All News Editorial

စစ်တပ်နှင့်ပြေလည်ရေး NLD သည် အာဏာရှင်ပုံစံပြုမူခြင်းဖြင့် သမိုင်းအမည်းစက်ရေးထိုးခဲ့ပြီ

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကို မြောက်ပိုင်းခရိုင် တရားရုံးက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ပြီဖြစ်ရာ လူထုရွေးကောက်တင်မြှောက်ထားသည့် NLDအစိုးရလက်ထက်တွင် သမိုင်းအမည်းစက် ရေးထိုးခဲ့ပြီဖြစ်သည်။

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ ၂ ဦးသည် အင်းဒင်ကျေးရွာတွင်ဖြစ်ပွားခဲ့သော လူ ၁၀ ဦး ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရသည့် ကိစ္စကို သတင်းယူရင်းဖြင့် ပြည်ထဲရေးနှင့်စစ်တပ်၏ အကောက်ကြံ ထောင်ချောက်ဆင် ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်ကပင် ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင်ဖမ်းဆီးခိုင်းခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။ သို့သော် ယင်းထွက်ဆိုမှုမှာ အရာမထင်ဘဲ နောက်ဆုံးတွင် သတင်းထောက် ၂ ဦးကို ထောင်ချခဲ့သည်။

တရားရုံး၏ စီရင်ချက်တွင် ရခိုင်တပ်မတော် AA မှာ ခေါင်းဆောင်တစ်ဦး၏ ဖုန်းနံပါတ် သတင်းထောက်ထံတွင် ရှိနေပြီး နိုင်ငံတော်ကို ဆန့်ကျင်သော အဖွဲ့အစည်းများထံ အချက်အလက်များ ပေးပို့နိုင်သည်ဆိုသော ယူဆချက်ကိုလည်း ထည့်သွင်းထားရာ သတင်းမီဒီယာသမားများ အားလုံး၏ ဆက်လက် အလုပ်လုပ်နိုင်ရေးအတွက် ခြိမ်းခြောက်ခံလိုက်ရပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သတင်းထောက် ၂ ဦး စွဲချက်မတင်ခင် NHK သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် သတင်းထောက်များသည် ဥပဒေချိုးဖောက်သယောင်ယောင်လည်း ပြောဆိုသွားခဲ့ပြီး တရားရုံးက မဆုံးဖြတ်မီ ရှေ့က တင်ကြို၍ လွှမ်းမိုးသော ပြောဆိုမှုများ လုပ်ဆောင်ခဲ့သည်။ တစ်နည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် တရားရုံးကို မထီမဲ့မြင်ပြုခဲ့သည်ဟု ဆိုရပေမည်။

သတင်းထောက် ၂ ဦးသည် အပြစ်မရှိဘဲ ၎င်းတို့၏ သတင်းအလုပ်ဖြစ်သော ဥပဒေမဲ့ကျူးလွန်သတ်ဖြတ်မှုများကို ဖော်ထုတ်ခြင်းသာဖြစ်ရာ အမှန်တကယ် ပြစ်မှုကျူးလွန်သူများမှာ အင်းဒင်ကျေးရွာတွင် ဥပဒေမဲ့ သတ်ဖြတ်သူများသာဖြစ်ပြီး သတင်းထောက် ၂ ဦးက ဖော်ထုတ်သူများသာဖြစ်သည်။

လက်ရှိအချိန်တွင် လူထုက ရွေးချယ်တင်မြှောက်ထားသော NLD အစိုးရသည် ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ခဲ့ကြသော သတင်းထောက် ၂ ဦးကို မကာကွယ်ရုံမျှမက ၎င်းတို့ကိုယ်တိုင်ပင် သတင်းမီဒီယာများကို နှိပ်ကွပ်ရေးတွင် တက်တက်ကြွကြွပါဝင်နေသကဲ့သို့ပင်ဖြစ်သည်။

တစ်နည်းအားဖြင့် စစ်တပ်အလိုကျ စစ်တပ်နှင့်ရင်ကြားစေ့ရေး အတွက် စစ်တပ်က ဆောင်ရွက်သော ကိစ္စမှန်သမျှ မှားနေသည့်တိုင်အောင် စစ်တပ်ဘက်လိုက်၍ အာဏာရှင်ပုံစံ ပြုမူခဲ့သည်မှာ ထင်ရှားသည်။

NLD သည် သတင်းလွတ်လပ်ခွင့်ကို အလေးမထားသကဲ့သို့ သတင်းသမားများကိုလည်း ရန်သူသဖွယ် ဆက်ဆံနေသည်မှာ ထင်ရှားသည်။

သတင်းထောက် ၂ ဦးကို မတရားထောင်ချောက်ဆင်၍ ကြီးမားသော ပြစ်ဒဏ်ချမှတ်မှုသည် လူထုရွေးချယ်တင်မြှောက်ထားသော အရပ်သားအစိုးရလက်ထက်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ NLD သည် သမိုင်းဆိုး အမွေအနှစ်တစ်ခု ထားရစ်ခဲ့ပြီဖြစ်သည်။

သတင်းထောက် ၂ ဦး ထောင်ချခံရခြင်းသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဆိတ်သုန်းခဲ့ခြင်း၊ သတင်းလွတ်လပ်ခွင့် အမှောင်ကျခဲ့ခြင်း၊ အာဏာရှင်အငွေ့အသက် ထပ်မံပေါ်ပေါက်လာခြင်းကို ပြသနေသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com