All News Local News

ICC က မြန်မာ ခေါင်းဆောင်တစ်ဦးကို လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်သူ တရားခံအဖြစ် သတ်မှတ်လျှင် နိုင်ငံရေးဂုဏ်သိက္ခာကျပြီး ရိုက်ခတ်မှု ကြီးမားနိုင်

ရန်ကုန်၊ သြဂုတ် ၂၁

အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC) က ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေပြီးယင်းသို့ ပြင်ဆင်နေမှုအထမြောက်၍ မြန်မာ့ခေါင်းဆောင်တစ်ဦးကို တရားခံအဖြစ် သတ်မှတ်ပါက အဆိုပါ ခေါင်းဆောင်သည် ပြည်ပထွက်ရန် ခက်ခဲသွားမည်ဖြစ်ပြီး ခရီးသွားလာခွင့် ရပ်ဆိုင်းကာ နိုင်ငံရေးဂုဏ်သိက္ခာပါကျဆင်းမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဥပဒေအထောက်အကူပြု ကွန်ရက်မှ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

လက်ရှိတွင် ICC သည် မြန်မာနိုင်ငံတွင်ဖြစ်ပွားသော လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခြင်းဖြစ်သော်ငြား ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဆုံးသတ်နေခြင်းကြောင့် တရားစီရင်ရန် အခွင့်အာဏာ ရှိ၊ မရှိ ဆုံးဖြတ်ရန် ပြင်ဆင်နေကြောင်း၊ ICC တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံပါဝင်နေသဖြင့် တရားစီရင်ခွင့် ရှိသည်ဟု ဆုံးဖြတ်ပါက မြန်မာခေါင်းဆောင်တစ်ဦးကို တရားခံအဖြစ် သတ်မှတ်လာဖွယ်ရှိကြောင်း၊ ယင်းသို့ သတ်မှတ်လိုက်ပါက ရိုက်ခတ်မှုများစွာရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တကယ်လို့ မြန်မာခေါင်းဆောင်တစ်ဦးကို ICC က တရားခံ သတ်မှတ်မယ်ဆိုရင် အဲဒါက ရိုက်ခတ်မှုကြီးပြီ။ အဲဒီခေါင်းဆောင် ပြည်ပနိုင်ငံသွားတဲ့အခါ အဲဒီနိုင်ငံက ICC လက်မှတ်မထိုးတဲ့နိုင်ငံဖြစ်ဦးတော့ လက်မှတ်ထိုးထားတဲ့ နိုင်ငံနဲ့ နှစ်ခုအကြားမှာ ရာဇဝတ်သားလွှဲပြောင်းပေးဖို့ စာချုပ်ချုပ်ထားတယ်ဆိုရင် ICC လက်မှတ်ထိုးထားတဲ့ နိုင်ငံက လက်မှတ်ထိုးမထားတဲ့နိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြစ်မှုကျူးလွန်သူကို ဖမ်းပေးပါဆိုပြီး တောင်းဆိုမှုတွေဖြစ်လာနိုင်တယ်။ ပြည်ပထွက်ဖို့ ခက်ခဲသလို ခရီးသွားလာခွင့် ခက်ခဲသွားတယ်။ ICC က တရားခံလို့ သတ်မှတ်ခံလိုက်ရတယ်ဆိုကတည်းက သူရဲ့နိုင်ငံရေးဂုဏ်သိက္ခာ လုံးဝထိပါးသွားပြီ။ ဥပဒေကြောင်းအရ အပြစ်မကင်းသူတစ်ယောက်အဖြစ်နဲ့သတ်မှတ်ခံလိုက်ရပြီ။ ရိုက်ခတ်မှု တအားကြီးသွားနိုင်တယ်” ဟု ဦးအောင်ထူးက ဆိုသည်။

သြဂုတ်လ ၉ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးက ICC သည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး တရားစီရင်ခွင့်မရှိကြောင်း၊ မြန်မာနိုင်ငံသည် ရောမဥပဒေကို လက်မှတ်ရေးထိုးထားသော နိုင်ငံမဟုတ်ကြောင်း၊ မြန်မာ့အချုပ်အခြာအာဏာသည် နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေချိုးဖောက်မှုအားလုံးကို ဆက်လက် စုံစမ်းဖော်ထုတ်ရန် ခွင့်ပြု ထားကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်ထုတ်ပြန်ချက်သည် ကျိုးကြောင်းဆီလေ ျှာ်မှုမရှိသည့်အပြင် ICC ၏ တရားစီရင်လာမည်ဆိုပါကလည်း လွတ်မြောက်ရန် မလွယ်ကူဟု ဦးအောင်ထူးက ဆိုသည်။

“နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ICC ကို တုံ့ပြန်ချက်က လိုရာဆွဲထုတ်ထားတာ။ တရာဥပဒေနဲ့အညီ တုံ့ပြန်တာမဟုတ်ဘူး။ ကိုယ်ထင်ရာ တုံ့ပြန်သလိုဖြစ်နေတယ်။ မြန်မာပြည်မှာ လူမျိုးတုန်းသတ်ဖြတ်မှု ၊ စစ်ရာဇဝတ်မှု တွေကို အရေးယူဖို့ ဥပဒေလုံးဝမရှိဘူး။တရားရု့းတွေမှာ စီရင်ပိုင်ခွင့်အာဏာမရှိဘူး။ အကြောင်းပြချက်တွေက ဥပဒေနဲ့ကြည့်ရင် ဘောင်မဝင်ဘူး။ အစိုးရဘက်က ဥပဒေတွေက ဘောင်မဝင်ဘူး” ဟု ဦးအောင်ထူးက ရှင်းပြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com