စနစ်တကျ လေ့လာ သုတေသနပြုလျက်ရှိသည်။ မကြာသေးမီက ထုတ်ပြန်လိုက်တော့ အစီရင်ခံစာတွင် တရုတ်နိုင်ငံနှင့် မြန်မာ့တပ်မတော် နီးစပ်လာခြင်းကို မီးမောင်းထိုးပြလိုက်ခြင်းဖြင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းကို လှုပ်နှိုးလိုက်သည်။ တကောင်းနိုင်ငံရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ တရုတ်ဆိုတာ  ကွန်မြူနစ်နိုင်ငံလေ။ ဒီမိုကရေစီဆိုတာ စကားသူတို့အတွက် သိပ်ခါးနေမယ်ထင်ပါတယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တရုတ်နိုင်ငံက တကယ်ပဲ စစ်စစ်မှန်မှန် လိုလားပါ့မလား။ ငြိမ်းချမ်းရေး တကယ်ရဖို့ကော လိုလားပါ့မလား။ အကျိုးစီးပွားနဲ့ သူ့ သြဇာခံဖြစ်ဖို့ ပဲ ကြိုးစားနေတဲ့သဘောလား။ တစ်ဖက်မှာလည်း NLD အစိုးရကို ဆက်ဆံနေပေမယ့် တစ်ဖက်မှာလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့လို တိုင်းရင်းသားလက်နက်ကိုင်တွေကို ကိုင်ထားတယ်ဆိုတော့…။ တရုတ်က ကျနော်တို့အပေါ် တကယ်စေတနာရှိတဲ့ နိုင်ငံလား။

ဖြေ။ ။ သူူတို့ကတော့ တစ်ချက်ပြောတယ်၊ ကျနော်တို့နိုင်ငံက ဘယ်လို နိုင်ငံရေးစနစ်ကိုပဲ ရွေးချယ်ရွေးချယ် အိမ်နီးချင်းအနေနဲ့ သူတို့က ထောက်ခံမှာပဲပေါ့။ ပြည်သူတွေရဲ့ အကျိုးစီးပွားရှိဖို့ပဲ အရေးကြီးတယ်ပြောတယ်။ သို့သော် သီအိုရီမှာ တစ်ခုရှိတယ်။ အဲဒါကို Linkage and leverage theory လို့ခေါ်တယ်။ ကျနော်တို့လို နိုင်ငံမျိုးတွေက နိုင်ငံရေးစနစ် ကူးပြောင်းတဲ့အခါကျရင် ဘယ်သူနဲ့နီးလဲ၊ ဘယ်သူရဲ့ သြဇာ သက်ရောက်မှု ပိုပြီးတော့များလဲဆိုတဲ့ အချက်ပေါ်မှာ ကြည့်ကြတယ်။ ကြည့်တဲ့အခါ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့နိုင်ငံတွေက ဒီမိုကရေစီနိုင်ငံတွေနဲ့ Linkage အဆက်အစပ် များပြီးတော့ Leverage မှာလည်း သူတို့နဲ့ အဆက်အစပ်များနေတယ်ဆိုရင် အဲဒီနိုင်ငံက ဒီမိုကရေစီနိုင်ငံကိုပိုပြီး လွယ် ပိုပြီးတော့ တွန်းအားဖြစ်စေတယ်။ ဒီမိုကရေစီInstitution တွေ ပိုပြီးကောင်းလာအောင် လုပ်နိုင်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အာဏာရှင်နိုင်ငံတွေနဲ့ Linkage Leverage ပိုများရင်တော့ အဲဒီနိုင်ငံ ဒီမိုကရေစီ သွားတဲ့ ခရီးမှာ အနှောင့်အနှေးတွေရှိလာနိုင်တယ်လို့ သုံးသပ်တဲ့ ပညာရှင်တွေလည်းရှိတယ်။ သီအိုရီတွေလည်းရှိတယ်။ ကျနော်တို့နိုင်ငံမှာလည်း Linkage Leverage သီအိုရီက ထည့်သွင်းစဉ်းစားရမယ့် အချက်လို့ မြင်တယ်။ ကျနော်တို့နိုင်ငံက ကြည့်မယ်ရင် ဆိုရင် တစ်ဖက်မှာ အိန္ဒိယရှိတယ်။ အိန္ဒိယက ဒီမိုကရေစီနိုင်ငံဆိုပေမယ့်လည်း သူ့မှာ ပြဿနာတွေ အများကြီးရှိတယ်။ ထိုင်းက လက်ရှိအချိန်မှာဆိုရင် စစ်အာဏာရှင်စနစ်ကို ပြန်သွားနေတယ်။ လာအို ဒီမိုကရေစီနိုင်ငံလို့ ပြောဖို့ခက်တယ်။ အဲလိုပဲ တရုတ်အင်အားကြီးတဲ့နိုင်ငံက ကွန်မြူနစ် စနစ်ကို ကျင့်သုံးနေတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ ကျနော်တို့နဲ့ လက်ရှိအခြေအနေမှာ အဆင်မပြေဖြစ်နေတယ်။ ကျနော်တို့ရဲ့ Linkage Leverage Rate က အနောက်နိုင်ငံတွေနဲ့ လက်ရှိ အဆင်မပြေဘူးဆိုတော့ အာဏာရှင်နိုင်ငံတွေအပေါ် ပိုပြီး တိမ်းညွတ်မှု ပိုများနေတယ်။ ဒါက အခြေအနေအရလည်းဖြစ်နိုင်တယ်။ အာဏာရှင်နိုင်ငံတွေအပေါ်မှာ တိမ်းညွတ်မှု ပိုများတဲ့နိုင်ငံက ဒီမိုကရေစီခရီးလမ်းကို သွားဖို့ဆိုရင် External Factor လို့ ခေါ်တဲ့ ပြင်ပ ကဏ္ဍတွေက အားပေးပါ့မလား။ ပြင်ပ ကဏ္ဍတွေက ကျနော်တို့ကို အနှောင့်အနှေးဖြစ်အောင် လုပ်နိုင်လားဆိုတဲ့ဟာကို ထည့်စဉ်းစားရမယ်လို့ ကျနော်ကတော့ မြင်တယ်။

မေး။ ။ အဲဒီတော့ ဒီမိုကရေစီ အပြောင်းအလဲကို အဟန့်အတားလုပ်နိုင်တဲ့ အနေအထား ၊ လုပ်ရော လုပ်လာမနိုင်ဘူးလား။ အိမ်နီးချင်းနိုင်ငံက။

ဖြေ။ ။ ကျနော်တို့အမြင်ကတော့ ဒီအဟန့်အတားဖြစ်အောင် လုပ်၊ မလုပ်ဆိုတာထက်စာရင် ကျနော်တို့ ဒီမိုကရေစီအပြောင်းအလဲအတွက် သူဘယ်လောက်အထိ ဆန္ဒရှိလဲပေါ့။ ဆန္ဒကတော့ သူရဲ့ အခြေအနေ အနေအထားအရ ဒီမိုကရေစီစနစ်တန်ဖိုးတွေကို အားပေးတဲ့ အနေအထားမျိုးတော့မရှိဘူး။ အဟန့်အတားမဖြစ်ရင်တောင်မှ ကျနော်တို့အတွက် အားမဖြစ်ဘူးလို့ ကျနော်ကတော့ မြင်တယ်။

မေး။ ။ တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာရော တရုတ်က အဟန့်အတားဖြစ်စေမလား။

ဖြေ။ ။ တရုတ်ကတော့ သူက သူ့နိုင်ငံမှာလည်း စစ်တပ်အပေါ်မှာ အရပ်သားအုပ်ချုပ်မှုရှိတယ်။ ဘယ်လိုတွေအုပ်ချုပ်မှုရှိလဲဆိုတော့ ပါတီပေါ့။ Party-Army Relation လို့ ခေါ်တာပေါ့။ ပါတီကနေပြီးတော့ စစ်တပ်အပေါ်မှာ အုပ်ချုပ်မှုရှိတာပေါ့။ သို့သော်လည်း ပါတီသည် အရပ်သားအုပ်ချုပ်မှုတော့ရှိတယ်။ သို့သော်လည်း ဒီမိုကရက်တစ်အုပ်ချုပ်မှုတော့မဟုတ်ဘူး။ စစ်တပ်အပေါ်မှာ အုပ်စိုးမှုရှိတဲ့၊ ထိန်းချုုပ်မှုရှိတဲ့ အရပ်သားသည် ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတာမဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့နိုင်ငံမှာတော့ ဒီမိုကရက်တစ်အရပ်သားအုပ်ချုပ်မှုအောက် မရှိသေးဘူး။ အရပ်သားထိန်းချုပ်မှုအောက် မရှိသေးဘူးပေါ့။ ကျနော်တို့နိုင်ငံသည် ဒီမိုကရေစီကို တကယ်သွားမယ်ဆိုလို့ရှိရင် ဒီမိုကရေစီမှာ အရေးကြီးဆုံး အနှစ်သာရသည် ဒီမိုကရက်တစ်အရပ်သားအုပ်ချုပ်မှုက အဓိက အရေးကြီးဆုံးလို့ ကျနော်မြင်တယ်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့သူတွေသည် တပ်အပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးအပေါ်မှာ ထိန်းချုပ်နိုင်ရမယ်။ ပြည်သူတွေကိုယ်စားထိန်းချုပ်နိုင်ရမယ်။ အဲဒီကောင်က အရေးကြီးဆုံးလို့မြင်တယ်။ တရုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နောက်ဆုံးတွေ့တဲ့နေရာမှာ သမ္မတ ရှီကျင်ဖျင့်က သဘောထားမှတ်ချက် နှစ်ချက်ပြောတယ်။ တစ်ချက်သည် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်သည် သူ့အနေနဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အတော်လေး အလေးထားတယ်ဆိုတဲ့အချက်ကို သူပြောတယ်။ ဒုတိယတစ်ချက်ကတော့ မြန်မာနိုင်ငံရေး ၊ မြန်မာနိုင်ငံရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်အခန်းကဏ္ဍကို သူ့အနေနဲ့ အလေးထားတယ်လို့ ပြောတယ်ပေါ့။ ဆိုလိုချင်တဲ့သဘောက ကျနော်တို့မှာ Power Centre နှစ်ခုရှိရင် နှစ်ခုစလုံးနဲ့ သူဆက်ဆံမယ်။ အာဏာဗဟိုချက် ၅ ခုရှိရင် ၅ ခုနဲ့ ဆက်ဆံမယ်။ ၆ ခုရှိရင် ၆ ခုနဲ့ ဆက်ဆံမယ်။ ကျနော်တို့နိုင်ငံနိုင်ငံရေးစနစ် ဘယ်လိုပြောင်းသွားတယ်။ ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို ပြောမှာမဟုတ်ဘူး။ သူသည် အာဏာဗဟိုချက်တွေ ရှိရင် ရှိလာသလို ဆက်ဆံမယ်လို့ကျနော်မြင်တယ်။

မေး။ ။ အာဏာဗဟိုချက်တွေတိုင်းကို လိုက်ပြီး ဆက်ဆံတော့ အာဏာဗဟိုချက်ချင်း အားပြိုင်မှုကို ပိုပြီးတော့ အားပေးရာရောက်ပြီး ပိုပြီး မရှုပ်ထွေးစေဘူးလား။

ဖြေ။ ။ ဖြစ်နိုင်တာပေါ့။ အဲဒီတော့ သူ့အနေနဲ့ စဉ်းစားရင်တော့ ကျနော်တို့ရှု့ပ်ထွေးမှုဖြစ်တာ ကျနော်တို့နိုင်ငံရဲ့ပြည်တွင်း ကိစ္စပေါ့။ သူ့အနေနဲ့ကဆိုရင်တော့ဒါက သူနဲ့မဆိုင်ဘူး။ သူကတော့ အာဏာ ဗဟိုချက်တွေရှိရင် ဗဟိုချက်တွေအကုန်လုံးနဲ့ ဆက်ဆံမယ်။ သို့သော်လည်း အဲဒီအာဏာ ဗဟိုချက်တွေက နိုင်ငံရေးစနစ်တစ်ခုမှာ အပြိုင်တွေဖြစ်နေရင်တော့ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးစနစ်မှာ ပြဿနာတွေ အများကြီးရှိနေတယ်။

မေး။ ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပြည်ပဆက်ဆံရေးအကြီးအကဲH.E. Mr. Song Tao က ၂၀၁၆ ခုနှစ်မှာ ဦးသန်းရွှေနဲ့ တွေ့သွားတယ်။ အဲဒါက ဘယ်လိုသုံးသပ်လို့ရလဲ။

ဖြေ။ ။ ကျနော်မြင်တာကတော့ သူက ခုနပြောခဲ့တဲ့ သူက ရှိနေတဲ့အာဏာဗဟိုချက်လို့ ထင်တဲ့သူအကုန်ထိတွေ့မှုဖြစ်မှာပဲ။ ကျနော်တို့ နောက်ဆုံးကြားတာက သူတို့နိုင်ငံကို သွားရင် သူတို့ သိချင်တာတစ်ခုရှိတယ်။ ၂၀၂၀ မှာ မြန်မာနိုင်ငံရဲ့ အာဏာဗဟိုချက်က ဘယ်သူဖြစ်လာမလဲဆိုတာကို သူတို့အရမ်းစိတ်ဝင်စားတယ်။ အခုကတည်းက အဲဒီအပေါ်မှာ Invest လုပ်ချင်ပုံ၊ လောင်းချင်ပုံပဲ။ သူက ဘယ်သူပါဝါ ဗဟိုချက် ဘယ်သူပဲရှိရှိ သူက အဲဒီသူတွေကို ထိတွေ့မှာပဲ။ သူ့အကျိုးစီးပွားအတွက်၊ နိုင်ငံရေးသြဇာတည်ဆောက်ဖို့အတွက် သူရဲ့ အကျိုးစီးပွားအတွက် ထိတွေ့တာပဲလို့မြင်တယ်။ အဲဒီတော့ ဦးသန်းရွှေ နဲ့တွေ့တယ် ဘာတွေပြောလဲဆိုတာ တရားဝင် ထုတ်ပြန်တာတော့မရှိဘူးပေါ့။ သို့သော်ငြားလည်း မြောက်ပိုင်းအဖွဲ့တွေနဲ့ ထိတွေ့ဖို့ကြိုးစားတယ်။ နောက်ပိုင်း ကျနော်တို့ကြားတယ်။ မြောက်ပိုင်းအဖွဲ့တွေကို အပြင်နိုင်ငံခြား၊ အနောက်နိုင်ငံတွေနဲ့ မဆက်ဆံရဘူးလို့ ပြောတဲ့ ပိတ်တဲ့အထိဖြစ်လာတာတွေ့ရတယ်။ တစ်ဖက်လည်း တပ်မတော်နဲ့ ဆက်ဆံတယ်။ တစ်ဖက်ကလည်း ဒီ NLD အစိုးရကို ဆက်ဆံတယ်။ တစ်ဖက်ကလည်း ပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ CSO တွေ ၊ မီဒီယာတွေအထိ ဆက်ဆံရေးတိုးချဲ့တယ်။ တချို့ကတော့ပြောကြတယ်။ Multi Layers ပေါ့။ အလွှာစုံဆက်ဆံရေးပေါ့။ အလွှာစုံဆက်ဆံရေးတည်ဆောက်တယ်လို့မြင်ပါတယ်။ အဲဒီတော့ သူရဲ့ အဓိက ရည်မှန်းချက်ကတော့ ဒီမှာရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ထက်စာရင် သူ့အကျိုးစီးပွားကို Maximize လုပ်ဖို့ဘယ်လို အာဏာဗဟိုချက်တွေနဲ့ဖြစ်ဖြစ် သူထင်နဲ့သူတွေကို အကုန်လုံးကို ဆက်ဆံမှာပဲ။

မေး။ ။ NLD အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်လက်ကို ဝကွက်အပ်သလိုဖြစ်နေသလား။ ဥပမာ- မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တပ်က ခါးခါးသီးသီးဖြစ်နေချိန်မှာ တရုတ်က တစ်ဆင့် ဖိတ်တယ်ခေါ်တယ်။ ဆက်ဆံတယ်။ NLD အစိုးရက တရုတ်လက်ထဲ ငြိမ်းချမ်းရေးကို ထိုးအပ်နေသလိုဖြစ်မနေဘူးလား။

ဖြေ။ ။ တစ်ဖက်ကတော့ဗျာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုက တော်တော်လေးအားကြီးလာတယ်။ အထူးသဖြင့် ဒီနှစ်ပိုင်းမှာ အတော်လေးအားကြီးလာတာကိုတွေ့ရတယ်။ အဲဒီတော့ ကျနော်တို့က ပြောမယ်ဆိုရင် ၂၀၁၈ မှာ ငြိမ်းချမ်းရေး စဉ်းစားပုံကို တစ်မျိုး ပြန်စဉ်းစားသင့်တယ်လို့မြင်တယ်။ ဘာဖြစ်လဲဆိုတော့ External Factor ဖြစ်တဲ့ တရုတ်ရဲ့ပါဝင်ပတ်သက်မှုက တော်တော်လေးကို အားကြီးလာလို့။ ပြီးတော့ မြောက်ပိုင်းအဖွဲ့တွေရဲ့နိုင်ငံရေး ခံယူချက်က ပိုပြီးမာလာတယ်။ အဲအခြေအနေမျိုးဖြစ်လာတယ်။ NLD အစိုးရအနေနဲ့ကလည်း လက်ရှိအခြေအနေမှာ ဒီပြဿနာတွေကို ဖြေရှင်းနိုင်တဲ့အနေအထားမရှိဘူး။ ကြိုးတော့ကြိုးစားနေတယ်။ ဖြေရှင်းနိုင်တဲ့အနေအထားမရှိဘူး။ တစ်ဖက်ကလည်း အာဏာဗဟိုချက် နှစ်ခုဖြစ်နေလားလို့တောင် ကျနော်တို့အမြဲသုံးသပ်ကြတယ်။ မြန်မာနိုင်ငံရဲ့ အနေအထားအရ တပ်ကလည်း တစ်ခု၊ အရပ်သားအစိုးရကလည်း တစ်ခုဖြစ်နေလားလို့ သုံးသပ်ကြတယ်။ ဆိုတဲ့အခါမှာ တရုတ်ပါဝင်ပတ်သက်မှုက တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ တော်တော်ပိုပြီးတော့ ထင်သာ မြင်သာဖြစ်လာတာတွေ့ရတယ်။ ဆိုတော့ NLD အစိုးရအနေနဲ့ပဲဖြစ်ဖြစ် တပ်အနေနဲ့ပဲဖြစ်ဖြစ် အခြား နိုင်ငံရေးအင်အားစုတွေအနေနဲ့ဖြစ်ဖြစ် အဲဒီကိစ္စကို သေချာပြန်စဉ်းစားသင့်ပြီလို့ထင်တယ်။ ကျနော်တို့ အမြဲတမ်းကိုးကားပြီး ပြောလေ့ရှိတယ်။ တရုတ်မင်မင်းဆက် လက်ထက်မှာ တရုတ်တွေရဲ့ကျမ်းလေး တစ်ခုရှိတယ်။ အဲဒီကျမ်းမှာ သူရေးထားတာက နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်လို့ ရေးထားတာရှိတယ်။ ဟိုးအရင်ကတည်းက။ Nuzhen လူမျိုးများအတွက် မင်မင်းဆက်၏ မူဝါဒစာအုပ်က မင်မင်းဆက် အရာရှိက ရေးခဲ့တယ်။ လူမျိုးစုတွေ ကွဲနေရင် သူတို့အားနည်းပြီး သူတို့ကို အလွယ်တကူသိမ်းသွင်းလို့ရတယ်။ လူမျိုးစုတွေကြားက စစ်ပွဲတွေဟာ တရုတ်အတွက်တော့ မင်္ဂလာပါပဲတဲ့။ ။ အခုရော တရုတ်ရဲ့ ပါဝင်ပတ်သက်မှုက စိုးရိမ်စရာကောင်းလားလို့ ဆိုတဲ့အထိ မေးခွန်းထုတ်စရာရှိတယ်။ ရှိတဲ့အခါကျတော့ ပြည်တွင်းမှာရှိတဲ့ Player တွေနဲ့ Actor တွေအနေနဲ့ပါဝင်ဆောင်ရွက်သူတွေအနေနဲ့ ခေါင်းဆောင် တွေအနေနဲ့ ၂၀၁၈ မှာတော့ ငြိမ်းချမ်းရေးလမ်းစဉ်ကိုတော့ တစ်ခုခု ပြောင်းပြီးတော့ သေသေချာချာ ပြန်စဉ်းစားသင့်ပြီထင်တယ်။ အရင်တုန်းက ရှိတဲ့ဟာနဲ့ အခုက ပုံစံက တော်တော်လေး ကွာသွားတယ်။

မေး။ ။ တရုတ်လက်ကနေ ရုန်းထွက်ဖို့ လိုတယ်လို့ပြောချင်တာလား။

ဖြေ။ ။ ဝကွက်အပ်တယ်လို့တော့ ကျနော် မှတ်ချက်မပေးချင်ဘူး။ သူက ကိုယ့်ဘက်က မအပ်လည်း သူ့ဘက်က ယူလာတဲ့ဟာများလာတယ်။ သူ့ဘက်က ဒီဟာကို ယူလာတဲ့ဟာ များလာတာကို ပြန်ပြီး ကောင်းကောင်းစဉ်းစားသင့်ပြီထင်တယ်။

မေး။ ။ တရုတ်က ကျနော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ တည်ငြိမ်မှုတွေအပေါ်မှာ အများကြီး သက်ရောက်မှုရှိလား။

ဖြေ။ ။ အများကြီးရှိတာပေါ့။ ကျေနာ်တို့ အိမ်နီးချင်း အင်အားကြီး နိုင်ငံတစ်နိုင်ငံက ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်လိုမျိုး၊ နိုင်ငံရေးဖြစ်စဉ်လိုမျိုး၊ အရမ်းအရေးကြီးတဲ့ ဖြစ်စဉ်တွေ၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးဆုံး အရာတွေ။ အဲဒါမျိုးမှာ သူက တော်တော် သြဇာလွှမ်းမိုးမှုရှိရှိနဲ့ ဆောင်ရွက်နေပြီဆိုရင်တော့ ကျနော်တို့ရဲ့ နိုင်ငံရဲ့လွတ်လွတ်လပ်လပ် တည်ရှိမှု အနေအထားကို ပြန်ပြီးတော့ စဉ်းစားသင့်တယ်လို့ ထင်တယ်။

မေး။ ။ တရုတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေက များနေပြီဆိုတော့ တပ်နဲ့ပတ်သက်လို့ အပြင်ကနေ ဘယ်လိုသုံးသပ်လဲ မေးချင်ပါတယ်။ အခု တပ်ချုပ်ဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘယ်လို အကဲခတ်လို့ရလဲ။

ဖြေ။ ။ ကျနော်ကတော့ ပုဂ္ဂိုလ်ရေးချည်းကပ်မှုအပိုင်းက မကြည့်ချင်ပါဘူး။ ဒါပေမယ့် တပ်ကို အမြဲတမ်းလေ့လာနေတော့ အဖွဲ့အစည်းချည်းကပ်မှုအပိုင်းအနေနဲ့ ကြည့်တယ်။ ကျနော်တို့နိုင်ငံမှာ အဖွဲ့အစည်းဆိုရင်လည်း ထိပ်ဆုံးမှာရှိတဲ့ ခေါင်းဆောင်တွေက အရမ်းအရေးကြီး တာကိုး။ အဲဒီတော့ ခေါင်းဆောင်တွေရဲ့ အရွေ့ အဖွဲ့အစည်းအရွေ့ဖြစ်နိုင်တယ်။ ဆိုတော့ ကျနော့်အနေနဲ့ ကြည့်တာတော့ လက်ရှိ တပ်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးဖြစ်လာတယ်လို့ ကျနော်မြင်တယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ မှာ ဦးသန်းရွှေက တပ်ကို မောင်းနှင်ခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆိုရင် အပတ်စဉ် ၁၉ က။ သူစပြီး တပ်ချုပ်ဖြစ်တုန်းက ဗိုလ်ချုပ်ကြီးရာထူး၊ အဲဒီနောက်မှ ဒုတိယဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်မှူးကြီး ရာထူးပေါ့။ ၂၀၁၁ ခုနှစ် မတ်လ ၃၀ မှာ တပ်ချုပ်ဖြစ်တယ်။ အခုဆိုရင် ၇ နှစ်ကျော်လာပြီ။ အဲဒီတော့ ၇ နှစ်ကျော်ကာလအတွင်းမှာ သူ့အနေနဲ့ အသက် ၆၀ ကျော်ကာလအတွင်းမှာ အနားမယူဘဲ သက်တမ်းတိုးဖို့ ကြိုးစားတယ်။ သက်တမ်းလည်း တိုးထားတယ်။ ဒီ ၇ နှစ်ကျော်ကာလအတွင်းမှာ သူ တပ်ကို ပိုင်ပိုင်နိုင်နိုင်ထိန်းထားနိုင်တယ်လို့ ကျနော်မြင်တယ်။ အထူးသဖြင့် တပ်မှာ ရှိတဲ့ တချို့စနစ်တွေကို သူတို့စပြီးတော့ အစားထိုးတာ၊ အသက်သွင်းတာလုပ်တယ်။ ဥပမာဆိုပါစို့ တပ်မှာ Up or Out Policy ဆိုတာ ရာထူးတစ်ခုက ရာထူးတစ်ခုမှာ သက်တမ်းတစ်ခု ကျော်သွားလို့ နောက်ထပ် ရာထူး မတက်ဘူးဆိုရင် Out လုပ်ရတာပေါ့။ အရန်အင်အားထဲပို့ပြီးတော့ အဲဒါမျိုးပေါ်လစီမျိုးကို တပ်မှာ အသက်သွင်းလာနိုင်တယ်။ အသက်သွင်းလာနိုင်တာနဲ့အမျှ တော်တော်လေးလည်း အသက်ဝင်လာတာတွေ့ရတယ်။ ကျေနာ့်အနေနဲ့ကတော့ သူ စစတက်ချင်းတုန်းကတော့ ဦးသန်းရွှေရဲ့ အရိပ်အောက်မှာ ၊ ဦးသန်းရွှေရဲ့ Legacy နဲ့ နေရတယ်။ အဲဒီအချိန်မှာ သူနဲ့ခေတ်ပြိုင် ဗိုလ်ချုပ်ကြီးတွေ တပ်ထဲမှာ ရှိကြတယ်။ သို့သော်လည်း အခုအချိန်မှာတော့ သူက တပ်ကို ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်လာနိုင်ပြီလို့ အဲလိုမြင်ပါတယ်။

မေး။ ။ ဦးသန်းရွှေရဲ့ ပေါ်လစီအတိုင်းပဲ သွားနေတာလား။ သူ့ပေါ်လစီလား။

ဖြေ။ ။ တပ်မှာ Direction ကို ကျနော်တို့မြင်ရတယ်။ တပ်မှာ ကိုယ်ပိုင် Political Ideology ရှိလားလို့တောင် ကျနော်တို့က မြင်ကြတယ်။ Political Ideology ရဲ့ သဘာဝက Political doctrine လို့ခေါ်တဲ့ နိုင်ငံရေးအတွေးအခေါ်မှာ အခြေခံတာပေါ့။ တပ်က ဟိုးအရင်ထဲက Political Doctrine တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့ Terminology အရ Guardianship လို့ခေါ်တဲ့ အုပ်ထိန်းသူ အယူအဆလို့ ကျနော်တို့ ပြောတယ်။ ဒီတိုင်းပြည်က သူတို့ အုပ်ထိန်းမှ သူတို့ Guardian လုပ်မှ တိုင်းပြည်က စုစုစည်းစည်းရှိမယ်။ နို့မို့ဆိုရင် ချောက်ထဲကျဖို့ လက်တစ်လုံး အလို၊ လက်နှစ်လုံးအလိုတို့ ဖြစ်သွားနိုင်တယ်။ ဆိုတော့ Guardianship Ideology အုပ်ထိန်းသူ အယူအဆက ၁၉၆၂ လောက်ကတည်းက တော်တော်လေးအားကောင်းလာတယ်။ တပ်ထဲမှာလည်း ဒါကို သေချာသွင်းလာတယ်။ သွင်းလာတော့ နောက်ဆုံး ဘယ်လောက်တောင် ဖြစ်လာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေထဲမှာ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိရမယ်ဆိုတဲ့အထိဖြစ်လာတယ်။ အဲဒါ အခြေခံဥပဒေမှာ ထည့်ပြီး ပြဋ္ဌာန်းတဲ့ အနေအထားမျိုးဖြစ်လာတယ်။ ဖြစ်လာတဲ့အခါကျတော့ ဒါသည် Guardianship Political Ideology ကို ထည့်သွင်းထားတဲ့ဟာကို ကျနော်တို့မြင်တယ်။ သူက ဦးဆောင်မှု အခန်းကဏ္ဍမှာရှိမှသာ တိုင်းပြည်က တည်ငြိမ်မယ်ပေါ့။ ရှေ့ဆက်သွားနိုင်မယ်။ လုံခြုံမှုရှိမယ်ဆိုတဲ့ ဟာမျိုးက ဖြစ်လာတယ်။ ဖြစ်လာတော့ အဲဒီဟာကတော့ သူရဲ့ Political Ideologyပေါ့။ ဦးသန်းရွှေလည်း ဒါကို တစ်ချိန်လုံး သွင်းခဲ့တယ်။ ခုမှာလည်း ဒီဟာကိုပဲ ကိုင်ပြီး စကားပြောတယ်။ ပြောတဲ့အခါမှာကျတော့ တချို့ဆိုရင် ပြောကြတာက တပ်မတော်က အခြေခံဥပဒေ ခံကတုပ်ထဲမှာအမြဲ နေတယ်ပေါ့။ သူသည် အခြေခံဥပဒေသည် သူရဲ့ Political Doucement ဖြစ်တယ်။ သူသည် အဲဒီခံကတုပ်ထဲမှာပဲနေတယ်။ သူရဲ့ လမ်းကြောင်းက အဲဒီခံကတုပ်ကပဲ၊ အဲဒီအခြေခံဥပဒေကပဲ သူ့ကို သေချာလေး Shape လုပ်သွားတယ်ပေါ့။ ဦးနေဝင်းပဲဖြစ်ဖြစ်၊ ဦးစောမောင်ပဲဖြစ်ဖြစ်၊ ဦးသန်းရွှေပဲ ဖြစ်ဖြစ် လူတွေသာ ပြောင်းသွားတယ်။ Guardianship Political Ideology ဆက်ပြီး အသက်ရှင်သွားနေတယ်လို့ မြင်ရတယ်။ ဒါကတော့ အဖွဲ့အစည်းပိုင်းဆိုင်ရာ ချည်းကပ်မှုကကြည့်တာပေါ့။ သို့သော်ငြားလည်း Guardian ဟာတော့ ဆက်သွားနေတယ်၊ ပုဂ္ဂိုလ်ရေးအရဆိုရင်တော့ ဒီခေါင်းဆောင်တွေက တစ်ဦးချင်း အာဏာအင်အားကိုလည်း တည်ဆောက်ရတာကိုး။ တည်ဆောက်တဲ့အခါမှာ Guardianship Ideology ကိုတော့ ထိချင်မှ ထိမယ်။ ဒီအထဲမှာ အာဏာစက်ကို ပိုပြီးတော့ တည်ဆောက်လာနိုင်တာကိုတွေ့ရတယ်။ အဲဒီတော့ ပြန်ပြီးတော့ ချုပ်ပြိးပြောမယ်ဆိုရင် ပေါ်လစီအနေနဲ့ဆိုရင်တော့ Ideology ပေါ်မှာ အခြေခံတယ်။ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ Ideology က ပိုခိုင်မာလာတာကိုတွေ့ရတယ်။ အခြေခံဥပဒေထဲတောင် ရောက်လာတာ တွေ့ရတယ်။ သို့သော်ငြားလည်း Personal Leadershipမှာကျတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်ထဲမှာ ပိုပြီး အားကောင်းကောင်းနဲ့ သူရဲ့ ပုဂ္ဂိုလ်ရေးခေါင်းဆောင်မှုကို ပိုပြီးတော့ တည်ဆောက်လာနိုင်တယ်လို့ မြင်တယ်။

မေး။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သမ္မတဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ လည်း ရှိတယ်။ သူ့မှာ ၂၅ ရာခိုင်နှုန်း လွှတ်တေ်ာမှာ အင်အားရှိတယ်။ နောက်ထပ် ၂၆ ရာခိုင်နှုန်းကို ပေါင်းစပ်ညှိနှိုင်းတာပဲဖြစ်ဖြစ် စစ်တပ်နဲ့ နီးစပ်သူတွေ နိုင်သွားတာပဲဖြစ်ဖြစ် အဲလိုနည်းလမ်းတွေ သုံးပြီး သမ္မတ ဖြစ်လာနိုင်ခြေရှိသလား။ သူက သမ္မတဖြစ်နိုင်တဲ့ အရည်အချင်းမျိုးရော မြင်ရလား။

ဖြေ။ ။ ဆိုတော့ တပ်ကတော့ သူတို့ အမြဲတမ်းပြောတာရှိတယ်။ မျိုးဆက်အလိုက်ပါ ခေါင်းဆောင် အရည်အသွေးတွေကို မွေးထုတ်ပေးထားတာရှိတယ်ပေါ့။ နိုင်ငံရေးမှာ ဦးဆောင်ဖို့အတွက် လည်း အဆင့်သင့်ရှိတဲ့ ခေါင်းဆောင်လည်းရှိတယ်ပေါ့။ ဆိုတော့ ဒါက သူတို့အမြဲတမ်းပြောလေ့ရှိတယ်။ ခေါင်းဆောင်မှုဆိုတာလည်း တပ်မှာ အရေးကြီးတဲ့ကိစ္စပဲ။ သို့သော်ငြားလည်း ကျနော်ကတော့ သူဖြစ်နိုင်လား မဖြစ်နိုင်လား ထက်စာရင် Political Leadership က ကျနော် နည်းနည်းလေး ဝေဖန်ပိုင်းခြားကြည့်ချင်တယ်။ Political Leadership ဖြစ်ဖို့က Military Leadership နဲ့ မတူဘူး။ တပ်မှာကျတော့ အမိန့်နဲ့လုပ်လို့ရတယ်။ နိုင်ငံရေးဆိုတာ မသေချာမှုတွေထဲက အသေချာနိုင်ဆုံးကို ရွေးချယ်ရမှာ။ အသေချာနိုင်ဆုံးဖြစ်အောင် ဖန်တီးရမှာ။ အဲဒီတော့ မသေချာမှုတွေရှိတဲ့အခြေအနေမှာ ခေါင်းဆောင်နိုင်တဲ့အနေအထားမျိုး Political Leadership က တခြားနိုင်ငံတွေမှာလည်း Institution တွေ ခိုင်မာနေတယ်၊ Institution တွေ အားကောင်းနေတဲ့အချိန်မှာ နိုင်ငံရေးခေါင်းဆောင်မှုကိုစစ်တပ်ဘက်က Susilo Bambang Yudhoyono က ဝင်ပြီး လုပ်လိုက်တာ သိပ်ပြဿနာမရှိဘူး။ကျနော်တို့နိုင်ငံမှာကျတော့ Divided အရမ်းဖြစ်တယ်။ တပ်နဲ့ အရပ်ဘက် Divided ဖြစ်တယ်။ အဲလိုပဲ ဗဟိုချက်နဲ့ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အနေအထားကလည်း Divided ဖြစ်တယ်။ အဲဒီတော့ အဲလိုမျိုး Divided နေတဲ့ အားလုံးကို ပြန်ပြီး ပေါင်းစုနိုင်ဖို့ဆိုတာ Stateman Level လောက်ရှိတဲ့ ခေါင်းဆောင်မျိုး လိုတယ်လို့ ထင်တယ်။ တိုင်းပြုပြည်ပြု လုပ်နိုင်လောက်တဲ့ ခေါင်းဆောင်မျိုးတွေ လိုတယ်လို့ ကျနော်ထင်တယ်။ အဲလိုလုပ်နိုင်ဖို့အတွက် ဆိုရင်တော့ နိုင်ငံရေးခေါင်းဆောင်မှု တော်တော်လေးအင်အားကောင်းနိုင်တဲ့သူ လိုတယ်လို့ မြင်တယ်။ အဲဒီတော့ နိုင်ငံရေးဦးဆောင်မှု ကို ကြည့်မယ်ဆိုရင် လုပ်နိုင်စွမ်းတစ်ခုတည်းနဲ့ ကြည့်လို့မရဘူး။ သူ့ကို လူထုထောက်ခံမှု၊ တရားဝင်မှုကို ကြည့်ရတယ်။ ဥပမာ ဦးသိန်းစိန်က တပ်က လာတဲ့ ခေါင်းဆောင်ပဲ။ Administration တော့ ကောင်းကောင်း ကောင်းတယ်။ ဒါပေမယ့် သူ့မှာ အကျပ်အတည်းတစ်ခု အမြဲတမ်းတွေ့ရတယ်။ အဲဒါက လူထုထောက်ခံမှုပဲ။ အသွင်ကူးပြောင်းတဲ့နိုင်ငံတွေမှာ အကွဲအပြဲတွေ အဟတွေ အရမ်းများတဲ့နိုင်ငံတွေမှာ နိုင်ငံကို ခေါင်းဆောင်မယ့် ခေါင်းဆောင်က နိုင်ငံရေး ခေါင်းဆောင်မှု ဖြစ်ရမယ်။ အဲဒီနိုင်ငံရေးခေါင်းဆောင်မှုကလည်း Stateman တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်မျိုးဖြစ်ဖို့လိုတယ်။ အဲဒီလူတွေက လုပ်နိုင်စွမ်း တင်မဟုတ်ဘူး၊ လူထုထောက်ခံမှုပါ ရှိဖို့ လိုတယ်လို့ မြင်တယ်။ အဲဒါမျိုးက လက်ရှိ အချိန်မှာ တပ်ခေါင်းဆောင်တွေအနေနဲ့ကျတော့ လုပ်နိုင်စွမ်း ရှိကောင်းရှိမယ်၊ လူထုထောက်ခံမှု ဘယ်လောက်ရှိသလဲ။ တရားဝင်မှု ဘယ်လောက်ရှိသလဲဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။

မေး။ ။ အခုလက်ရှိ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို ရော ဘယ်လိုမြင်ရလဲ။

ဖြေ။ ။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ကြည့်တဲ့အခါမှာ ကျနော်တို့ရဲ့နိုင်ငံရေးစနစ်ကို အရင်ဆုံးကြည့်ချင်တယ်။ ကျနော်တို့နိုင်ငံရေးစနစ်က ခုနကပြောတဲ့ ငါက အုပ်ထိန်းသူဖြစ်တဲ့အတွက် ဒီရာခိုင်နှုန်းကိုရကိုရရမယ်ဆိုတဲ့ အုပ်ထိန်းသူရှိတယ်။ ကျနော်တို သီအိုရီအရပြောရင်တော့ သီးသန့်အာဏာကို ကိုင်ထားတာပေါ့။ တစ်ဖက်ကလည်း ကျနော်တို့ ပြည်သူက ရွေးချယ်လိုက်တဲ့ အရပ်ဘက် အစိုးရရှိတယ်။ အဲဒီတော့ အရပ်ဘက်အစိုးရနဲ့ အုပ်ထိန်းသူနဲ့ နှစ်ခု အာဏာ ယူထားရသလိုဖြစ်တယ်။ အဲလို အနေအထားမျိုး စပ်ကြားအစိုးရပုံစံပေါ့။ Hybrid Regime ပေါ့။ စပ်ကြားအစိုးရပုံစံတွေမှာ အမြဲတမ်းတွေ့ရတယ်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးက စပ်ကြားအစိုးရတွေမှာ တစ်ဖက်နဲ့ တစ်ဖက် အားပြိုင်မှုတွေတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရပ်ဘက်အစိုးရကလည်း သူရဲ့ အာဏာစက်ကို ဖြန့်ရင် တစ်ဖက်မှာ အာဏာကိုင်ထားတဲ့သူနဲ့ အားပြိုင်တာဖြစ်တယ်။ တစ်ဖက်ကလည်း သူ့အာဏာစက်ကို ဖြန့်ရင် အရပ်သားအစိုးရနဲ့ အားပြိုင်တာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ပြောကြတယ်။ အာဏာအားပြိုင်မှုသည် အသွင်ကူးပြောင်းနေတဲ့ နိုင်ငံရေး အထူးသဖြင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး စပ်ကြားအစိုးရပုံစံရှိတဲ့ နိုင်ငံရေးမှာ အမြဲတမ်းတွေ့ရတဲ့ ဟာလို့ပြောကြတယ်။ အခုအခြေအနေကို ပြောမယ်ဆိုရင် သီအိုရီအရ ပြောမယ်ဆိုရင် အားပြိုင်မှုသည် နိစ္စဓူ၀ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ ရှိနေတဲ့ အနေအထား။ တစ်ခါတစ်လေကျရင် အားပြိုင်မှုရဲ့ သဘောသဘာဝက တပ်ဘက်က Influent လုပ်နိုင်တာရှိတယ်။ တစ်ခါတစ်လေကျရင် အရပ်သားအစိုးရက Influent လုပ်နိုင်တာ ရှိတယ်။ သို့သော်လည်းပဲ တကယ့်အရေးကြီးတဲ့ ကိစ္စတွေဆိုရင် အားပြိုင်မှုအနေအထား ဖြစ်နေတယ်လို့ ကျနော်မြင်တယ်။

မေး။ ။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ ထိတွေ့မှုပျောက်နေတယ်လို့မြင်ရလား။

ဖြေ။ ။ သူက ထိတွေ့မှု ဆက်ဆံမှု Channel တွေတော့ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ထိတွေ့ဆက်ဆံမှု Channel တွေကို ဘယ်လောက်သုံးလဲဆိုတာကလည်း မေးခွန်းထုတ်စရာ ရှိတယ်။ အဲဒီတော့ ထိတွေ့ဆက်ဆံမှု Channel တွေရှိပေမယ့် တစ်ဖက်နဲ့ တစ်ဖက် အားပြိုင်နေတဲ့ အခါကျတော့ အဲဒီChannel တွေကို ကောင်းကောင်းမသုံးနိုင်မှုတွေလည်းရှိတယ်။

မေး။ ။ အားမပြိုင်ဘဲ ငါတို့ပေါင်းလုပ်ကြမယ်ဆိုပြီး ဆွေးနွေးမှုတွေရော မမြင်ရဘူးလား။

ဖြေ။ ။ ကျနော်တို့ကတော့ အဲဒီလိုမျိုးမြင်တယ်။ အခုလက်ရှိ အခြေအနေမှာဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်တွေ လာတုန်းကဆိုရင် ပြောခဲ့တယ်။ တပ်သည် အရပ်သားအစိုးရလက်အောက်မှာရှိတယ်။ သမ္မတရဲ့ လမ်းညွှန်မှုအတိုင်း အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်ဆိုတာမျိုးတွေ ပြောတယ်။ သို့သော်လည်း အားပြိုင်မှုကတော့ လက်ရှိနိုင်ငံရေးစနစ်ကြောင့် ဖြစ်လာတဲ့ အားပြိုင်မှုလို့ မြင်တယ်။ ဒါက ရှောင်လွှဲလို့မရဘူး။ ဘယ်လောက်ပဲ ထိတွေ့ဆက်ဆံမှုရှိတယ်၊ ပူးပေါင်း လုပ်ပါတယ်ပြောပြော ပွိုင့်တစ်ပွိုင့်မှာ အမြဲရှိနေတယ်ဆိုတာကို တေ့ွရတယ်။

မေး။ ။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးပြေလည်လာဖို့ ဘာလုပ်လို့ရမလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ ဒီမိုကရေစီကို တကယ်သွားမယ်ဆိုရင်တော့ ဒီမိုကရေစီ နည်းကျ အရပ်ဘက်ထိန်းချုပ်မှုဆိုတာကတော့ ကျနော်တို့ ငြင်းလို့မရဘူး။ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံး အနှစ်သာရသည် ပြည်သူတွေရဲ့ အရေးအရာ ကိစ္စကို ပြည်သူတွေက ရွေးချယ်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်အစိုးရက ဆုံးဖြတ်ရမှာပေါ့။ အာဏာကလည်း ပြည်သူ့ထံက ဆင်းသက်ရမယ်လို့ဆိုထားတယ်။ အဲဒီအခါကျတော့ အဲဒါကတော့ ရှောင်လွှဲလို့မရတဲ့အခြေအနေလို့ထင်တယ်။ ဒီမိုကရေစီသွားမယ်ဆိုရင်တော့။ အဲဒီလိုရှောင်လွှဲလို့မရတဲ့ အခြေအနေဖြစ်တော့ Civilian Control ပေါ့။ ပြည်သူက ရွေးချယ်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ် အရပ်သားအစိုးရက ဒီနိုင်ငံရဲ့အရေးအရာ ကိစ္စအ၀၀ကို ရာနှုန်းပြည့်ဆုံးဖြတ်နိုင်ဖို့လိုတယ်။ အဲဒီတော့ ရာခိုင်နှုန်းပြည့်ဆုံးဖြတ်နိုင်တဲ့ အနေအထားမျိုးရောက်အောင် တဖြည်းဖြည်းချင်း ချီတက်သွားနိုင်ဖို့လိုတယ်။ အဲဒါမှသာလျှင် နိုင်ငံမှာ အာဏာဗဟိုချက် ၂ ခု မဖြစ်တော့ဘဲနဲ့ အာဏာက ဘယ်ကလာလဲ၊ ဘယ်သူတွေက ဆုံးဖြတ်နိုင်လဲဆိုတာ သိနိုင်တယ်။ အဲဒီတော့ ဒီအဆင့်ကိုတော့ သွားဖို့လိုတယ်။ အရပ်သားထိန်းချုပ်မှု မဖြစ်မနေသွားဖို့လိုတယ်။ အဲဒါမှသာလ ျှင် ဒီမိုကရေစီက ရှင်သန်မယ်။ သို့သော်ငြားလည်း မေးခွန်းက ဘယ်လိုသွားမလဲဆိုတဲ့ မေးခွန်း။ ပိုပြီးခက်ခဲပြီး လက်တွေ့ကျတဲ့ မေးခွန်း။ အဲဒါကို ဘယ်လိုသွားမှာလဲ။ ကျနော်တို့မြင်တာကတော့ ဘယ်လိုသွားနိုင်သလဲဆိုရင် တခြားနိုင်ငံတွေကို သုံးသပ်ကြည့်တဲ့အခါမှာ ပထမဆုံး အခြေအနေတွေလည်းရှိတယ်။ ဒီမိုကရေစီသွားမယ့်အစိုးရကိုယ်တိုင်က ဒီမိုကရေစီစံနှုန်းတွေကို သွေဖယ်လို့မရဘူး။ ဘာဖြစ်လဲဆိုတော့ သူကိုယ်တိုင်က ဒီမိုကရေစီကို ချီတက်ချင်တာကိုး။သူကိုယ်တိုင် ဒီမိုကရေစီစံနှုန်းတွေကို သွေဖယ်သွားရင် တစ်ဖက်ကို ထိန်းချုပ်ဖို့ အင်မတန် ခက်သွားမယ်။ အဲဒီတော့ ဒီမိုကရေစီစံနှုန်းတွေကို သူသည် သွေဖယ်လို့မရဘူးဆိုတာကို မြဲမြဲကိုင်ထားနိုင်ရမယ်။ ဒုတိယတစ်ချက်ကတော့ အရပ်ဘက်ထိန်းချုပ်မှုလုပ်ဖို့ ကြိုးစားတဲ့ အစိုးရတိုင်းက သူက သူထိန်းချုပ်ခံရမယ့်သူကို Message ပေးရတယ်။ အဲဒီ Message က ဘာလဲဆိုတော့ ထိန်းချုပ်မယ်။ ထိန်းချုပ်ခြင်းသည် ဒီတပ်ကို ဖိနှိပ်တာ၊ ပျောက်သွားအောင်လုပ်တာမဟုတ်ဘူး။ ထိန်းချုပ်ခြင်းသည် ဒီတပ်ကို ထိရောက် ထက်မြက်တဲ့ တပ်ဖြစ်လာအောင် အင်အားဖြစ်လာအောင် တည်ဆောက်ပေးမယ်ဆိုတဲ့ Message ပေးရမယ်။ အဲဒီလိုတည်ဆောက်ရင်းနဲ့မှပဲ အဲဒီတပ်ကလည်း တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။ အဲဒီတော့ Iron Triangle လို့ ခေါ်တယ်။ သံမဏိတြိဂံပေါ့။ ဆိုတော့ တစ်ဖက်က Control နောက်တစ်ဖက်က Effective ဖြစ်ရမယ်။တစ်ဖက်က Accountability ရှိရမယ် ။ အရပ်သားအစိုးရအနေနဲ့ Message ပေးမယ်ဆိုရင် ထိန်းချုပ်မယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒီမိုကရေစီဖြစ်လို့ ။ တစ်ဆက်တည်းမှာပဲ ထိန်းချုပ်ရင်းနဲ့မှပဲ ထိရောက်ထက်မြက်တဲ့ တပ်ဖြစ်အောင် တည်ဆောက်မယ်။ အဲဒီလို တပ်ဖြစ်လာပြီဆိုရင် တိုင်းပြည်အတွက် အသက်ပေးလာတဲ့သူတွေကို စုတ်ပြတ်ပြီး စားစရာ နေစရာမရှိဖြစ်နေတဲ့ အနေအထားမျိုးမဟုတ်ဘူး။ တကယ် ထိရောက် ထက်မြက်ပြီးတော့ တကယ်တမ်း လူလိုသူလိုသေသေချာချာ နေနိုင်တဲ့အနေအထားမျိုး။ တချို့နိုင်ငံတွေမှာဆိုရင် တိုင်းပြည်အတွက် အသက်ပေးလာတဲ့သူတွေကို တိုင်းပြည်က လူလတ်တန်းစားအနေအထားမျိုးဖြစ်အောင်တော့ တည်ဆောက်ပေးတာမျိုးဖြစ်အောင်လုပ်တယ်။ အဲဒါမျိုး ဖြစ်အောင်လုပ်မယ်။ တစ်ဖက်လည်း Accountability တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်ဆိုတာမျိုး။ အဲဒီတော့ အရပ်သားအစိုးရသည် ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာဖို့လိုတယ်။ တစ်ဖက်ကတော့ ခုနက Message ပေးဖို့လိုတယ်။ နောက်ဆုံးတစ်ချက်ကတော့ အဲဒီလိုမျိုး ထိန်းချုပ်နေတဲ့ ကာလမှာ အရပ်သားအစိုးရအနေနဲ့ သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ကိုယ် အဓိကကိုင်တွယ်ထားတဲ့ နယ်ပယ်တွေမှာ စီးပွားရေး၊ အုပ်ချုပ်ရေး နယ်ပယ်တွေမှာ Impressive ဖြစ်နိုင်တဲ့ ဆောင်ရွက်ချက်တွေ ပြဖို့ လိုတယ်။ တစ်ဖက်ကလည်း ကြိုက်နိုင်လောက်တဲ့ လေးစားနိုင်လောက်တဲ့ စွမ်းရည်ပြနိုင်ဖို့ အလုပ်လုပ်ပြနိုင်ဖို့လိုတယ်။ သူကိုယ်တိုင်လည်း အလုပ်လုပ် မပြနိုင်ဘူးဆိုရင် တစ်ဖက်ကလည်း ဘယ်လိုမှ အထိန်းအချုပ်ခံမှာမဟုတ်ဘူး။ သူ့နယ်ပယ်မှာ ကို့ရို့ကားယား ဖြစ်နေတယ်ဆိုရင်။ အဲဒီ ၃ ချက်က အသွင်ကူးပြောင်းတဲ့နိုင်ငံတွေမှာ တပ်ကို ထိန်းချုပ်ချင်တယ်ဆိုရင် အရပ်သားအစိုးရတွေ အဓိက ဆောင်ရွက်ကြတယ်၊ လုပ်ကြတယ်။ ဒါ ယေဘုယျအားဖြင့် တွေ့ရတယ်။

မေး။ ။ အခုက အဲဒီအခြေအနေတွေကို မလုပ်နိုင်တဲ့ အနေအထားဖြစ်နေတာလား။

ဖြေ။ ။ အခုအခြေအနေမှာဆိုရင်တော့ အဲဒီ ၃ ချက်စလုံးမှာ အားနည်းနေတဲ့ အနေအထားဖြစ်တယ်။ တစ်ချက်ကလည်း နိုင်ငံရေးသမားတွေမှာ အမြဲတမ်းတိုင်းတာတဲ့ဟာရှိတယ်။ နိုင်ငံရေးသမားတွေက P ၅ လုံး ရှိကြတယ်ပြောကြတယ်။ Political Vision ပေါ့။ သူဘယ်ပန်းတိုင်ကိုသွားချင်တာလဲဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ရှိဖို့လိုတယ်။ ဒုတိယတစ်ချက်ကတော့ သူ ဘယ်တန်ဖိုးတွေပေါ်မှာ အလုပ်လုပ်လဲ။ Political Value ရှိဖို့လိုတယ်။ ပြီးတော့ လက်ရှိအခြေအနေ သူ ဘယ်လိုသုံးသပ်ထားလဲ။ Political Reality ကို ကောင်းကောင်းသုံးသပ်နိုင်ရမယ်။ နောက်တစ်ခုကတော့ Political capacity နိုင်ငံရေး အစွမ်းအစ ဘယ်လောက်အထိရှိလဲ။ နောက်ဆုံး တစ်ချက်ကတော့ Poltical Capital နိုင်ငံရေးအရင်း သူ့ကို ပြည်သူက ဘယ်လောက်အထိ ထောက်ခံလဲ ဆိုတာမျိုးပေါ့။ အဲဒီ ၅ ချက်က သူတို့ သေချာကိုင်တွယ်ပြီးတော့ ခုနကဏ္ဍ ၃ ရပ်မှာ လုပ်ဖို့ လိုတယ်လို့မြင်တယ်။ ကျနော့်အမြင်ကတော့ လက်ရှိအခြေအနေမှာ အရပ်သားအစိုးရအနေနဲ့ တပ်ကို ထိန်းချုပ်ဖို့ထက်စာရင် သူရဲ့နယ်ပယ်တွေမှာတောင်မှ သူ့မှာ အများကြီးအခက်အခဲတွေ ရှိနေတယ်လို့မြင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts