Editorial political news

စစ်တန်းလျားပြန်ဖို့ နှစ်ပေါင်း ၃၀ အထိ ကတိ မတည်သေးပါ

ဒီနေ့ဟာ စစ်တပ်ရဲ့ အာဏာသိမ်း နှစ်ပတ်လည် နှစ်ပေါင်း ၃၀ ပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်ဟာ ယိုယွင်းနေသော အခြေအနေ အချိန်မီ ထိန်းသိမ်းဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဖွဲ့စည်းပြီး အာဏာသိမ်းယူခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ရေး၊ ပြည်သူတွေရဲ့စားဝတ်နေရေး ချောင်လည်စေဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးဖို့ ၊ ပုဂ္ဂလိက၊ သမဝါယမတို့ ဆောင်ရွက်နိုင်အောင် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာပါ။

အဲဒီအချိန်က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က ” ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားကို ပြန်မယ်” ဆိုတဲ့ စကားဟာ သမိုင်းဝင်စကားဖြစ်ခဲ့သလို စစ်တပ်အနေနဲ့ နှစ်ပေါင်း ၃၀ အထိ ကိုယ်ပေးခဲ့တဲ့ ကတိကို ကိုယ် မတည်သေးပါဘူး။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရရှိတော့လည်း အာဏာမလွှဲဘဲ ဖိနှိပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပေးခဲ့တဲ့ ကတိမတည်ရုံမျှ မက အကြိမ်ကြိမ်ချိုးဖောက်ခဲ့တာတွေက သမိုင်းသက်သေရှိနေပါတယ်။

အခုအချိန်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်ဟာ စစ်တန်းလျားပြန်ဖို့ ဝေးစွ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ တပ်မတော်က ပါဝင်ရမယ်ဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်တောင်အခြေခံဥပဒေထဲမှာ ပါဝင်နေပါပြီ။ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ပါဝင်နေတာ၊ ဒုသမ္မတ ၁ နေရာစာ ရှိနေတာ၊ အရေးကြီးတဲ့ လုံခြုံရေးကဏ္ဍနဲ့ စစ်မှုရေးရာ ကိစ္စတွေမှာ ကာကွယ်ရေးဦးစီးချုပ်ဟာ လွတ်လပ်စွာ စီမံအုပ်ချုပ်နိုင်တယ် ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ အခြေခံဥပဒေမှာ တရားဝင်ပါနေပါတယ်။

ဗိုလ်ချုပ်ကြီးစောမောင်ဟာ တပ်မတော်ရဲ့ ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ပြီး သူပြောခဲ့တဲ့ စစ်တန်းလျားပြန်မယ်ဆိုတဲ့ နှုတ်ထွက် ကတိဟာလည်း တပ်မတော်ကို ကိုယ်စားပြုတဲ့ ကတိလည်းဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀ အထိ မတည်နိုင်သေးတဲ့ ကတိကို Gentleman ပီပီ ပီပြင်နိုင်အောင် ကြိုးစားဖို့ အခွင့်အရေး ရှိနေပါသေးတယ်။

နှစ်ပေါင်း ၃၀ အထိ မတည်ခဲ့တဲ့ ကတိကို လက်ရှိ ထိပ်ပိုင်းခေါင်းဆောင်ေ်တွအနေနဲ့ တည်အောင် ကြိုးစားခြင်းဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်ရဲ့ ကာကွယ်ရေး တစ်ခုတည်းကိုသာ ဦးစားပေး ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းကြီးအဖြစ် ပေါ်ပေါက်လာဖို့ အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်ပါတယ်။ ဒီမိုကရေစီမှာ တပ်မတော်တွေဟာ စစ်တန်းလျားမှာ နေပြီး အရပ်သားအုပ်ချုပ်မှုအောက်မှာ ကာကွယ်ရေးကိုသာ အဓိက ဆောင်ရွက်ကြတာက ကောင်းမွန်တဲ့ အစဉ်အလာလည်းဖြစ်ပါတယ်။

စစ်တန်းလျားပြန်မယ်ဆိုတဲ့ ကတိစကားဟာ မတည်နိုင်သေးသရွေ့တော့ အဲဒီကတိစကားတွေဟာ ဂုဏ်သိက္ခာနဲ့ လူကြီးလူကောင်း ဆန်မှုကို အမြဲ တိုင်းတာ ထောက်ပြနေတဲ့ ပေတံစကားလုံးတွေ အဖြစ် ရှိနေမှာ အသေအချာပါပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com