Business Editorial political news

ဒေါ်လာလေပတ်ကား လက်ကြီးကစားသူတွေကို ပြတ်ပြတ်သားသား အရေးမယူလျှင် တိုင်းပြည် ပျက်လိမ့်မည်

ပြည်တွင်းငွေလဲလှယ်ဈေးကွက်မှာ အမေရိကန်ဒေါ်လာတန်ဖိုးဟာ မကြုံစဖူး ရုတ်တရက် မြင့်တက်မှုတွေ ကြုံတွေ့လာရပါတယ်။ အဓိကအားဖြင့် အချိန်ပိုင်းနာရီပိုင်းအတွင်း ဒေါ်လာတန်ဖိုးဟာ တစ်ဒေါ်လာကို အနည်းဆုံး ငွေကျပ် ၃၀ ကနေ ၅၀ ကျပ်အထိ မြင့်တက်ပြီး ကျပ်ငွေ တန်ဖိုး ထိုးကျနေတာပါ။ ဒီဖြစ်စဉ်ဟာ ပြည်တွင်းစီးပွားရေး လောကတစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေတာ အမှန်ပါပဲ။ မြန်မာကျပ်ငွေတန်ဖိုးဟာ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကြောင့် ကျဆင်းတယ်ဆိုတဲ့ ယူဆချက်ဟာ အလုံးစုံတော့မမှန်ပါဘူး။

အဓိကအားဖြင့် မြန်မာကျပ်ငွေ တန်ဖိုးကို ထိုးကျစေတာက ဒေါ်လာလေပတ်ကားရောင်းဝယ်မှုတွေ ကြောင့်ပါပဲ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထုတ်ပြန်မှုတွေအရ ဘဏ်တွေက လိုအပ်ချက် တင်ပြတဲ့ ဒေါ်လာ ဝယ်လိုအားဟာ ဒေါ်လာ ၂ သန်းကနေ ၃ သန်းအထိသာ ရှိပြီး ဒေါ်လာလေပတ်ကား ရောင်းဝယ်တဲ့ ဈေးကွက်မှာတော့ ဒေါ်လာ သန်း ၁၀၀ အရောင်းအဝယ် ပုံစံ အမြဲဖြစ်နေပါတယ်။ ဒေါ်လာလေပတ်ကားရောင်းဝယ်မှုတွေမှာ အမြတ်များများ ရစေဖို့နဲ့ အလုပ်ဖြစ်စေဖို့ ဈေးကွက်ထဲက ဒေါ်လာတွေကို သိမ်းဆည်း ဝယ်ယူ သိုလှောင်ပြီး လေပတ်ကားဈေးကွက်မှာ ဒေါ်လာတန်ဖိုးတက်အောင် ဈေးကို ဆွဲတင်ကြတာပါ။

အစိုးရမှာလည်း ကုန်သွယ်ရေးလိုငွေပြမှုနဲ့ ဒေါ်လာရှားပါးမှု ဖြစ်နေတာက အမှန်ပေမယ့် ဒီအချက်ကို အခွင့်ကောင်းယူပြီး ဒေါ်လာလက်ကြီးသမားတွေဘက်က ဈေးကို အဆမတန် ဆွဲတင်နေကြတာပါ။ လေပတ်ကားမှာ အရောင်းအဝယ်ဖြစ်ပြီး အမြတ်ရဖို့ ဈေးကို ဆွဲတင်ကြတာပါ။

ဒီမိုကရေစီခေတ် ဈေးကွက်စီးပွားရေးစနစ်မှာ ရောင်းလိုအားနဲ့ ဝယ်လိုအား ဆိုတာကို လက်ခံလို့ရပေမယ့် ဒေါ်လာကို လေပတ်ကားဈေးကွက်ဖော်ဆောင်ပြီး ဈေးဆွဲတင်တာဟာ တိုင်းပြည်ကို ချနင်းတာနဲ့ အတူတူပါပဲ။ ငွေကြေးအင်အားကောင်းသူတွေက နောက်ကွယ်က ပံ့ပိုးပြီး အမြတ်ရ အောင်လုပ်သလား၊ နိုင်ငံရေးကစားကွက်အတိုင်း ပြည်သူတွေ ကျပ်တည်းပြီး မတည်မငြိမ် ဖြစ်အောင် လုပ်နေသလားဆိုတာကလည်း မရှင်းလင်းသေးပါဘူး။

ရွှေဘုံသာလမ်းကို အခြေပြုပြီး ဒေါ်လာဈေးကို ဆွဲတင်နေတဲ့ ငွေကြေးအင်အားတောင့်တင်းသူ ၅ ဦးကနေ ၇ ဦးအထိရှိနေပါတယ်။ ဒီလူတွေဟာ ဘယ်သူတွေလဲဆိုတာ ကုန်သည်တိုင်းသိကြသလို၊ ဒေါ်လာဝယ်ရောင်းလုပ်သူတိုင်းလည်း သိပါတယ်။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကလည်း လွန်ခဲ့တဲ့ ၁ လလောက်ကတည်းက ဒေါ်လာဈေးကွက်အခြေအနေကို ကွင်းဆင်းလေ့လာမှုတွေ ရှိနေတာမို့ သိလောက်တယ်လို့ ကုန်သည်တွေဘက်က ဆိုကြပါတယ်။

လက်ရှိအခြေအနေအရ ငွေကြေးကစားပြီး တိုင်းပြည်ဖျက်နေတဲ့ ဒေါ်လာလက်ကြီးသမားတွေကို မဖြစ်မနေ အရေးယူဖို့ လိုပါတယ်။ ဒီလို အရေးမယူဘူးဆိုရင် တိုင်းပြည်ပျက်တဲ့အထိ ဈေးနှုန်းတွေ ကြီးမြင့်ပြီး မတည်မငြိမ်တွေဖြစ်လာမယ့် အခြေအနေရှိကြောင်း ရန်ကုန်ခေတ်သစ်က သတိပေးလိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com