All News Business

ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ ၂ သန်းခွဲ ဝယ်လိုအားရှိပြီး တစ်ဒေါ်လာ ၁၅၉၆ ကျပ်ထိုးတက်၊ ရွှေဈေး ၁၀ သိန်း ၂ သောင်းနီးပါးထိရောက်

 

ရန်ကုန်၊ စက်တင်ဘာ ၁၉

ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ ၂ သန်းခွဲ ဝယ်လိုအားရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာလ ၁၉ ရက်နေ့ထုတ်ပြန်သော စာရင်းဇယားအရ သိရှိရပြီး ဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၉၆ ကျပ် အထိဈေးထိုးတက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၁၉ ရက်နေ့ ဗဟိုဘဏ်၏ စာရင်းဇယားများအရ အမေရိကန်ဒေါ်လာ ၂၅၆၀၀၀၀ ဝယ်လိုအားရှိပြီး ဗဟိုဘဏ်က ဒေါ်လာ ၄၀၀၀၀ သာထုတ်ရောင်းကြောင်း၊ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာ ၁၅၅၇ ကျပ်ဖြစ်ကြောင်း သိရှိရသည်။

ပြင်ပဈေးကွက်တွင်မူ အမေရိကန်ဒေါ်လာတန်ဖိုးသည် ထိုးတက်လျက်ရှိပြီး အမေရိကန်တစ်ဒေါ်လာ ၁၅၉၆ ကျပ် အထိထိုးတက်ကာ ငွေလဲကောင်တာများတွင် ၁၆၀၀ ကျော်အထိဈေးဖွင့် ရောင်းဝယ်နေကြကြောင်း သိရှိရသည်။

ရွှေဈေးနှုန်းမှာမူ ဆက်လက်မြင့်တက်နေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၀၁၈၅၀၀ ကျပ် သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

“ရွှေဈေးက တက်တော့ အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ အရောင်းအဝယ် မျှနေတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

လက်ရှိ အနေအထားအရ ပြည်တွင်းတွင် ဒေါ်လာဝယ်လိုအား ဆက်လက်မြင့်တက်နေရာ များမကြာမီ ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာ ၁၆၀၀ အထက်တွင် တည်ရှိပြီး ရွှေဈေးနှုန်းမှာလည်း ၁၁ သိန်းအထိ မြင့်တက်လာနိုင်ခြေရှိသည်ဟု ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts