Local News political news

လူ့အခွင့်အရေးရှေ့နေ ဒေါ်ခင်ခင်ကျော်ကို သာယာဝတီမြို့နယ်တရားရုံးက ဝတ္တရားနှောင့်ယှက်မှုဖြင့် တရားစွဲဆိုထားမှု စက်တင်ဘာ ၂၈ ရက်နေ့ အမိန့်ချမည်

ရန်ကုန်၊ စက်တင်ဘာ ၂၃

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အကြမ်းဖက်ဖြိုခွင်းခဲ့သော လက်ပံတန်းကျောင်းသားသပိတ်မှ ကျောင်းသားများနှင့် ပြည်သူများအတွက် ရှေ့တန်းမှ ရပ်တည်ပေးခဲ့သော လူ့အခွင့်အရေး ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို သာယာဝတီမြို့နယ်တရားရုံးက ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၂၂၈ ဖြင့် တရားစွဲဆိုထားမှုကို လာမည့်စက်တင်ဘာလ ၂၈ ရက်နေ့တွင် အမိန့်ချမှတ်တော့မည်ဖြစ်သည်။

၂၀၁၅ ခုနှစ် လက်ပံတန်းကျောင်းသားသပိတ်ကို အာဏာပိုင်များက ဖြိုခွင်းအပြီး ဖြိုခွင်းခဲ့သော ရဲများကို ကျောင်းသားများနှင့်ပြည်သူများကိုယ်စား ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြန်လည် တရားစွဲခဲ့ကြောင်း၊ ယင်းသို့ တရားစွဲရာတွင် လျှောက်လွှာတွင် ဒုရဲမှူး နန္ဒာဝင်း အမည်အစား ဒုရဲမှူးကြီး နန္ဒာဝင်းဟု ပြင်ဆင်ပေးရန် ရှေ့နေဒေါ်ခင်ခင်ကျော်က လျှောက်ထားခဲ့ပြီး “တရားသူကြီးမှလျှောက်လွှာကိုလည်းလက်မခံ ၊ နှုတ်ဖြင့်လျှောက်လွှဲချက်ကိုလည်းလက်မခံဘဲ ရဲမှူးနန္ဒာဝင်းအား တရားစွဲဆိုထားသည့်အမှုကို ဇွတ်အတင်း အမိန့်ချရန်ကြိုးစားခဲ့သဖြင့် တရားသူကြီးနဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော် တို့ အချေအတင် ငြင်းခုန်မှုဖြစ်ပွားခဲ့ကြောင်း၊ယင်းနောက် သာယာဝတီမြို့နယ် တရားရုံးမှ တရားသူကြီး ဦးချစ်မြတ်က ရှေ့နေဒေါ်ခင်ခင်ကျော်ကို ဝတ္တရားနှောင့်ယှက်မှု ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၂၈ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သာယာဝတီမြို့နယ်တရားရုံးတွင် တရားရင်ဆိုပြီး ၃ နှစ်အကြာ လာမည့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရှေ့နေ ဒေါ်ခင်ခင်ကျော်အမှုကို သာယာဝတီမြို့နယ်တရားရုံးက အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

“တကယ်တော့ ဒီဖြစ်စဉ်က တရားရုံးမထီမဲ့မြင်ပြုမှုလောက်နဲ့ကို စွဲလို့ရတယ်။ အခုက ရာဇဝတ်ပုဒ်မ ဝတ္တတရားနှောင့်ယှက်မှုနဲ့ စွဲတာက ထောင်ချချင်လို့။ ကျောင်းသားတွေကိုယ်စား သူ့စတေးမယ်ဆိုတာမျိုးရှိပုံရတယ်။ ဒီပုဒ်မနဲ့ဆိုရင် ထောင် ၆ လ လောက်ချလို့ရတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

တက်ကြွလှုပ်ရှားသူများနှင့်ကျောင်းသားများကမူ လူ့အခွင့်အရေးရှေ့နေ ဒေါ်ခင်ခင်ကျော်ကို အမိန့်ချမှတ်မည့်နေ့ စက်တင်ဘာလ ၂၈ နေ့တွင် သာယာဝတီမြို့နယ်တရားရုံးသို့ သွားရောက် ဝန်းရံကြရန် ဆော်သြလှုပ်ရှားမှုများ လူမှုကွန်ရက်များတွင် ပျံ့နှံ့လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com