Local News political news

လွိုင်ကော်မြို့တွင် သာသနာ့မြေဆိုပြီး ရပ်ကွက်လိုက် ဖယ်ရှားခိုင်းမှု ပြောင်းဖူး သပိတ်ဆင်နွှဲပြီးနောက် သမ္မတဦးဝင်းမြင့်ဆီ စာတင်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်းရှမ်း က အုပ်စု ၉ ရပ်ကွက်တွင် ရှိနေသော အိမ်ခြေ ၁၅၀ ခန့်ကို ကျူးကျော်ဟုသတ်မှတ်ကာ သာသနာ့မြေအတွင်း ကျရောက်နေသည်ဟုဆိုပြီး ဖယ်ရှားခိုင်းနေမှုကို သမ္မတဦးဝင်းမြင့်ဆီတင်ပြမည်ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့က သာသနာ့နယ်မြေအတွင်းကျရောက်နေခြင်း၊ ကျူးကျော်သည်ဟုဆိုနေခြင်းနှင့်ပတ်သက်ပြီး အဆိုပါရပ်ကွက်နေထိုင်သူများက ပြောင်းဖူးသပိတ် ဆင်နွှဲ ဆန္ဒပြမှု လုပ်ဆောင်ခဲ့ကြကြောင်း၊ ယင်းရပ်ကွက်တွင် နေထိုင်သူများသည် မိမိ၏ ငွေကြေးပိုက်ဆံဖြင့် မြေကွက်ဝယ်ယူနေထိုင်ရခဲ့ခြင်းဖြစ်ကြောင်းဆန္ဒပြပွဲ ဦးဆောင်သူ ကိုမောင်က ပြောသည်။

“ကန့်ကွက်တယ်ဆိုတာ ပထမတုန်းက နန်မိုးဟန်း ကကြီး အုပ်စု ၉ ဆိုပြီး သတ်မှတ်ပေးထားတယ်။ အဲဒီကနေ ကျူး ၆ ဆိုပြီး သတ်မှတ်တာကို ကျနော်တို့ကို မိုးကုန်ရင် ဖယ်ပေးရမယ်ဆိုတဲ့ စကားရှိတယ်။ အဲဒါကို ကျနော်တို့က မပြောင်းရွှေ့ချင်တဲ့အတွက် မြေယာပိုင်ဆိုင်ရေးဆိုတာကို ကျနော်တို့က ဆန္ဒထုတ်ဖော်ကြတာပါ။ ဒီနေရာ ကျူးကျော်မဟုတ်ဘူး။ ကျနော်တို့ တစ်ပိုင်တစ်နိုင် တန်ရာတန်ကြေးပေးပြီးတော့ ဝယ်ထားရတာပေါ့။ သူတို့တောင်ယာအခွန်ဆောင်ထားတဲ့ ပြေစာလည်းရှိတယ်။ သာသနာ့မြေဆိုတာလည်း ကျနော်တို့သိသလောက်မဟုတ်ဘူး။ ပွင့်လင်းမြင်သာမှုလည်းမရှိဘူးလေ။ ကျနော်တို့ကတော့ အတင်းအကျပ်လာလုပ်ရင် သမ္မတဆီစာတင်မယ်။ သက်ဆိုင်ရာ အရာရှိတွေဆီလည်း တင်ဖို့ ရည်ရွယ်ထားတယ်။ ၁၅၀ လောက်ရှိပါတယ်။ အိမ်ထောင်စု ၁၈၀ လောက်ရှိမယ်။ ကျနော်တို့ ဆန္ဒပြပွဲပြီးသွားရင် အစိုးရဘက်က တရားဝင်ချထားပေးမှာလား မပေးဘူးလား ခဏစောင့်ကြည့်မယ်။ စောင့်ကြည့်လို့ ဘာမှ လှုပ်ရှားမှုမရှိရင် စီစဉ်ထားတဲ့ စာရွက်စာတမ်းတွေကို သမ္မတဆီ မရောက်ရောက်အောင်ပို့မယ်ဆုံးဖြတ်ထားတယ်” ဟု ကိုမောင်က ပြောသည်။

ကယားပြည်နယ်အစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမော်မော်က နမ့်ဘော်ဝမ်ရှမ်း က အုပ်စု ၉ ရပ်ကွက်သည် ၁၉၅၁ ခုနှစ် သာသနာ့မြေအတွက် အသုံးပြုရန် ဧက ၄၀၀ ကျော် လှူဒါန်းခဲ့သည့်မြေများအတွင်း ကျရောက်နေခြင်းဖြစ်၍ ယခု မိုးအကုန် ဖယ်ရှားပေးရန် ဒေသခံများကို စေခိုင်းထားကြောင်း သိရှိရသည်။

ကယားပြည်နယ်တွင် ဗိုလ်ချုပ်ရုပ်တုထားရှိရေးမှစ၍ ပြည်နယ်နှင့်သက်ဆိုင်သော ကိစ္စများတွင် ပြည်နယ်အစိုးရနှင့် ဒေသခံလူထုအကြား မပြေလည်မှုများ မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိသည်။

 

Photo Credit- Kantarawaddy Times

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts