All News Local News

သတင်းမီဒီယာဥပဒေပြင်ဆင်ရေး စုပေါင်းဆောင်ရွက်ကြဖို့ လိုဟု ပြန်ကြားရေးဝန်ကြီး ပြော

ရန်ကုန်၊ စက်တင်ဘာ ၁၈

မြန်မာနိုင်ငံတွင် လက်ရှိပြဋ္ဌာန်းထားသော သတင်းမီဒီယာဥပဒေပြင်ဆင်ရေးအတွက် စုပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ပြီး တစ်ဦးတစ်ယောက်ကောင်း နည်းလမ်းဖြင့်ဆောင်ရွက်နေပါက ရလဒ် မထွက်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ဒုတိယအကြိမ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များနှင့် ပြန်ကြားရေးဝန်ကြီးဌာနတွေ့ဆုံ့ပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

“သတင်းမီဒီယာဥပဒေပြင်ဆင်ဖို့လိုတယ်။ ဘယ်အချက် ဘယ်လိုပြင်မယ်ဆိုတာ တိတိကျကျပြောထုတ်ပြန်ပြီး ကြေညာပါ။ တင်ပါ။ ဆွေးနွေးစရာရှိတာ ဆွေးနွေးပါ။ စာတင်စရာရှိတာတင်ပါ။ ဘယ်အချက်၊ ဘယ်အချက် ဘယ်လိုလုပ်မလဲ။ ဒီတိုင်းပြည်မှာ ဘယ်ယန္တရားတွေက ဘယ်လိုလည်ပတ်နေလဲဆိုတာ သိနေတာပဲ။ ဒီကိစ္စ အောင်မြင်ဖို့အတွက် ဘယ်ကနေ ဘယ်လိုလုပ်မလဲဆိုတာ ဟာကို စနစ်တကျ သေချာတိုင်ပင်ပြီး လုပ်မယ်ဆိုရင်တော့ အောင်မြင်မယ်လို့ ထင်ပါတယ်။ သို့မဟုတ်ဘဲ တစ်ယောက်တစ်နည်းလုပ်နေကြရင်တော့ ကိုယ်လိုချင်တဲ့ ရလဒ် မထွက်ဘူး” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးထားသော သတင်းထောက်များ ကိစ္စ ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဖမ်းဆီးထားတဲ့သတင်းထောက် ဘာညာဖြစ်တဲ့ အနေအထား ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အောက်ရုံးခန်းမှာ တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ လုပ်ပါတယ်။ အဲဒါကို ကျနော်စတင်ပေးပါတယ်။ ဆက်လက်ပြီးတော့ အားထုတ်မှု နည်းတယ်လို့ ကျနော်ပြောချင်ပါတယ်။ ကျနော်တို့ ဆက်ပြီးတော့ တွန်းပေး၊ ကျနော်တို့က ဆက်ပြီး တောင်းဆိုရမယ်ဆိုတာတွေရှိပါတယ်။ ဒီလိုဟာမျိုးဖြစ်လာရင် ရေရှည်မှာ ဘယ်လိုညှိနှိုင်းဖြေရှင်းကြမလဲဆိုတဲ့ လုပ်ငန်းစဉ် ကြိုးစားခဲ့တာတွေရှိပါတယ်။ အဆင်မပြေတဲ့အတွက်ကြောင့် စောစောက ပြောတဲ့ ဒီစုပေါင်းဆောင်ရွက်မှု မရှိတဲ့အားနည်းတဲ့အတွက်ကြောင့် မအောင်မြင်တာတွေရှိပါတယ်” ဟု ဆိုသည်။

သတင်းမီဒီယာဥပဒေပြင်ဆင်ရေးအပါအဝင် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုပေါင်း နည်းလမ်းရှာသင့်သည်ဟု ဝန်ကြီးက ပြောသည်။

” တိုးတက်အောင် စုပေါင်းပြီး နည်းလမ်းရှာသင့်တယ်လို့ကျနော်တို့ မြင်ပါတယ်။ ဘယ်လိုလုပ်မလဲဆိုတာ ရလဒ် ထွက်ဖို့ ကျနော်တို့ ဘာလိုချင်သလဲ၊ အဲဒါဆိုရင် အဲဒါရမှာပေါ့။ ရှိတဲ့အနေအထား ပေါ်မှာ ဒီဟာဖြစ်ဖို့ ဘယ်လုပ်မလဲ။ အဲဒါကို တစ်ဆင့်တည်းရမလား၊ နှစ်ဆင့် သုံးဆင့်သွားမလား။ တည့်တည့်သွားမလား ဒါတွေကတော့ စဉ်းစားသုံးသပ်ရွေးချယ်လုပ်ရမယ့် ကိစ္စဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

ပြန်ကြားရေးဝန်ကြီးဒေါက်တာဖေမြင့်သည် စာနယ်ဇင်းလောကသားတစ်ဦးဖြစ်သော်လည်း စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်ရေး တစ်စုံတစ်ရာ ဆောင်ရွက်နိုင်ခြင်းမရှိဟု စာနယ်ဇင်းအသိုင်းအဝိုင်း၏ ဝေဖန်မှုခံနေရသူလည်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts