Local News political news

ဇေယျာလွင်(သို့မဟုတ်) ငြိမ်းချမ်းရေးအတွက် သံလွင်တစ်ခက်

By ကျော်လင်း(ရန်ကုန်ခေတ်သစ်)

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ကြာ မငြိမ်းချမ်းသေးတဲ့ အခြေအနေတွေကို ငြိမ်းချမ်းစေချင်ကြတဲ့ လူငယ်တွေထဲမှာ ကိုဇေယျာလွင်တစ်ဦးလည်းအပါအဝင်ဖြစ်ပါတယ်။ ကျောင်းသားခေါင်းဆောင်တစ်ဦး ၊ တက်ကြွလှုပ်ရှားသူတစ်ဦးအနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပါဝင်လေ့ရှိသူ ကိုဇေယျာလွင်ဟာ ငြိမ်းချမ်းရေးအတွက်လည်း တက်ကြွလွန်းသူတစ်ဦးအဖြစ်ပါဝင်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် မငြိမ်းချမ်းမှုတွေ ချုပ်ငြိမ်းဖို့ ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာ မဟာဗန္ဓုလပန်းခြံမှာ ငြိမ်းချမ်းရေးကဗျာ ရွတ်ခဲ့ကြပါတယ်။ ကိုဇေယျာလွင်၊ ကိုခန့်မင်းထက်နဲ့ ရွှေကြယ်မိုး(ခ) ကိုရဲဝင့်အောင်တို့ ၃ ဦးဟာ ငြိမ်းချမ်းရေးကဗျာ ရွတ်ရင်း တောက်လောင်နေတဲ့ စစ်မီးနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ ဒုက္ခကို မီးမောင်းထိုးပြခဲ့ကြပါတယ်။ ရလဒ်ကတော့ ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့က ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ သူတို့ကို တရားရုံးတင် တရားစွဲခဲ့တာပါပဲ။

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ ကိုဇေယျာလွင်၊ ကိုခန့်မင်းထက်နဲ့ ရွှေကြယ်မိုး(ခ) ကိုရဲဝင့်အောင်တို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ငွေဒဏ် ၂ သောင်း(သို့မဟုတ်) ဒဏ်ငွေ မဆောင်ရင် ထောင်ဒဏ် ၁၅ ရက်ကျခံစေရမယ်လို့ အမိန့်ချမှတ်လိုက်ပါတယ်။

ငွေဒဏ်ဆောင်ရင် ထောင်ဒဏ်ကျခံစရာမလိုပေမယ့်လည်း ကိုဇေယျာလွင်က သူရဲ့ယုံကြည်ချက် ၃ ခု အတွက် ထောင်ဒဏ်ကိုသာ ရွေးသွားခဲ့ပါတယ်။ ငွေ ၂ သောင်းဆိုတာ လူတကာတတ်နိုင်တဲ့ငွေကြေး ဖြစ်ပြီး ကိုခန့်မင်းထက်နဲ့ ရွှေကြယ်မိုး(ခ) ကိုရဲဝင့်အောင်တို့ကတော့ ငွေဒဏ်ဆောင်ခဲ့ကြပါတယ်။

ထောင်ဒဏ်ကို ရွေးချယ်ပြီးတဲ့နောက်မှာ ကိုဇေယျာလွင်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သူရဲ့ ယုံကြည်ချက်ကို ရေးသားခဲ့ပါတယ်။

“တရားရုံးမှ ဒဏ်ငွေ(၂၀၀၀၀) သို့မဟုတ် ထောင်ဒဏ်(၁၅)ရက် ကိုအမိန့်ချပါတယ်။ကျနော်အနေနဲ့ ဒဏ်ငွေ(၂၀၀၀၀)ကိုငြင်းပယ်ပြီး ထောင်(၁၅)ရက်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ဘာ့ကြောင့်ရွေးချယ်ရသလဲဆိုရင်

(၁) မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက်ကဗျာရွက်ဆိုပွဲမှာ အမှတ်တရစကားပြောမိလို့ ပုဒ်မ(၁၉)နဲ့တရားစွဲအမိန့်ချခံခဲ့ရခြင်းဟာ ဒီနိုင်ငံရဲ့ငြိမ်းချမ်းရေးကိုစော်ကားသည်ဟုယူဆခြင်း
(၂)လွတ်လပ်စွာပြောရေးဆိုခွင့်ကိုကန့်သက်သည်ဟုယူဆခြင်း
(၃)တရားစီရင်ရေးစနစ်ဟာ ပျက်ယွင်နေသည်ဟုယူဆခြင်း
တို့ကြောင့်ပါ…….
ကျနော်တို့မကျေနပ်သည်များကိုထုပ်ဖော်ပြောဆိုသည့်အခါ ပြည်ထဲရေးမှတရားစွဲလိုက်၊အမှုများကိုအချိန်ကြာအောင်ဆွဲလိုက်၊ပြီးရင်ဒဏ်ငွေအမိန့်လိုက်နဲ့ စစ်တပ်မှလုပ်ချင်သလိုလုပ်နေခြင်းမှာ ကျနော်တို့အား ပျားရည်ဖြင့်ဝမ်းချသည့်သဘောဟု ယူဆသဖြင့် ကျနော်အနေဖြင့် ထောင်(၁၅)ရက်သာရွေးချယ်ခဲ့ပါ” လို့ ရေးသားခဲ့ပါတယ်။

အချုပ်ကားပေါ် တက်သွားချိန်မှာလည်း သူဟာ အာဏာရှင်ကို ဘယ်တော့မှ လက်မြှောက် အရှုံးမပေးဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ခွန်အားကို ပြသသွားခဲ့ပါသေးတယ်။

ကိုဇေယျာလွင်ဟာ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သလို နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ လူငယ်တစ်ဦးလည်းဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ ဇူလိုင်လ ၇ ရက်နေ့မှာ ပုဒ်မ ၅၀၅ ခ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ချမှတ်ခံခဲ့ရပါသေးတယ်။ အဲဒီနောက် ထောင်ဒဏ်ထဲမှာ နေရင်းနဲ့ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၈ နဲ့လည်း အမှုတွေ ရင်ဆိုင်ရပါသေးတယ်။ ၂၀၁၆ ခုနှစ် ဧပြီလမှာမှ ထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့တာပါ။

ကျောင်းသားသမဂ္ဂတွေမှာ ပါဝင်ကြတဲ့ ကျောင်းသားတွေအများစုဟာ အဓိကအားဖြင့် မူအားဖြင့် ရပ်တည်ကြသူတွေဖြစ်ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ ငြိမ်းစုစီ ဥပဒေနဲ့တရားစွဲဆိုခံရမှုတွေမှာ အာမခံမယူ၊ ဒဏ်ငွေမဆောင်ဘဲ ထောင်ဒဏ်ကိုသာ ရွေးချယ်ရင်း ဖိနှိပ်ချုပ်ခြယ်မှုတွေကို သက်သေပြခဲ့ကြပါတယ်။

“ကိုဇေယျာလွင်က မူအပေါ်မှာ ရပ်တည်သွားတာ။ ထောင်ဒဏ် ၁၅ ရက်မှမဟုတ်ဘူး၊ ဒဏ်ငွေနဲ့ ထောင်ဒဏ် နှစ်ရှည်ဆိုရင်လည်း သူ ထောင်ဒဏ်နှစ်ရှည်ကိုပဲ ရွေးမှာပဲ။ ငြိမ်းစုစီ ဥပဒေဟာ မတရားတဲ့ ဥပဒေဖြစ်တယ်ဆိုတာကို သူပြသွားတယ်။ နောက်ပြီး ငြိမ်းချမ်းရေးစကားပြောရင်၊ တပ်မတော်နဲ့ပတ်သက်တာကို ဝေဖန်ရင် မထိရဲ မကိုင်ရဲ မတို့ရဲဖြစ်အောင် ဖိနှိပ်ထားတာကို သက်သေပြသွားတာပေါ့။ သူက ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်းလည်းဖြစ်တော့ ကျောင်းသားသမဂ္ဂတွေရဲ့ မူအတိုင်း သူရပ်သွားတာပါ။ လွတ်လပ်မှုတွေ ဖိနှိပ်ခံနေရတာတွေကို သူ သက်သေပြသွားတာ” လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနန်းလင်းက ပြောပါတယ်။

ကိုဇေယျာလွင်ဟာ မေလ ၁၂ ရက်နေ့ ရန်ကုန်မြို့မှာ ငြိမ်းချမ်းရေးအတွက် စစ်ပွဲရပ်ဆန္ဒပြပွဲမှာလည်း ပါဝင်ခဲ့ပြီး အဲဒီ ဆန္ဒပြပွဲ ဖြိုခွင်းခံရချိန်မှာလည်း အဖမ်းခံခဲ့ရပါတယ်။ အဲဒီနောက် ဗဟန်းမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးစကားပြောရင်၊ ငြိမ်းချမ်းရေးကဗျာရွတ်ရင် ထောင်ချခံရမယ်ဆိုတဲ့ အစဉ်အလာတစ်ခု ရှိနေပြီဆိုတာ ကိုဇေယျာလွင်က ထောင်ကျခံ မီးမောင်းထိုးပြရင်း အာဏာရှင်စနစ်ဆိုးရဲ့ ဖိနှိပ်မှုတွေကြားမှာ သူဟာ ငြိမ်းချမ်းရေးအတွက် သံလွင်တစ်ခက်အဖြစ် ကျရာတာဝန်ထမ်းဆောင်သွားတယ်ဆိုတာ အသေအချာပါပဲ။

မြန်မာနိုင်ငံမှာ ကိုဇေယျာလွင်လို ငြိမ်းချမ်းရေးအတွက် သံလွင်တစ်ခက်အဖြစ် တာဝန် ထမ်းရွက်သူတွေရှိခဲ့ပြီး မန္တလေးမှာ မေလက စစ်ပွဲရပ်ရေးနဲ့ ပိတ်မိပြည်သူများ လွတ်မြောက်ရေး ကဗျာရွတ်လို့ ကဗျာဆရာ ကလင့်နဲ့ ဗကသအဖွဲ့ဝင်ဟောင်း ကိုအောင်မှိုင်းဆန်း၊ ကိုဒိန်းဒေါင်တို့ကို ထောင်ဒဏ် ၂ လ၊ လက်ရှိ ဗကသ ဗဟိုကော်မတီဝင် ကိုနှင်းအောင်နဲ့ ကိုသန်းထိုက်တို့ကိုလည်း ထောင်ဒဏ် ၃လ စီ ကျခံခဲ့ကြရပါတယ်။

အလားတူပါပဲ ရန်ကုန်မြို့မှာလည်း မေလ ၁၂ ရက်နေ့က စစ်ပွဲရပ်ရေး ဆန္ဒပြလို့ တာမွေမှာ အဖြိုခွင်းခံရပြီး ငြိမ်းချမ်းရေး လိုလားသူ ကိုဇေယျာလွင် အပါအဝင် လူငယ် ၁၇ ဦးဟာ ငြိမ်းစုစီ ပုဒ်မ ၂၀ နဲ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေကြရပါတယ်။

မတရားတဲ့ဥပဒေတွေနဲ့ မငြိမ်းချမ်းမှုတွေကြားမှာ လူငယ်တွေဟာ ငြိမ်းချမ်းရေးအတွက် ဘယ်လောက် ထပ်ပြီး စတေးခံရဦးမလဲ၊ စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရဦးမယ့် ပြည်သူတွေ ဘယ်အထိ ဒုက္ခခံရဦးမလဲဆိုတာကတော့ အဖြေမရှိသေးတဲ့ ပုစ္ဆာတစ်ပုဒ်အဖြစ် ဆက်ရှိနေဦးမှာပါ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts