All News Business China Watch

တရုတ်က ဇမ်ဘီးယားအစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အကြွေးနဲ့သိမ်းဖို့ပြင်ပြီ( သို့မဟုတ်) တရုတ်က အာဖရိကကို ခေတ်သစ်ကိုလိုနီပြုခြင်း

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

တရုတ်နဲ့ စာချုပ်တွေ လက်မှတ်ရေးထိုးရတာက ဖားကို ရေထဲထည့်ပြုတ်တဲ့ ဖြစ်ရပ်လိုပါပဲ။ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲကို ဖားကို ထည့်လိုက်ရင် ခုန်ထွက်သွားမှာပါ။ ဒါပေမယ့် ဖားကို ရေထဲအရင်ထည့်ပြီး အောက်ကနေ တဖြည်းဖြည်း အပူပေးလိုက်ရင်တော့ ဖားလည်းခုန်မထွက်တော့ဘဲ ဖားရဲ့ ခန္ဓာကိုယ်အပူချိန်က နွေးလာတဲ့ ရေအပူချိန်ကို လိုက်ပြီး ချိန်ညှိပေးရင်း နောက်ဆုံး မခံနိုင်တဲ့အခါ သေဆုံးသွားမှာပါ။

ခေါင်းဆောင်တွေရဲ့ လျစ်လျူရှုမှုတွေနဲ့ အတ္တဆန်တဲ့ ကိုယ်ကျိုးစီးပွားတွေက အာဖရိကကို တရုတ်ရဲ့ကိုလိုနီအဖြစ် သွပ်သွင်းသွားပုံက ရင်နင့်စဖွယ်ပါပဲ။ ဒီနေ့မှာ တရုတ်တွေဟာ အာဖရိကကို သွားရည်ယိုစရာ အခွင့်အရေးတွေ ပေးနေတယ်။ အမြင်အားဖြင့် ကုန်သွယ်ရေးမှာ စွဲမက်ဖွယ် ကောင်းပြီ းလက်တွေ့မှာ အင်မတန်အန္တရယ်များတဲ့ ခေတ်မမီ၊ ပျောက်ကွယ်နေပြီဖြစ်တဲ့ ကုန်စည်ချင်း ဖလှယ်တဲ့စနစ်၊ အရောင်းအဝယ်တွေ ကို တရုတ်ဘက်က ပေးနေပါတယ်။

ဇမ်ဘီးယားအစိုးရက တရုတ်တွေနဲ့ စာချုပ်တွေချုပ်ဆိုခဲ့ပြီး အဲဒီစာချုပ်တွေက ဇမ်ဘီးယားကို အခွင့်အရေးပေးသလိုလိုနဲ့ တကယ်တော့ ခေတ်သစ် ကိုလိုနီအဖြစ် သွပ်သွင်းခံရသလိုဖြစ်သွားစေပါတယ်။ တရုတ်က အခုအချိန်မှာ ဇမ်ဘီးယားအစိုးရက အကြွေးတွေ အချိန်မီ ပြန်မဆပ်လို့ ဇမ်ဘီးယားအစိုးရပိုင် Kenneth Kaunda အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လွှဲယူဖို့ အဆိုပြု တောင်းယူနေပါပြီ။ လေဆိပ်ကို အကြွေးနဲ့ သိမ်းတော့မယ့်သဘောပါ။ ဇမ်ဘီးယားအနေနဲ့ အကြွေးတွေကို ပြန်ပေးနိုင်တဲ့ စီးပွားရေးအင်အား ရှိသလား ပိုင်ဆိုင်သလားဆိုတာက အရေးကိစ္စဖြစ်လာနေပါတယ်။ ဒါဟာ တရုတ်ရဲ့ ဗျူဟာပါပဲ။

ဇမ်ဘီးယားနိုင်ငံပိုင် ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို တရုတ်က ပိုင်ဆိုင်နေတာကလည်း ဇမ်ဘီးယား ရင်ဆိုင်နေရတဲ့ အကျပ်အတည်းပါ။ တရုတ်တွေအနေနဲ့ ဇမ်ဘီးယားတွေရဲ့ ပိုင်ဆိုင်မှုတွေအပေါ်မှာ ဆုံးဖြတ်နိုင်တဲ့ အာဏာရှိလာပြီဆိုတဲ့သဘောပါပဲ။

အလားတူပါပဲ ဂါနာနိုင်ငံကလည်း ဇမ်ဘီးယားလိုပဲ လမ်းကြောင်းလိုက်ပြီး တရုတ်တွေနဲ့ စာချုပ်တွေ လက်မှတ်ထိုးလိုက်ပြီးပါပြီ။ တရုတ်ပိုင် STARTTME ကုမ္မဏီဟာ တဖြည်းဖြည်းနဲ့ ဂါနာရဲ့ အဖွဲ့အစည်းတွေ၊ ဂါနာရဲ့ အကြီးဆုံးသော တူးဖော်ရေးလုပ်ငန်းတွေ အပါအဝင် လုပ်ငန်းတွေကို သိပ်မကြာခင်မှာ သိမ်းပိုက်မယ့်အခြေအနေပါပဲ။ ဒီခေတ်မှာ ကျွန်စနစ် မရှိတော့ဘူးဆိုရင် အဲဒါကို ဘာခေါ်လို့ရပါသလဲ။ ၂၁ ရာစု အာဖရိကမှာ ကျွန်တွေ မရှိတော့ဘဲ အကြွေးတွေနဲ့ နစ်နေမယ့် အာဖရိကဖြစ်လာပါပြီ။ဒါတွေက ခေါင်းဆောင်တွေရဲ့ လျစ်လျူရှုမှုနဲ့ ကိုယ်ကျိုးစီးပွားတွေကြောင့် ဖြစ်လာတာမို့ ရင်နင့်စရာပါပဲ။

(စက်တင်ဘာလ ၆ ရက်နေ့ Daily Rent Ghana ပါ ဆောင်းပါးရှင် Richard Krah ၏ China to take over Zambian international Airport for debt repayment default; neocolonialism? ကို ဆီလျှော်အောင် ဘာသာပြန်သည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com