Local News political news

ဖက်ဒရယ်မူချမှတ်ရေး နှင့် ပြည်ထောင်စု တပ်မတော် ကိစ္စ အပါအဝင် ဆက်ဆွေးနွေးမည့်အချက် ၅ ချက် PPST ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၂

တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုစည်းဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဖက်ဒရယ်မူ ချမှတ်ရေးနှင့် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး ကိစ္စအပါအဝင် အချက် ၅ ချက်ကို အစိုးရ၊ စစ်တပ်တို့နှင့် ဆက်လက် ဆွေးနွေးမည်ဟု ထုတ်ပြန် လိုက်သည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပသော တတိယ အကြိမ် PPST ထိပ်သီးအစည်းအဝေးအပြီးတွင် ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် ဖြစ်ပေါ်နေသော တစ်ဆို့နေမှုများကို အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ သက်ဆိုင်ရာခေါင်းဆောင်များအကြား အမြန်တွေ့ဆုံညှိနှိုင်း၍ နိုင်ငံရေး သဘောတူညီချက်တစ်ခု အမြန်ချမှတ်ရန်လိုအပ်နေသည်ဟု PPST ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်မှု ပိုမိုအားကောင်းလာနိုင်စေရန်အတွက် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NCA-S EAO ခေါင်းဆောင်များအကြား ဆွေးနွေးတင်ပြခဲ့ကြသည့်
(၁) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံ အစည်းအဝေးများ ဆက်လက် ကျင်းပနိုင်ရေးကိစ္စ။
(၂) နိုင်ငံရေးဆွေးနွေးမှုတွင် ပြည်ထောင်စုမှခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ လူနည်းစုအခွင့်အရေး၊ ပြည်နယ်စုဖွဲ့မှု စသည့် ဖက်ဒရယ်မူများချမှတ်နိုင်ရေးကိစ္စနှင့် ပြည်ထောင်စုတပ်မတော်ဆိုင်ရာကိစ္စ။
(၃) ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ရှင်းလင်းလွယ်ကူစွာချမှတ်နိုင်မည့်နိုင်ငံရေးဆွေးနွေးမှု ပုံစံများ ရှာဖွေရေးကိစ္စ။
(၄) အလုပ်အဖွဲ့များ၊ ကော်မတီများနှင့် ဆုံးဖြတ်ရန်မပြီးပြတ်သည့်ကိစ္စရပ်များကို သက်ဆိုင်ရာ ဆုံးဖြတ်နိုင်သည့် ထိပ်ပိုင်းခေါင်းဆောင်များအကြား ဆုံးဖြတ်ပေးနိုင်ရေးကိစ္စ။
(၅) လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင်ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကိစ္စ။
စသည့် အချက် (၅) ချက်နှင့်အတူ အစုအဖွဲ့များအကြား ရှိနေသော နက်ရှိုင်းသည့်ကွာဟချက်များနှင့် ပတ်သတ်၍ PPST+2 မှ အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါတတိယအကြိမ် ထိပ်သီးအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ၏ ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး (KNU-ကရင်အမျိုးသားအစည်းအရုံး)၊ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးယွက်ဆစ် (RCSS- ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)၊ နှင့် အဖွဲ့ဝင်များအဖြစ် ရဲဘော်သံခဲ (ABSDF-မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး)၊ ပူးဇင်ကျုံး (CNF-ချင်းအမျိုးသားတပ်ဦး-)၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ (PNLO-ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်)၊ ဗိုလ်ချုပ်ကြီး စောမိုရှေး (D.K.B.A-ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်)၊ ဒေါက်တာနော်ကပေါထူး (KNU/KNLA PC -ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ)၊ ခိုင်စိုးနိုင်အောင် (ALP-ရခိုင်ပြည်လွတ်မြောက်ရေးပါတီ) တို့အား ရွေးချယ်တင်မြောက်ခဲ့ကြပြီး၊ NMSP-မွန်ပြည်သစ်ပါတီ နှင့် LDU-လားဟူဒီမိုကရက်တစ်အစည်းအရုံး တို့မှ ငြိမ်းချမ်းရေးအကောင်ထည်ဖော်ဖက်များ (PPST + 2) အဖြစ် တွင် ပါဝင်သွားကြမည်ဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံ၍ အနာဂတ်မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေး အတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ဘုံရည်မှန်းချက်နှင့် ဘုံသဘောတူညီချက်များကို NCA လက်မှတ် ရေးထိုးထားကြသော တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အကြားတွင်သော်လည်းကောင်း၊ NCA လက်မှတ်ရေး ထိုးခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အကြား တွင်သော်လည်းကောင်း ညှိနှိုင်းအဖြေရှာသွားမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်နိုင်သော ထိပ်သီးခေါင်းဆောင်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပနိုင်ရေးအတွက် PPST က ပြင်ဆင်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts