All News Business interview

“ဆိုးလာရင် အခြေခံလူတန်းစားခံရရင် မငြိမ်မသက်မှုတွေ ဖြစ်မှာစိုးရတယ်။ ဒါတွေ အန္တရာယ်ရှိပါတယ်”

ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးနှင့်ဆက်သွယ်မေးမြန်းချက်

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ပြည်တွင်းတွင် ငွေလဲနှုန်းသည် မတည်မငြိြမ်ဖစ်နေရာမှ အချိန်နှင့်အမျှ အပြောင်းအလဲကြီးမားနေရာ စီးပွားရေးတစ်ခုလုံး အခြေအနေဆိုးများ ကြုံတွေ့ရမည့်အခြေအနေ ဆိုက်ရောက်နေသည်။ ယင်းအခြေအနေနှင့်ပတ်သက်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အခုလက်ရှိ ငွေလဲနှုန်းက လုံးဝကို မတည်ငြိမ်ဘဲနဲ့ နာရီပိုင်းကို အတက်အကျတွေက အရမ်းကိုကြမ်းနေတယ်။ အဲဒါ ဘာကြောင့်ဖြစ်နေတာလဲ။

ဖြေ။ ။ ထိန်းလို့မနိုင်တာလား၊ သူတို့ကတော့ ကျနော်ကြည့်ရတာလေ ကျနော်တော့ မှားချင်မှားမှာပေါ့။ Supply and Demand ဆိုပြီး Market ကို ဒီအတိုင်း ထားထားတဲ့ ပုံစံမျိုးရှိတယ်။ ဈေးကွက်ပေါ်မှာပဲ လွှတ်ထားတာတာပေါ့။ ထားလို့တော့ မရဘူးလို့ထင်ပါတယ်။ ဒီဥစ္စာက တစ်ကမ္ဘာလုံး ဖြစ်နေတာပါ။ အာဂျင်တီးနားတို့ ဘရာဇီးလ်တို့ တောင်အာဖရိကလည်း စဖြစ်နေပြီ။ တူရကီတို့ ဘာတို့ဆိုရင်လည်းဖြစ်နေတာ တော်တော်ကြာပါပြီ။ အိန္ဒိယဆိုရင်လည်း ရူပီးက အရမ်းကျတယ်။ အင်ဒိုနီးရှားလည်း ထိန်းဖို့ တော်တော်ခက်တယ်။ ဖိလစ်ပိုင်လည်း စဖြစ်နေပြီ။ တက်သစ်စ ဈေးကွက်တွေ အကုန်လုံးထိတဲ့အတွက် တော်တော်လေး ထိန်းရ သိမ်းရ ခက်ပါတယ်။ အင်ဒိုနီးရှားက ဘာလုပ်လဲဆိုတော့ သူတို့ဘဏ်ရဲ့ အတိုးနှုန်းကို တင်ပစ်လိုက်တယ်။ ၅ ရာခိုင်နှုန်းထင်တယ်။ သိပ်မမှတ်မိတော့ဘူး။ သူတို့ရဲ့ သွင်းကုန်ရာထောင်ချီကို အခွန်မြှင့်ပစ်လိုက်တယ်။ အဓိက သွင်းကုန်ဇိမ်ခံပစ္စည်းတွေကို အခွန်မြှင့်ပစ်လိုက်တယ်။ နောက်တော့ သူတို့ ထိန်းရသိမ်းရခက်ပြီးတော့ အရေးယူနေတာ Speculation ပါ။ Speculation ဆိုတာ ငွေကြေးကစားတဲ့ဟာတွေမှာ နိုင်ငံတွေတော်တော်များများမှာ ဒါမျိုး ရှိပါတယ်။ ဒါမျိုးနဲ့ကစားပြီးတော့ ရောင်းဝယ်ဖောက်ကားကြတာတွေပေါ့။

မေး။ ။ လက်ရှိဒီမှာက စီးပွားရေးကလည်း သိပ်မကောင်းဘူး။ ဒီက အခြေအနေကို ကြည့်မယ်ဆိုရင် အရမ်းငွေလဲနှုန်းအရမ်းအတက်အကျကြမ်းနေတော့ အခြားဈေးနှုန်းတွေ လည်း လိုက်နေတယ်။ ဘယ်လို ဆက်ဖြစ်နိုင်မလဲ။

ဖြေ။ ။ ဒီအခြေအနေက စိုးရိမ်စရာကောင်းတာပေါ့။ မြန်မာနိုင်ငံက ပိုပြီးတော့ ဒုက္ခရောက်နိုင်တာက ဓာတ်ဆီ၊ ဒီဇယ်က နှစ်လကျော်ကျော်စာပဲရှိတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်က တစ်ခါပြောသွားတယ်။ ဆိုတော့ ဒီအစိုးရက ဒီလောက်မလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့အတွက် အတက်အကျကြမ်းတဲ့ဟာကို ဒေါ်လာဈေးအတက်အကျ ကြမ်းတာကိုလည်း သူခံရတယ်။ အမေရိကန်မှာလို နှစ်တော်တော်များများအတွက် မသိုလှောင်ထားနိုင်ဘူး။ ဒေါ်လာဈေးအတက်အကျရယ်၊ ကမ္ဘာ့ ရေနံဈေး အတက်အကျကို သူမခံနိုင်ဘူး။ မလှောင်ထားနိုင်ဘူး။ အဓိက စီးပွားရေးသမားက ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဈေးပေါတုန်း ဝယ်ထားရတယ်။ မြန်မာနိုင်ငံက မလုပ်ထားနိုင်တော့ အတက်အကျကို အရမ်းခံရပါတယ်။ သူ့အနေနဲ့ လှိမ့်နေတာပဲ။ အခု ကျနော် ထိုင်းနိုင်ငံရဲ့ Event တစ်ခုကနေ ပြန်လာတာပါ။ ထိုင်းနိုင်ငံမဖြစ်ဘူး။ ထိုင်းနိုင်ငံက ပိုတောင် မာလာတဲ့အပိုင်းတွေ ရှိနေတာ။ သူတို့က ၂၀၀၇ ခုနှစ်က ရတဲ့ သင်ခန်းစာကို သူတို့ကြိုတင်ပြီးတော့ ပြင်ဆင်ထားတယ်။ သင်ခန်းစာရတယ်။ ထိုင်းနိုင်ငံဘတ်ဈေးက ၂၀၀၇ တုန်းကျသွားတဲ့အတွက်။ဒီတစ်ခေါက်မှာ မခံရဘူး။ ကြိုတင်ပြီးတော့ ပြင်ဆင်မှုတွေ အကုန်လုံးလုပ်ထားတယ်။ နိုင်ငံတော်အနေနဲ့ ဗဟိုဘဏ်အနေနဲ့ အတိုင်းအတာအနေနဲ့ အကုန်လုံးလုပ်ထားတယ်။ မြန်မာနိုင်ငံက မလုပ်ဘူးလားဆိုတဲ့ မေးခွန်းထုတ်လာစရာရှိပါတယ်။ ဒီဥစ္စာက ပြောစမှတ်ရှိပါတယ်။ လူလိမ္မာတို့သည် သူတစ်ပါး၏ အမှားကို သင်ခန်းစာယူတတ်တယ်။ ဒီထက် မိုက်တဲ့သူတွေက ကိုယ်တိုင် မှားတာတောင် သင်ခန်းစာမယူတတ်ကြတာ။ ကျနော်တို့ တောက်လျှောက်မှားခဲ့တာကို သင်ခန်းစာ မယူဘဲနဲ့ သေချာမှု ပြင်ဆင်မှုမရှိဘူး။ ကျနော်တို့က လက်ပူတိုက်တတ်တဲ့ အကျင့်နဲ့ ပစ္စုပ္ဗန် တည့်တည့်ပဲ ကြည့်တတ်တဲ့ အကျင့် ဒီဥစ္စာ တော်တော်ဆိုးတယ်။ ဖြစ်တော့မှ ဝရုန်းသုန်းကား ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဒါကို လုပ်လို့မရဘူး။ ဒါဟာ တိုင်းပြည်ရဲ့ ဂယက် ငွေကြေးဖောင်းပွမှုကိုလည်းဖြစ်စေတယ်။ Hyper Inflation မဖြစ်အောင် ထိန်းသိမ်းဖို့လိုပါတယ်။ ဒီ ငွေကြေးဖောင်းပွမှုဖြစ်တော့ မြန်မာနိုင်ငံက လူနေမှုက လူလတ်တန်းစားမရှိဘူး။ စားစရာမရှိတဲ့သူနဲ့ စားစရာမရှိတဲ့ အလွှာပဲရှိတယ်။ အဲဒီတော့ ဒီဥစ္စာက ငြိမ်ဝပ်ပိပြားမှု ထိန်းရ သိပ်ခက်ပါတယ်။ ဒါမျိုးတွေ မဖြစ်အောင် အားလုံး ကျောချင်းကပ်ပြီးတော့ လုပ်သင့်တယ်လို့မြင်တယ်။ ဒါက တော်တော်အရေးကြီးတယ်။

မေး။ ။ အခုက အစိုးရက ဈေးကွက်သဘောဆိုပြီး လွှတ်ပေးထားတဲ့သဘောဖြစ်နေတာလား။

ဖြေ။ ။ ဒါ ကျနော့်အမြင်ပါ။ သူတို့ဟာသူတို့ ကြိတ်ပြီးတော့ ဆွေးနွေးရင်တော့ မပြောတတ်ဘူး ဆရာရယ်။ ကြိတ်ပြီးဆွေးနွေးလို့တော့မရဘူး။ ဒီဥစ္စာတွေက ပွင့်လင်းမြင်သာမှုရှိပြီးတော့ ပညာရှင်ရယ်၊ လုပ်ငန်းရှင်တွေရယ် အကုန်လုံးကို လုပ်ရမယ်။ အစိုးရအဆက်ဆက်က ဒါမျိုး ဒီလောက်ကြာကြာ အဖြစ်မခံဘူး။ ဒိုင်းဆိုပြီး လုပ်လိုက်တယ်။ အဓိက မြန်မာနိုင်ငံမှာ ဖြစ်နေတာက ရွှေကစားရင် ကစားမယ်၊ ဒေါ်လာ ကစားရင်ကစားမယ်။ မြေကစားရင် ကစားမယ်။ ကား ကစားရင် ကစားမယ်။ အခြားအလုပ်မှ မရှိဘဲ။ ဖြတ်လမ်းနဲ့လုပ်နေကြတာ။ ဖြတ်လမ်းနဲ့ သူဌေး ဖြစ်ချင်တဲ့ ဆန္ဒက သိပ်စောတယ်။ ဒီဥစ္စာကိုဖြစ်တယ်။ အရင်တုန်းက တစ်ချက်တည်း ကိုင်ထည့်လိုက်တာပါ။ အရင်တုန်းက လာတိုင်ပင်ပြီးတော့ လုပ်လိုက်တယ်။ ထိုးကျသွားတယ်။ အဓိကက ချမ်းသာတဲ့သူတွေက ငွေထုပ်ပိုက်ပြီး ဝင်ကစားကြတာရှိတယ်လို့ပြောတယ်။ ဒါက အမြတ်အစွန်းလွယ်တယ်။

မေး။ ။ အခု အစိုးရက မထိန်းသိမ်းရင် ဘယ်လောက်အထိ အခြေအနေ ဆိုးနိုင်လဲ။

ဖြေ။ ။ ဒီဥစ္စာက တော်တော်ခက်တယ်။ ကျနော်က အကြားအမြင်မရဘူးဆိုတော့ ခက်တယ်။ ဆိုးလာရင် အခြေခံလူတန်းစားခံရရင် မငြိမ်မသက်မှုတွေ ဖြစ်မှာစိုးရတယ်။ ဒါတွေ အန္တရာယ်ရှိပါတယ်။ ဒါကိုလေးလေးနက်နက်စဉ်းစားပြီး ကိုင်တွယ်သင့်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts