All News Local News

သူနာပြုသင်တန်းသားများကို သိန်း ၁၀၀ လျှော်ကြေး စာချုပ်ချုပ်ဆိုမည့် ကိစ္စ ယာယီ ဆိုင်းငံ့

ရန်ကုန်၊ စက်တင်ဘာ ၁၀

အစိုးရသူနာပြုသင်တန်းကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေကြသည့် သူနာပြု သင်တန်းသားများကို ၃ နှစ် အစိုးရအမှုမထမ်းလျှင် ငွေကျပ် သိန်း ၁၀၀ လျှော်ရမည် ဆိုသော စာချုပ် အသစ်ချုပ်ဆိုမည့် ကိစ္စကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယာယီ ဆိုင်းငံ့လိုက်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်သူနာပြုသင်တန်းကျောင်းတွင် သူနာပြုသင်တန်းသား ၂၀၀ ကျော်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်တို့တွေ့ဆုံခဲ့ပြီး အချက် ၄ ချက် သဘောတူညီခဲ့ကြောင်း သိရှိရသည်။

စာချုပ် သိန်း ၁၀၀ ပြောင်းလဲခြင်းကိစ္စကို ဒေါက်တာသာထွန်းကျော်က ဆုံးဖြတ်ပေးနိုင်ခြင်း မရှိပါသဖြင့် ဝန်ကြီးဌာန၏ အမြင့်ဆုံးသော စီမံခန့်ခွဲရေး ကော်မတီ(EC) အစည်းအဝေးတွင် တင်ပြဆွေးနွေးပေးမည်ဖြစ်ကြောင်း၊ ဆွေးနွေးမည့်ကိစ္စအား ရက်အနီးဆုံး EC အစည်း အဝေး(ယခုရက်သတ္တပတ်အတွင်း) တင်ပြဆွေးနွေးပြီးရလဒ်ကို သက်ဆိုင်ရာ ကျောင်း အုပ်ကြီးမှ တစ်ဆင့် အကြောင်းကြားပေးမည်ဖြစ်ကြောင်း၊ ရလဒ်မရောက်ရှိခင်အထိ စာချုပ်ချုပ်ဆိုခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူတို့၏ တင်ပြတောင်းဆိုချက်ဖြစ်သော ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ တက်ရောက်ခွင့်ရ သင်တန်းသား၊ သင်တန်းသူတို့ကို မူလ လျှော်ကြေး ၈ သိန်း ကျပ်တိတိဖြင့်သာ ချုပ်ဆိုရန်နှင့် ၂၀၁၉ ခုနှစ် ဝင်ခွင့်လမ်းညွှန်တွင် တရားဝင်ကြေညာပြီးမှသာ ပြောင်းလဲပြင်ဆင်ချုပ်ဆိုရန် တောင်းဆိုချက် အားတင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သဘောတူညီကြောင်း သိရှိရသည်။

သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း သင်တန်းသားသူနာပြုများကို သိန်း ၁၀၀ လျှော်ကြေးစာချုပ်ချုပ်ခိုင်းသည့်ကိစ္စ သဘောမတူကြောင်း စက်တင်ဘာလ ၉ ရက်နေ့ နေ့စွဲဖြင့် သဘောထားကြေညာချက်တစ်ရပ်ထုတ်ပြန်ထားပြီးဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com