Business political news

သီဟန်သောင်း၊ ကိုရှမ်း၊ ကိုအောင်ဆန်း အပါအဝင် ဒေါ်လာနှင့်ရွှေကုန်သည် ၄ ဦး ဖမ်းဆီးအရေးယူခံရ၊ တိမ်းရှောင်နေသည့် ဒေါ်လာလက်ကြီးကုန်သည် နာမည်တချို့ ထွက်ပေါ်လာ

ရန်ကုန်၊ စက်တင်ဘာ ၂၉

ပြည်တွင်းငွေလဲဈေးကွက်တွင် ဒေါ်လာတန်ဖိုးမြင့်တက်စေရန်ဈေးဆွဲတင်ခဲ့ကြသူများကို အစိုးရက ခေါ်ယူစစ်ဆေးလျက်ရှိရာမှ ယနေ့တွင် ဒေါ်လာနှင့်ရွှေကုန်သည် ၄ ဦးကို ဖမ်းဆီးရမန်ယူလိုက်ပြီး ထွက်ပြေးတိမ်းရှောင်နေသော ဒေါ်လာလက်ကြီးကုန်သည်တချို့၏ နာမည်များလည်း ထွက်ပေါ်လာကြောင်း သိရှိရသည်။

“အခုနောက်ဆုံး သိထားတာက သီဟန်သောင်း၊ ကိုရှမ်း၊ ကိုအောင်ဆန်း နဲ့ အခြား တစ်ဦးကတော့ နာမည် သေချာမသိဘူး။ စုစုပေါင်း ၄ ဦးကို ဖမ်းလိုက်ပြီ၊ ရမန်ယူထားပြီးပြီပေါ့။ အမှုဆွဲပြီး တရားရုံးတင်မယ့်သဘောပါပဲ။ အဲဒီမှာ ကိုအောင်ဆန်းက ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းရဲ့ အမှုဆောင်ထဲပါတယ်” ဟု မဂိုလမ်းမှ အမည်မဖော်လိုသော နိုင်ငံခြားငွေလဲဒိုင်က ပြောသည်။

လက်ရှိ အထူးစုံစမ်းစစ်ရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးခံနေချိန် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေါ်လာ ဝယ်ရောင်းလက်ကြီးသမားများ၏ အမည်များလည်း ထွက်ပေါ်လာပြီး ၎င်းတို့မှာ မဂိုလမ်းအခေါ် နာမည်အားဖြင့် အန်ထော်နီ ၊ သက်နောင်ဝင်း အပါအဝင် ဒေါ်လာဝယ်ရောင်းလက်ကြီး ဈေးဆွဲတင်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ကုန်သည်အသိုင်းအဝိုင်းက ပြောသည်။

“သိသလောက်တော့ ပြည်တွင်းထဲတင်ပြေးတာမဟုတ်ဘူး။ ပြည်ပပါ ပြေးတယ်လို့ ကြားတယ်။ လက်ရှိကတော့ မဂိုလမ်း ဒေါ်လာဈေးကွက်ကတော့ ပျက်သွားမယ့် သဘောတော့မြင်နေရပြီ” ဟု အဆိုပါ နိုင်ငံခြားငွေလဲဒိုင်က ပြောသည်။

လက်ရှိ စုံစမ်းချက်များအရ အဆိုပါဖမ်းဆီးထားသူများသည် ၂၀၁၂ ခုနှစ် နိုင်ငံခြားငွေစီမံခန့်ခွဲမှု ပုဒ်မ ၄၂၊ ၄၃ တို့အရ အရေးယူခံရခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂၊ ၄၃ အရ ဥပဒေအရ တားမြစ်ချက်ထားသည့် နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေပါ အချက်များကို ဖောက်ဖျက်ကျူးလွန်သူသည် ၃ နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်ဟု ဖော်ပြထားသည်။

အစိုးရက ဆက်လက်စစ်ဆေးနေဆဲ ရွှေကုန်သည်နှင့်ဒေါ်လာကုန်သည်များလည်း ရှိနေပြီး များမကြာမီ ဖမ်းဆီး အရေးယူများ ထပ်မံဆောင်ရွက်ဦးမည်ဖြစ်ကြောင်း သိရှိရသည်။

တရားမဝင်ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးဆွဲတင်မှုကြောင့် တစ်ဒေါ်လာ ၁၆၅၀ အထိ အမြင့်ဆုံးတက်ခဲ့ပြီး အစိုးရက ဝင်ရောက် ထိန်းသိမ်းပြီးနောက် တစ်ဒေါ်လာ ၁၅၂၀ ကျပ်အထိ ဈေးထိုးကျလာပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts