All News interview

“NLD ချည်းကပ်ပုံ၊ တပ်မတော် ချည်းကပ်ပုံ၊ ကျနော်တို့ ချည်းကပ်ပုံ ပုံစံတွေက မတူပေမယ့် ကျနော်တို့အားလုံးရဲ့ ဘုံရည်မှန်းချက်ကတော့ တူဖို့လိုတယ်”

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်ဆာခေါင်းနှင့်တွေ့ဆုံခြင်း အပိုင်း ၁ 

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ဇူလိုင်လအတွင်းကျင်းပပြုလုပ်ပြီးစီးသွားခဲ့သော ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်၏ တင်းမာသော သဘောထားများကို ထုတ်ပြခဲ့ပြီး တိုင်းရင်းသားများဘက်ကမှလည်း ငြိမ်းချမ်းရေးသည် ချောတိုင်တက်နေရသကဲ့သို့ ဖြစ်နေကြောင်း ပြောဆိုခဲ့ကြသည်။ ပြည်ထောင်စုသဘောတူညီချက် ၁၄ ချက်ရရှိခဲ့သော်လည်း ငြိမ်းချမ်းရေး ရရှိရေးအတွက် အရေးမပါသည့် ဆုံးဖြတ်ချက်ဖြစ်ရာ ငြိမ်းချမ်းရေး အလားအလာ နည်းပါးနေသည်ဟုလည်း ဝေဖန်မှုများက ရှိနေသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်ဆာခေါင်းကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ တတိယအကြိမ် ၂၁ ပင်လုံကနေ ဘယ်လောက်ရလဒ်ထွက်ခဲ့လဲ။ ငြိမ်းချမ်းရေးက လက်တွေ့ ကျကျ ဖြစ်လာမယ့် အနေအထားရှိလား။

ဖြေ။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံ တတိယအစည်းအဝေးပေါ့နော်။ အဲဒါ ကျနော်တို့ ဘာခေါ်မလဲ ။ ရလဒ်အနေနဲ့ဆိုရင် ဘာမှ အားရစရာမရှိဘူး။ အားရစရာမရှိဘူးဆိုတာက ပြည်ထောင်စုသဘောတူညီချက် ၁၄ ချက်ကို ကြည့်မယ်ဆိုရင်လည်း ဟို ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေနိုင်မယ့် အချက်အလက်တွေ မပါသေးဘူး။ ပြီးတော့ တိုင်းရင်းသား တွေတောင်းဆိုနေတဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ဆိုတာလည်း အာမခံချက်မပေးနိုင်သေးဘူး။ NCA စာချုပ်အရ ဦးတည်ပြီးတော့ သွားမယ်ဆိုတဲ့ အပိုင်းမှာလည်းပဲ ကျနော်တို့လိုလားချက်တဲ့ က မပြီးသေးဘူး။အထူးသဖြင့် တိုင်းရင်းသားတွေလိုလားတဲ့ ဒီမိုကရေစီအရေး၊ တန်းတူပြဋ္ဌာန်းရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒါတွေကို အာမခံချက်ပေးနိုင်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေး ဒါတွေအတွက်တော့ အာမခံချက်မရှိသေးဘူး။ ဒီအတွက်ကြောင့် ရလဒ်တစ်ခုတည်းကြည့်မယ်ဆိုရင်တော့ အားရစရာမရှိဘူး။ သို့သော် အခင်းအကျင်းတစ်ခုလုံးအနေနဲ့ ကြည့်မယ်ဆိုရင်တော့ အောင်မြင်တဲ့ ညီလာခံလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအခင်းအကျင်းတစ်ခုလုံးထဲမှာ နံပါတ်တစ်အနေနဲ့ ညီလာခံမကျင်းပခင်မှာ လုပ်ငန်းကော်မတီအစည်းအဝေးလုပ်တယ်။ အဲဒီလုပ်ငန်းကော်မတီမှာ ဆွေးနွေးမယ့် အကြောင်းအရာလုံးတင်လိုက်တော့ နိုင်ငံရေးပိုင်းမှာ ခေါင်းစဉ် ၄ ခုတင်တယ်။ ၃ ခု ဆွေးနွေးလို့မရဘူး။ နောက်ဆုံး ကျား၊မ တန်းတူရေးကို ဆွေးနွေးတယ်။ အဲဒီအထဲမှာလည်း အခြေခံရမယ့် မူ ၅ ရှိရမယ်လို့ ကျနော်တို့ပြောတယ်။ အဲဒီအထဲမှာ ၂ ခုလောက်ပဲပါလာတယ်။ ဥပမာအားဖြင့် ကျား၊ မတန်းတူရေးလို့ပြောရင် ကျားနဲ့မ တန်းတူ အခွင့်အရေး ရှိရမယ်။ ဒါက နံပါတစ်။ နံပါတ်နှစ်က တန်းတူရုံနဲ့ မပြီးဘူး ခွဲခြားဆက်ဆံမှု မရှိစေရဘူးဆိုတာလည်းပါဖို့လိုတယ်။ နံပါတ် ၃ ဒီလို ခွဲခြားဆက်ခံခွင့်မရှိဘဲ တန်းတူခွင့်ရှိတဲ့ အမျိုးသမီးထုကြီးကို ကဏ္ဍပေါင်းစုံမှာ ပါဝင်ခွင့်ပေးရမယ်။ ပါဝင်ခွင့်ပေးဖို့အတွက် အကာအကွယ်တွေလည်းပေးရမယ်။ ပါရမယ်။ ကျနော်တို့က အသွင်ကူးပြောင်းရေး ကာလမှာပဲရှိနေသေးတော့ ကာလအတိုင်းအတာတစ်ခုအထိ သူတို့ကို အထူးစီမံဆောင်ရွက်ခွင့်လုပ်ပေးရမယ်။ အားလုံးထိန်းညှိထားတာ။ အဲဒီအထဲမှာ အချက်အလက် အားလုံးကျနော်တို့မရဘူး။ ဒါလုပ်ငန်းကော်မတီမှာ ဖြစ်သွားတာ။ ဆိုတော့ နောက်ဆုံးဖြစ်သွားတဲ့အနေအထာက လုပ်ငန်းကော်မတီမှာ ကျနော်တို့ဘယ်လောက်ပဲ ဆွေးနွေးဆွေးနွေး ကျနော်တို့ဘက်က ဘယ်လောက်ကောင်းအောင် စာတမ်းတွေကို ဘယ်လိုပဲရေးရေး အချက်အလက်တွေ ပြည့်စုံအောင် ဘယ်လောက်ပဲလုပ်လုပ် လုပ်ငန်းကော်မတီမှာ အသေးစိတ်ဆွေးနွေးလို့မရဘူးဆိုတဲ့ အဖြေက ပေါ်လာတယ်။ ပြီးတော့ လုပ်ငန်းကော်မတီက UPDJC ကို တင်တယ်။ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီက NCA စာချုပ်အရ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံး နိုင်ငံရေးဆွေးနွေးပွဲအားလုံးကို ဦးဆောင် ကြီးကြပ် လမ်းညွှန်ရမယ်ဆိုတာ ပါတယ်။ ဒါပေမယ့် UPDJC အစည်းအဝေးမှာလည်းပဲ အတိအကျ ဆုံးဖြတ်ချက်မပေးနိုင်တဲ့ အနေအထားရောက်သွားတယ်။ ဆိုတော့ အဲလိုဖြစ်သွားတဲ့အခါကျတော့ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ လက်ရှိဆောင်ရွက်နေတဲ့ အခက်အခဲအားလုံးက ညီလာခံမှာ စုပြုံလာတယ်။ အရင်တုန်းက အခက်အခဲရှိမှန်း မသိကျဘူး။ သိတဲ့အဖွဲ့အစည်းလုပ်ရင်လည်း ကျန်တဲ့အဖွဲ့က အဲဒါ အသိအမှတ်ပြုခြင်း အပြန်အလှန်မရှိဘူး။ အခက်အခဲတွေရှိနေတယ်ဆိုတာကိုတောင်မှပေါ့နော်။ ဒါပေမယ့် အခုညီလာခံက ကောင်းတယ်လို့ ပြောတာက အဆိုးထဲက အကောင်းထွက်လာတာကို ပြောတာ။ ညီလာခံမှာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီး အခက်အခဲရှိတယ်။ လုပ်ပုံလုပ်နည်းပြောင်းဖို့လိုတယ်။ ချည်းကပ်ပုံ ချည်းကပ်နည်းပြောင်းလဲဖို့ လိုတယ်ဆိုတာက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းထဲမှာ သော်လည်းကောင်း တပ်ချုပ်ကြီး မိန့်ခွန်းထဲမှာသော်လည်းကောင်း အခက်အခဲရှိတယ်ဆိုတာ ပါလာတယ်။ အထူးသဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပိတ်ပွဲ မိန့်ခွန်းမှာ၊ နိဂုံးချုပ် မိန့်ခွန်းမှာ အများကြီးပါလာတယ်။ ပြီးတော့ ဒီလိုအခက်အခဲရှိနေတယ်ဆိုတာ ထိပ်ဆုံးခေါင်းဆောင်တွေ အသိအမှတ်ပြုနေတဲ့ တပြိုင်နက်တည်းမှာ ငြိမ်းချမ်းရေး ကို မရမက လုပ်ရမယ်လို့ ပြောနေတာ ကောင်းတဲ့ လက္ခဏာပဲ။ ကောင်းတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ မှာ ညီလာခံ တစ်ခါ ထပ်လုပ်မယ်။ ၂၀၁၉ မှာ ၂ ခါလုပ်မယ်။ အနည်းဆုံး ၃ ကြိမ်ဆက်လုပ်ပြီးတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် Principle အားလုံးရအောင်လုပ်မယ်ပြောတယ်။ တပ်ချုပ်ကြီးက ၂၀၂၀ မှာ အပြီးလုပ်မယ်ပြောတယ်။ ဒါကို ထောက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကိုတော့ မရမက ဆောင်ရွက်ချင်တယ်ဆိုတာ ပေါ်လာတယ်။ တစ်ဖက်မှာလည်း အခက်အခဲရှိတယ်ဆိုတာ သူတို့ လက်ခံသွားတယ်။ အခက်အခဲရှိတယ် ဆက်လက်လုပ်ချင်တယ်ဆိုတာကို အခြေခံပြီးတော့ ပြန်သုံးသပ်ဖို့ လိုအပ်တာက ဘယ်မှာ အခက်အခဲရှိလဲ။ ဒီအခက်အခဲကို ဘယ်လိုပြင်မလဲဆိုတာကို အဖြေရှာဖို့ လိုလာတယ်။ ဆိုတော့ ဒီမှာ ကျနော့်တစ်ဦးအမြင်နဲ့ ပြောမယ်ဆိုရင် ဒီအခက်အခဲက ဘာလဲဆိုတော့ လုပ်ငန်းကော်မတီနဲ့ UPDJC ကနေ တက်လာမယ့် အောက်ခြေကနေတက်လာမယ့် ချည်းကပ်ပုံမှာ နည်းပညာအရ ဘယ်လောက်ပဲ ကျနော်တို့ဘယ်လောက်ပဲ ကြိုးစားကြိုးစား နိုင်ငံရေးအရ အပေါ်က ထိပ်ဆုံးကလူတွေက အဆုံးအဖြတ်မပေးဘူးဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်ဖို့ အခက်အခဲရှိတယ်ဆိုတာ ကျနော်မြင်မိတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့အနေနဲ့ ထိပ်ဆုံးက ခေါင်းဆောင်တွေ နိုင်ငံတော်ဘက်ကလည်းသော်လည်းကောင်း၊ နိုင်ငံတော်ဆိုတာက အစိုးရရော တပ်မတော်ရာပါတယ်။ အစိုးရဘက်ကသော်လည်းကောင်း ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ အချင်းချင်း တွေ့ဆုံပြီးတော့ နိုင်ငံရေးအရ တစ်ဆို့နေတဲ့ အခက်အခဲတွေကို အဖြေမရှာမချင်း ရှေ့ဆက်ဖို့ အခက်အခဲရှိတယ်လို့ ကျနော်ပြောချင်တယ်။

မေး။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မိန့်ခွန်းက ပြင်းထန်တယ်ပြောတယ်။ NCA ကို လက်မှတ်ထုးိရမယ်။ တပ်မတော်ဟာ အင်အားချိနဲ့နေလို့ ငြိမ်းချမ်းရေးလုပ်တာမဟုတ်ဘူး။ ပြင်းထန်တဲ့ သဘောထားတွေပါလာတယ်။ ၂၁ ပင်လုံကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ သွားနေတယ်ဆိုတာ သူသိတယ်ဆိုတာလည်း ပြောသွားတယ်။ ပြင်ဆင်ဖို့သွားတဲ့ ကိစ္စဟာ အခြေခံဥပဒေအတိုင်းပဲ သွားရမယ်ဆိုပြီး သူပြောသွားတယ်။ အဲဒီတော့ တိုင်းရင်းသားတွေက ၂၁ ပင်လုံကနေ အခြေခံဥပဒေ ပြင်ချင်နေတာဆိုတော့ အဲဒီအိပ်မက်ပျက်မသွားဘူးလား။ တပ်မတော်မူ ၆ ချက်အတိုင်းပဲ သွားရင် တိုင်းရင်းသားတွေလိုချင်တာရပါ့မလား။

ဖြေ။ ။ တပ်ချုပ်ကြီးရဲ့ မိန့်ခွန်းထဲမှာ ၂ ချက်ကိုေ ထာက်ခံပြီးတော့ ပြောချင်တယ်။ နံပါတ်တစ်က NCA လမ်းကြောင်းအတိုင်းပဲ သွားရမယ်ဆိုတဲ့ဟာ။ ကျနော့်အမြင်အရတော့ NCA လမ်းကြောင်း အတိုင်းမသွားဘူးဆိုရင် အခြားနည်းလမ်းက အခက်အခဲရှိလိမ့်မယ်။ အဲဒီအတွက် NCA လမ်းကြောင်းသာလ ျှင်အကောင်းဆုံးဖြစ်တယ်လို့ကျနော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ NCA လမ်းကြောင်းဆိုတာက ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲရမယ်။ ရပ်စဲနေတဲ့ကာလမှာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရမယ်။ နှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်ပြဿနာကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းမယ်။ အဲဒါက ကျနော်တို့ရဲ့ NCA လမ်းကြောင်းဖြစ်တယ်။ တကယ်လို့ အဲဒီ NCA လမ်းကြောင်းကို ဒီတိုင်းမသွားဘဲနဲ့ တခြားနည်းလမ်းနဲ့သွားမယ်ဆိုရင် အဲဒီတခြားနည်းလမ်းက တိုက်ပွဲပုံစံ၊ စစ်ပွဲပုံစံဖြစ်တယ်။ အဲဒါ နှစ်ပေါင်း ၇၀ အတွေ့အကြုံအရ အဖြေမရှိဘူး။ အဲဒီတော့ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တိုင်းပြည်ငြိမ်းချမ်းဖို့အတွက်ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ လမ်းကြောင်းဖြစ်တယ်။ အဲဒီလမ်းကြောင်းကို ယနေ့အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းက NCA လမ်းကြောင်းပဲဖြစ်တယ်။ အဲဒီအတွက်ကြောင့် NCA လမ်းကြောင်းနဲ့သွားရမယ်ဆိုတာကို ကျနော် ထောက်ခံတယ်။ မြောက်ပိုင်းလက်မှတ် မထိုးသေးတဲ့အဖွဲ့တွေရှိတယ်။ သူတို့ကို ကျနော်မေတ္တာရပ်ခံချင်တာက NCA လမ်းကြောင်းအတိုင်းသွားတာက အကောင်းဆုံးဖြစ်တယ်။ NCA လမ်းကြောင်းကနေ တခြား ရွေးချယ်မယ်ဆိုရင်တော့ ဒါ စစ်ရေးနည်းပဲကျန်တယ်။ NCA လမ်းကြောင်းဆိုတာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာဖြစ်တယ်။ NCA လမ်းကြောင်းမဟုတ်တော့ဘူးဆိုရင် နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းတဲ့နည်းလမ်းဖြစ်သွားမယ်။ ဒုတိယတစ်ချက်က သူပြောတဲ့အထဲမှာ အကောင်းဘက်က တွေးမယ်ဆိုရင် တပ်မတော်ကနေ အင်အားချိနဲ့လို့ ငြိမ်းချမ်းရေးဆွေးနွေးတာမဟုတ်ဘူးလို့ သူပြောတယ်။ အဲဒါကောင်းတဲ့လက္ခဏာဖြစ်တယ်။ ဟိုဘာခေါ်မလဲ ဆိုတော့ အင်အားကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ တပ်မတော်ဘက်ကပဲ ဘယ်လောက်ပဲ အင်အားကြီးကြီး ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဘယ်လောက်ပဲ အင်အားကြီးကြီး အင်အားချိနဲ့သည်ဖြစ်စေ လက်နက်ကိုင် နည်းနဲ့ ဒီပြဿနာကို ဖြေရှင်းလို့မရဘူး။ အင်အားကြီးလို့ လာဆွေးနွေးတာမဟုတ်ဘူး။ အင်အားနည်းလို့ လာဆွေးနွေးတာမဟုတ်ဘူး။ အင်အားသုံးပြီး ဖြေရှင်းလို့မရတဲ့အတွက် နိုင်ငံရေးနည်းနဲ့ ဆွေးနွေးတယ်ဆိုတဲ့ ချည်းကပ်မှုမျိုးနဲ့ တပ်ချုပ်ကြီးရဲ့စကားကို အဲဒီလိုအဓိပ္ဗာယ်ဖွင့်ဆိုရင်တော့ ကျနော့်အနေနဲ့ ကြိုဆိုတယ် လက်ခံတယ်။ တတိယအချက်ကတော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့တကွ ဥပဒေအားလုံးကို ပြင်ဆင်ခြင်းပေါ့နော်။ အဲဒီကိစ္စမှာတော့ NLD ချည်းကပ်ပုံ၊ တပ်မတော် ချည်းကပ်ပုံ၊ ကျနော်တို့ ချည်းကပ်ပုံ ပုံစံတွေက မတူပေမယ့် ကျနော်တို့အားလုံးရဲ့ ဘုံရည်မှန်းချက်ကတော့ တူဖို့လိုတယ်လို့ ကျနော်ထင်တယ်။ မတူသေးရင်လည်း တူအောင် ညှိရမှာဖြစ်တယ်။ အဲဒါက ဘာလဲဆိုတော့ NCA စာချုပ် အပိုဒ်၁မှာ ဖော်ပြတဲ့အတိုင်းပေါ့ ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ကိုရှေးရှုပြီးတော့ လောကပါလ တရားများနဲ့အညီ တရားမ ျှတမှု၊ တန်းတူမှု အဲဒါတွေနဲ့သွားမယ်။ ပြီးတော့ ပင်လုံစာချုပ်ကိုလည်း အခြေခံမယ်။ ပြီးလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားတွေလိုလားတဲ့ ဒီမိုကရေစီအရေး၊ တန်းတူးရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်း အခြေခံပြီးတော့ ပြည်ထောင်စုကို ထူထောင်ရမယ်ဆိုတာဖြစ်တယ်။ အဲဒီဟာကို အားလုံးလက်ခံမယ်ဆိုရင်တော့ ၂၀၀၈ ကို သွားပြင်လို့ပဲဖြစ်ဖြစ်၊ ကျနော်တို့ ငြိမ်းချမ်းရေးလမ်းကြောင်းအရ NCA စာချုပ်အတိုင်း ပြည်ထောင်စုသဘောတူစာချုပ်ကို ချုပ်ဆိုတဲ့နည်းလမ်းနဲ့ပဲဖြစ်ဖြစ် ဆုံချက်ကတော့ တူလိမ့်မယ်လို့ ကျနော်ပြောချင်တယ်။ ဆုံချက် မတူဘဲနဲ့တော့ အောင်မြင်အောင် လုပ်နိုင်မှာမဟုတ်ဘူး။

မေး။ ။ NCA က တိုင်းရင်းသားတွေလိုချင်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အာမခံနိုင်တဲ့ စာချုပ်ဟုတ်ရဲ့လား။ NCA ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ လက်မှတ်ထိုးလာအောင် ဘယ်လို ဆွဲဆောင်မလဲ။

ဖြေ။ ။ NCA စာချုပ်က ငြိမ်းချမ်းရေး စာချုပ်မဟုတ်ဘူး။ ငြိမ်းချမ်းရေးစာချုပ်မဟုတ်တဲ့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အချက်တွေ အားလုံးထည့်လို့မရဘူး။ သူရဲ့ စာချုပ်ကို အမျိုးအစားကိုက အဲဒီဟာမျိုးမဟုတ်ဘူး။ ငြိမ်းချမ်းရေး စာချုပ်မဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေးစာချုပ်ဖြစ်တယ်။ သို့သော် အပစ်အခတ်ရပ်စဲရေးစာချုပ်ပေမယ့် အဲဒီစာချုပ်ရဲ့ အခြေခံမူထဲမှာ ကျနော်တို့ အနာဂတ် မေ ျှာ်မှန်းချက် အပြည့်အဝပါတယ်။ စောစောက ကျနော်ဖတ်ပြတဲ့ကိစ္စ။ အဲဒီအချက်တွေဖြစ်တယ်။ အဲဒီအချက်တွေကလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို ထူထောင်ရမယ်ဆိုတာဖြစ်တယ်။ ဆိုတော့ အဲဒါကြီးက တော်တော်ကို ခိုင်လုံတယ်။ ကျနော်တို့ ဆက်ဆွေးနွေးနေတာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုဆိုတာ တော်တော်ကြီးကို ပြည့်စုံတယ်။ ဒါပေမယ့် အခု နိုင်ငံရေးဆွေးနွေးပွဲ တွေ ကျင်းပပြီးတော့ လုပ်နေတာ မည်ကဲ့သို့သော ဒီမိုကရေစီစနစ်ဖြစ်ရမလဲ။ မည်ကဲ့သို့သော ဖက်ဒရယ်စနစ်ဖြစ်ရမလဲ။ ညှိနေတာပဲရှိတယ်။ ညှိနေတဲ့အချိန်မှာ ကျနော့်အနေနဲ့ အောင်မြင်နိုင်တယ်လို့ ယုံကြည်တာက အကြောင်းအရင်း ရှိတယ်။ ကျနော်တို့အနေနဲ့က ဒီမိုကရေစီလို့ပြောလိုက်ရှိရင် အချက်အများကြီးသွားတွေးပြီးတော့ အစိုးရတစ်ရပ်က နေ့စဉ်လုပ်ရမယ့် ကိစ္စတွေအထိသွားစဉ်းစားဖို့ မလိုဘူး။ ဒီမိုကရေစီ Priciple လို့ ကျနော်တို့ ပြောလိုက်လို့ရှိရင် တိုင်းပြည်ကို အုပ်ချုပ်မယ့်အစိုးရကို လူထုက ရွေးချယ်တင်မြှောက်နိုင်ရမယ်။ အဲဒီလူထုမှာ မွေးရာပါပိုင်အခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားတဲ့ မူလအခွင့်အရေးတွေ အပြည့်အ၀ ရှိရမယ်။ ပြီးတော့ လူထုက ရွေးချယ်တဲ့ အစိုးရရွေးချယ်တဲ့ လက်အောက်မှာ လုံခြုံရေး တပ်ဖွဲ့အားလုံးရှိရမယ်။ ဒီ ၃ ချက်က အင်မတန်မှ အရေးကြီးတဲ့ ဒီမိုကရေစီကျင့်စဉ်တွေဖြစ်တယ်။ ဒါတွေကို အခြေခံပြီးတော့ အောက်ခြေတွေကတော့ ကြိုက်သလို ရှင်းလို့ရတယ်။ ဒီအခြေခံ ၃ ချက်ကိုသ ဘောတူနိုင်တယ်ဆိုရင် သိပ်မခက်ဘူးလို့ထင်တယ်။ ကျနော့်အမြင်ကတော့ လူထု က ရွေးချယ်တဲ့ အစိုးရရှိရမယ်ဆိုတဲ့ ပေါ်လစီနဲ့ပတ်သက်ပြီးတော့ ဘာမှအငြင်းအခုန်လုပ်ဖို့ မလိုတော့ဘူး ။ ရပြီလို့ ပြောလို့ရတယ်။ နိုင်ငံသားတို့ရဲ့ မူလ အခွင့်အရေးနဲ့ပတ်သက်ပြီးလို့ရှိရင်လည်း အသေးစိတ်တော့ ထပ်ပြီးဆွေးနွေးစရာတော့ရှိသေးတယ်။ ဒါပေမယ့် အခြေခံအားဖြင့်တော့ နှစ်ဖက်စလုံးက သဘောတူပြီးသားဖြစ်တယ်။ အဓိကအနေနဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ပတ်သက်လို့ ဆွေးနွေးဖို့ လိုနေတာက အရပ်သားအစိုးရလက်အောက်မှာ လုံခြုံရေးတပ်ဖွဲ့ရှိရမယ်ဆိုတဲ့ ကိစ္စ ကျနော်တို့ ဆွေးနွေးဖို့လိုတယ်။ ဒါပေမယ့် ဒီကိစ္စ ဆွေးနွေးနေတဲ့ တစ်ပြိုင်နက်တည်းမှာပဲ ကျနော်တို့ စဉ်းစားဖို့လိုအပ်တာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အနာဂတ်ကိစ္စ။ တစ်နည်းအားဖြင့် DDR/SSR ကိစ္စ ဘယ်လို ဆောင်ရွက်မလဲဆိုတဲ့ ကိစ္စပဲ။ ဒီမိုကရေစီ ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့လည်း အများကြီးအသေးစိတ်သွားရင်တော့ သွားလို့ရတယ်။ ဒါပေမယ့် အရေးကြီးဆုံးက ကျနော်တို့ ပြီးခဲ့တဲ့ပွဲမှာ ဆွေးနွေးတဲ့အချက်တွေပါပဲ။ ဒါကိုသာ ဖြည်ထုတ်နိုင်မယ်ဆိုရင် ဘာမှ မခက်ပါဘူး။ NCA မှာပါတဲ့ ဒီမိုကရေစီအရေးရှိရမယ်၊ တန်းတူရေးရှိရမယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လည်းရှိရမယ်။ ဒီ ၃ ချက်ကို ပြည်စုံအောင် လုပ်နိုင်တာက ပြည်ထောင်စုနဲ့ ပြည်နယ်ကြားမှာ အာဏာခွဲဝေရေးပဲ။ ပြည်ထောင်စုနဲ့ ပြည်နယ်ကြား ခွဲဝေတဲ့ အာဏာကို တရားဥပဒေနဲ့အညီ ကျင့်သုံးနိုင်ဖို့ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ရှိရမယ်။ ဒါအရေးကြီးဆုံးပဲ။ ဒါပေမယ့် အဲဒီမှာ ကျနော်တို့ နားလည်းမှု နည်းနည်းကွဲနေတယ်။ အစိုးရနဲ့ တပ်မတော်က ဘယ်လိုမြင်သလဲဆိုတော့ ကျနော်တို့ တောင်းဆိုနေတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ခွဲထွက်ခွင့်နဲ့ သွားတွဲလိုက်တယ်။ အမှန်တကယ်ကတော့ ကျနော်တို့ တောင်းဆိုနေတာကို လုံး၀ ကြောက်ဖို့ မလိုသလို၊ ခွဲထွက်ခွင့်နဲ့လည်း သွားပြီး ဆက်စပ်ဖို့မလိုဘူး။ ကျနော်တို့တောင်းဆိုနေတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်နယ်အတွက်တင်မဟုတ်ဘူး။ တိုင်းဒေသကြီးတွေမှာလည်း ကိုယ်ပိုင်ဖွဲ့စည်းပုံတွေ ရှိမှာပဲ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတဲ့ ချည်းကပ်မှုမျိုးနဲ့ ချည်းကပ်မယ်ဆိုရင် အခုသူတို့ စိုးရိမ်တာ သူတို့စိုးရိမ်သင့်သလား။ ဥပမာ- ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရှိတာနဲ့ ပြည်ထောင်စုထဲက ခွဲထွက်စရာအကြောင်းရှိသလား။ ရန်ကုန်တိုင်းမှာ ရန်ကုန်တိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ရှိလိုက်ရုံနဲ့ ရန်ကုန်တိုင်းက ပြည်ထောင်စုထဲက ခွဲထွက်စရာအကြောင်းရှိသလား။ အဲဒီစဉ်းစားချက်နဲ့ စဉ်းစားမယ်ဆိုရင် ချင်းပြည်နယ်မှာ ချင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရှိရုံနဲ့ ပြည်ထောင်စုထဲက ခွဲထွက်စရာရှိလား။ ထို့အတွက်ကြောင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိခြင်းဆိုတဲ့ဟာက ခွဲထွက်ခွင့်နဲ့ ဘာမှ မဆိုင်ဘူးဆိုတာ ပြည်သူလူထု တစ်ရပ်လုံးရှင်းရှင်းမြင်နိုင်မှာဖြစ်တယ်။

မေး။ ။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိခြင်းက ခွဲထွက်ခွင့်နဲ့ မဆိုင်ဘူးဆိုတာက တပ်မတော်ဘက်က လက်ခံအောင် ဘယ်လိုလုပ်မလဲ။ လက်ခံပါ့မလား။

ဖြေ။ ။ အဲဒါပဲ ကျနော်တို့အနေနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။ ကျနော်ကတော့ တပ်မတော်ဘက်က လက်ခံနိုင်အောင် ပြည်နယ်/တိုင်းဒေသကြီးဆိုပြီး နာမည်ကွဲတာကို မှားနေတာ။ အားလုံးကို ပြည်နယ်ခေါ်ရင် ခေါ်လိုက်၊ တိုင်းခေါ်ရင်ခေါ်လိုက်လို့ရှိရင် ဒီပြဿနာပြေလည်မယ်လို့ကျနော်ထင်တယ်။ ပြီးတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာကလည်း ခွဲထွက်ခွင့်နဲ့သွားရောနေတယ်။ ဥပမာ- မန္တလေးတိုင်း ဖွံ့ဖြိုးတိုးတက်ဖို့ မန္တလေးတိုင်းပြည်သူလူထုဘ၀ မြှင့်တင်ဖို့အတွက် မန္တလေးတိုင်းမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိသင့်ဘူးလား။ ကျနော်တို့ ချင်းလူမျိုးတွေ ချင်းပြည်နယ်အတွက် တောင်းနေတာကလည်း မန္တလေးတိုင်းနဲ့ အတူတူပဲဖြစ်ရမယ်။ အာဏာက တန်းတူရမယ်လေ။ အဲလို တန်းတူတယ်ဆိုရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲထွက်ခွင့် ဘာသွားရောစရာရှိလဲ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ တိုင်းဒေသကြီးတွေမှာ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာတွေ ရှိရမယ်၊ တရားစီရင်ရေး အာဏာရှိရမယ်။ ဒီလို တရားစီရင်နိုင်ဖို့၊ အုပ်ချုပ်နိုင်ဖို့၊ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ အဲဒီတိုင်းမှာရှိတဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီဆောင်ရွက်ရမယ်။ ဒါပဲလေ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ အဲဒါပဲ။ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်မှာ အစမကောင်းခဲ့ဘူး။ အစမကောင်းခဲ့တာက ဟိုတုန်းက ပြည်နယ်၊ ပြည်မ ဆိုတာရှိတယ်။ အခုက ပြည်နယ်နဲ့ တိုင်းဒေသကြီး နာမည်ကိုက ခွဲလိုက်တော့ ပြည်နယ်ဆိုရင် တိုင်းရင်းသားဒေသလို့ပဲမြင်တယ်။ ဖက်ဒရယ်လို့ပြောလိုက်လို့ရှိရင် တိုင်းရင်းသားဒေသလို့ပဲမြင်တယ်။ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ပြောလိုက်လို့ရှိရင် တိုင်းရင်းသားဒေသပဲလို့မြင်တယ်။ မဟုတ်ဘူး။ ကျနော်တို့ပြောတာ တစ်နိုင်ငံလုံးအတွက်ဖြစ်တယ်လို့ လူထုက ချည်းကပ်ပြီးပြောနိုင်တယ်ဆိုရင် ဘာဖြစ်လို့ ခွဲထွက်ရေးသမားလို့ ကင်ပွန်းတပ်တော့မှာလဲ။ တိုင်းဒေသကြီးက လူတွေကိုလည်း ခွဲထွက်ရေးသမားလို့ ပြောရတော့မှာပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts