Local News political news

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံဖြင့် AI အဖွဲ့လှုပ်ရှားမှု လူမှုကွန်ရက်တွင် ရှယ်သူများပြားပြီး ပွဲဆူ

ရန်ကုန်၊ စက်တင်ဘာ ၂၆

စက်တင်ဘာလ ၂၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ မန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓာတ်ပုံဖြင့် လူအများအပြားသတ်မှုအတွက် အလိုရှိသည်ဆိုတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)ရဲ့ လှုပ်ရှားမှုကို လူမှုကွန်ရက် မြန်မာအသိုင်းအဝိုင်းမှာလည်း အပြောများသလို ရှယ်သူ များပြား ပွဲဆူခဲ့ပါတယ်။

ကုလသမဂ္ဂ ၇၃ ကြိမ်မြောက် UNGA ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပချိန်မှာ ခုလို လှုပ်ရှား တာလည်း ဖြစ်ပြီး နယူးယောက်မြို့တဝိုက်က အထင်ကရ နေရာတွေအပါအဝင် နေရာ ၃၀ မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အလိုရှိသည်ဆိုတဲ့ ပိုစတာတွေကို AI က ကပ်ခဲ့တာပါ။ အလားတူ ထရပ်ကားတွေမှာ အလားတူ ပိုစတာတွေကပ်ပြီး နယူးယောက်မြို့တွင်း လှည့်လည်မှုတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှု ဓာတ်ပုံတွေက လူမှုကွန်ရက်အသုံးပြုတဲ့ မြန်မာတွေကြားမှာလည်း ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှု နှစ်မျိုးပေါ်ပေါက်လာပါတယ်။ ဒီလှုပ်ရှားမှုကို ထောက်ခံကြသူ ရှိသလို ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်တစ်ဦးကို ဒီလိုလုပ်တာကို ဆန့်ကျင်တယ်ဆိုတဲ့ မတူညီတဲ့ အမြင်နှစ်ခုအကြားမှာ အငြင်းပွားမှု တွေလည်း မြင်တွေ့ရပါတယ်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုကတော့ AI အဖွဲ့ရဲ့ လှုပ်ရှားမှုကို စော်ကားမှုအဖြစ် ရှုမြင်တယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာ ရေးသားပါတယ်။

“နိုင်ငံရဲ့ကာကွယ်ရေးဦးစီးချုပ်ကို စော်ကားတယ်လို့ပဲမြင်ပါတယ်။ ဒီလိုပါဘဲ မစစ်ဆေးရသေးဘဲ ကျနော့်ကိုတရားခံအနေနဲ့စွပ်စွဲရင် ကျနော်လက်မခံနိုင်ပါဘူး။ဒါပေမဲ့ အဲဒါကသက်သက်ကိစ္စတစ်ခုပါ။တပ်မတော်က ရွေးကောက်ခံမဟုတ်တဲ့ ၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေလွှတ်တော်ထဲဝင်ထိုင်နေတဲ့ကိစ္စဟာ လွှတ်တော်သက်တမ်းနှစ်ဆက်မှာ( အနည်းဆုံး)၅ ရာခိုင်နှုန်း တော့လျော့သွားသင့်ပြီ” လို့ ရေးသားခဲ့ပါတယ်။

အခြားသော လူမှုကွန်ရက်တွေမှာလည်း AI လှုပ်ရှားမှုကို ဆယ်လီဖြစ်ပြီဆိုတဲ့ မှတ်ချက်တွေနဲ့ ပြန်လည် မျှဝေကြတာလည်း အများအပြားတွေ့ရပါတယ်။ ထောက်ခံသူနဲ့ ဆန့်ကျင်သူတွေကြားမှာ ဖေ့ဘုတ်စ် Comment တွေကနေ အချင်းချင်း အပြန်အလှန်ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း AI အဖွဲ့ရဲ့ လှုပ်ရှားမှုသတင်းကို တင်ပြတဲ့ ဘီဘီစီသတင်းဌာန၊ ဧရာဝတီ သတင်းဌာနအပါအဝင် သတင်းဌာန လူမှုကွန်ရက်စာမျက်နှာအောက်တွေမှာ မြင်တွေ့ရပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com