Local News political news

ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတွေ ညိုမည်း အရောင် ပြောင်းလာမှု ဘယ်သူ့မှာ တာဝန်ရှိလဲ

ဓာတ်ပုံ-ရွှေတိဂုံစေတီတော် ကြာမှောက်ကြာလှန်က အမည်းရောင် ပြောင်းနေတဲ့ ရွှေသင်္ကန်းတွေ။(ကိုကျော်သူ)

By ရန်ကုန်ခေတ်သစ်

ရွှေတိဂုံစေတီတော် ကြာမှောက်ကြာလှန်နေရာမှာ ရွှေသင်္ကန်းတွေ ရွှေရောင်မပေါက်တော့ဘဲ အမည်းရောင်ပြောင်းလဲနေမှုကို ဓာတ်ပုံအထောက်အထားတွေနဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာတာကြောင့် ပြည်သူတွေကြားမှာ အုတ်အော်သောင်းနင်းဖြစ်သွားပါတယ်။

ပုံမှန်အားဖြင့် ၅ နှစ် တစ်ကြိမ် ရွှေသင်္ကန်း လဲလှယ်မှုကို သတ်မှတ်ဆောင်ရွက်လေ့ရှိပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ရွှေတိဂုံစေတီတော် ကြာမှောက်ကြာလှန်မှာ အမည်းရောင်ပြောင်းနေတဲ့ ရွှေသင်္ကန်းတွေ ကြောင့် ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်လာတာမို့ ၄ နှစ်တည်းနဲ့ ရွှေသင်္ကန်းအသစ် ပြန်လည် ပူဇော်ဖို့ စီစဉ်နေတယ်လို့ ဘုရားဂေါပကအဖွဲ့က ပြောပါတယ်။

“ဘုရားရွှေတောင် ခိုးတယ်။ ဘယ်လိုလူစားတွေလဲ” ၊ ” ဘုရားရွှေမည်းသွားတဲ့ ကိစ္စ ပွင့်လင်းမြင်သာမှု ရှိပါ” စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဘုရားရွှေ မည်းသွားတဲ့ ကိစ္စအပေါ် ပြင်းပြင်း ထန်ထန်ဝေဖန်ကြပါတယ်။

“ဘုရားထက်ကြီးတဲ့ လူကြီးတွေ မို့ ဘုရားလူကြီးလို့ခေါ်တယ်”၊ ” ဂေါပကလူကြီးတွေကို မပြစ်မှားနဲ့ သူတို့ဗိုက်ထဲမှာ ဌာပနာတွေရှိတယ်” ဆိုတဲ့ ဟာသလုပ် အရွှန်းဖောက်တဲ့ စာသားတွေဟာလည်း လူမှုကွန်ရက်တွေမှာ အဝေဖန်ဆုံးနဲ့ အတွေ့ရ အများဆုံး ပို့စ်တွေ ဖြစ်နေပါတယ်။

၂၀၁၄ ခုနှစ်မှာ ရွှေတိဂုံစေတီတော်ကို ရွှေသင်္ကန်း အသစ်လဲလှယ်ထားပြီး ပုံမှန်ဆိုရင် ၅ နှစ်အကြာ ၂၀၁၉ ခုနှစ်မှာမှ ရွှေသင်္ကန်း လဲလှယ် အသစ်ပူဇော်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အခု ရွှေပြား အမည်းရောင်ပြောင်းတဲ့ကိစ္စကြောင့် အခု ၂၀၁၈ ခုနှစ်ထဲမှာပဲ ရွှေသင်္ကန်းအသစ် ပြန်လည် လဲလှယ်ဖို့ စီစဉ်နေပါပြီ။ ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းလဲလှယ် ပူဇော်တဲ့ ၂၀၁၄ ခုနှစ်ဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ဖြစ်ပြီး သာသနာရေးဝန်ကြီးက ဦးစိုးဝင်းဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကတော့ သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးလည်းဖြစ်ခဲ့ပြီး အမျိုးသားတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာနေဇင်လတ်ရဲ့ ဘုရားရွှေနဲ့ ပတ်သက်တဲ့ မှတ်ချက်ပါပဲ။

 

ဒေါက်တာနေဇင်လတ်က သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ရွှေချထားပြီးသားကို ပြန်စစ်တော့ ဘာအကျိုးဖြစ်မှာကို ရည်ရွယ်သတုန်းလို့ မေးစရာဖြစ်လာတယ်၊ နောက်ချမဲ့ ရွှေတွေကိုသာ စစ်ပြီး အားလုံးသံသယလည်းရှင်း အငြင်းပွားဖွယ်ရာ ကင်းမှာမဟုတ်လား၊ ထူးခြားတဲ့ ရည်ရွယ်ချက်ရှိနေရင်တော့လည်း မပြောတတ်ဘူးလေ” ဆိုပြီး ရေးသားခဲ့တာကြောင့် ဝေဖန်မှုတွေ များပြားခဲ့ပါတယ်။

ဘုရားရွှေကို ပြန်စစ်လို့ အကျိုးမဖြစ်ဘူးလို့ ဒေါက်တာနေဇင်လတ်က ဆိုတာဟာ သမ္မတဦးသိန်းစိန်အစိုးရနဲ့ သာသနာရေးဝန်ကြီးတွေ ၊ ဗိုလ်ချုပ်ဟောင်းတွေ ဘုရားရွှေခိုးသလားဆိုတဲ့ မေးခွန်းတွေနဲ့ သို့လော သို့လော အတွေးတွေ ပြည်သူတွေကြားမှာ ဖြစ်ပေါ်စေလာတာပါ။

ဘုရားရွှေကို လက်လွတ်စပယ် ရေးသားပြောဆိုခဲ့မှုကြောင့် အတော်ကြီး ဝေဖန်ခံရတော့မှ ဒေါက်တာနေဇင်လတ်က သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မူလ ရေးသားထားမှုကို ဖျက်ပြီး

“ရွှေတိဂုံဘုရားကိစ္စက အတော်ဂယက်ကောင်းလာတယ်၊ ကိုယ့်ရှုဒေါင့်နဲ့ကိုယ်ရေးကြသားကြတယ်၊ ဗုဒ္ဓဘာသာ ၈၀% တို့ရဲ့အထွတ်အမြတ်ထားရာဖြစ်လို့ မထိပါးစေချင်ဘူး၊
အကောင်းဆုံးက လွတ်လပ်တဲ့ပညာရှင်အဖွဲ့ကိုသုံးပြီး စစ်ဆေးသင့်တယ်၊ ရှေ့လူတွေမှာတာဝန်ရှိတာတွေ့ရင်ပါဝင်ခဲ့သူတွေကို ပြတ်ပြတ်သားသား အပြစ်ပေး၊မဟုတ်ရင်လဲ ဘာကြောင့် အခုလိုသတင်းထွက်ပြီးလုပ်တယ်ဆိုတာဖေါ်ထုတ်အရေးယူ။ရွှေတိဂုံကိုတော့ မှဲ့မစွန်းစေချင်ဘူး” လို့ ပြန်လည် ရေးသားခဲ့ပါတယ်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ကမ္ဘာမှာ အရက်ရောဆုံးနဲ့ အလှူဒါန်းဆုံး လူမျိုးဖြစ်ပြီး မိမိတို့ လှူဒါန်းမှုအတွက် ကြည်နူးဝမ်းသာပီတိဖြစ်ကြသူတွေပါ။ ဒါပေမယ့် ရွှေတိဂုံ ဘုရားရွှေတွေမည်းသွားတဲ့ကိစ္စတွေမှာ တော့ ပြည်သူတွေဟာ သည်းမခံနိုင်ကြပါဘူး။ ဘုရားရွှေတွေဟာ ခေတ်စကားနဲ့ ဂျင်းရွှေတွေလားဆိုပြီးလည်း မေးခွန်းထုတ်ကြပါတယ်။ တန်ခိုးကြီးဘုရားက ရွှေတွေမှန်သမျှ ပြန်လည်စစ်ဆေးဖို့ တောင်းဆိုမှုတွေလည်းရှိလာနေပါတယ်။

မန္တလေးမဟာမြတ်မုနိဘုရားကြီးဆိုရင်လည်း စစ်အစိုးရခေတ်က ဗိုက်ဖောက်ခံရတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ဖူးတာမို့ အရင်စစ်အစိုးရဗိုလ်ချုပ်တွေဟာ ဘုရားတွေကိုတောင် ချမ်းသာပေးမယ့် ပုံမပေါ်ဘူးဆိုပြီး သုံးသပ်ချက်တွေလည်းရှိလာနေပါတယ်။

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကတော့ စက်တင်ဘာလ ၁၀ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပေးပြီး အဲဒီကြေညာချက်မှာ ရွှေတိဂုံစေတီတော်ကြီးကို ရွှေသင်္ကန်းကပ်လှူရာမှာ ရွှေပြားကပ်လှူခြင်း၊ သစ္စေးသုတ်၍ ရွှေမျက်ပါးကပ်ခြင်း လုပ်ငန်းနှစ်မျိုးကိုသာ ယခင်က ဆောင်ရွက်လေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ရွှေစင်ပြားလုပ်ငန်း (Gold Coating) ကိုလည်း ရေရှည်ခိုင်ခံ့တဲ့အစားထိုးနည်းလမ်းအဖြစ် အသုံးပြုတယ်လို့ ဆိုပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ်မှာ ရွှေသင်္ကန်း ဆပ်ကပ်ပူဇော်ရာမှာ Gold Coating နည်းလမ်းနဲ့ ရွှေစင်ပြားတွေ စတင်စမ်းသပ် အသုံးပြုခဲ့ပြီး ကြာမှောက် ကြာလှန်နေရာမှာ အဲဒီ ရွှေစင်ပြားတေ ကပ်လှူပူဇော်ဖို့ ဦးစန်းလွင်ကို တာဝန်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဦးစန်းလွင်ကို ရွှေစင် ၄၂ ပိဿာ ထုတ်ပေးခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ရွှေစင်ပြားတွေ ညိုမည်းနေလို့ ရွှေစင်ပြားတွေ သန့်စင်ဖို့ တာဝန်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဦးစန်းလွင်က ရောင်တော်ဖွင့်ရာမှာ ဆိုင်ယာနိုက် ဓာတ်ဆေးရည် အသုံးပြု ဆောင်ရွက်ပေမယ့်လည်း အောက်ခြေမှာ ရှိတဲ့ သစ္စေး လုပ်ငန်းများ မထိခိုက်စေဖို့ ရေနဲ့ လုံလောက်အောင် ဆေးကြောခြင်း မပြုလုပ်နိုင်ခဲ့ဖူးလို့ ဆိုပါတယ်။

ဆိုင်ယာနိုက်ဓာတ်ပြုမှုကြောင့် ကြာမှောက် ကြာလှန်က ရွှေစင်ပြားတွေ ညိုမည်းလာပြီး အမြင် မတင့်တယ်တာမို့ အခု ၂၀၁၈ ခုနှစ်မှာ ကြာမှောက် ကြာလှန်က ရွှေစင်ပြားတွေ အားလုံး ဖြုတ်ချပြီး Gold Coating ရွှေစင်ပြားတွေ အသစ်ထပ်လုပ်နေတယ်လို့ ဆိုပါတယ်။

ဖြုတ်ချလိုက်တဲ့ ရွှေစင်ပြားတွေမှာ ရွှေပါဝင်မှုနှုန်းနဲ့ ရွှေအရည်အသွေးပြည့်မီခြင်း ရှိ၊ မရှိကိုတော့ လိုအပ်သလို စစ်ဆေးဆောင်ရွက်သွားမယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ထုတ်ပြန်ပါတယ်။

ရွှေတိဂုံစေတီတော်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း အထွတ်အမြတ်ထားရာနေရာဖြစ်လို့ ရွှေစင်ပြားတွေ ညိုမည်းသွားတဲ့ ကိစ္စဟာ အကျင့်ပျက်ခြစားမှုကြောင့်လား၊ ဂေါပကအဖွဲ့က ပြောတဲ့ ဆိုင်ယာနိုက် ဓာတ်ပြုမှုကြောင့်လား၊ ရွှေစင်ပြား လုပ်ငန်း လုပ်ခွင့်ရတဲ့ ဦးစန်းလွင်ရဲ့ ရွှေစင်ပြားတွေမှာ ရွှေပါဝင်မှုနှုန်းနေလို့လား စတဲ့ မေးခွန်းတွေရဲ့ အဖြေကို ပြည်သူလူထုက စိတ်ဝင်စားနေကြပါတယ်။ ဒီအဖြေကို ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ပြန်မလား၊ ဒီလိုနဲ့ပဲ အချိန်တွေကြာပြီး အမေ့ခံဖြစ်သွားမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com