All News

ICC က မြန်မာနိုင်ငံကို တရားစွဲအရေးယူနိုင်သည့် အခြေအနေ ၂ ရပ်ရှိနေဟု Legal Aid Network ထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၂၅

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) က မြန်မာနိုင်ငံကို တရားစွဲ အရေးယူနိုင်သည့် အခြေအနေ ၂ ရပ်ရှိနေပြီး သတိပြုရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Legal Aid Nerwork က တရားဝင်ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်သည်။

မြန်မာအစိုးရက မြန်မာနိုင်ငံသည် ရောမဥပဒေကို လက်မှတ်ရေးထိုးထားသော နိုင်ငံမဟုတ်၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တရားစီရင်ပိုင်ခွင့် လုံး၀ မရှိဟု ထုတ်ပြန်ထားကြောင်း၊ သို့ရာတွင် အဆိုပါ တုံ့ပြန်ချက်သည် ဘောင်မဝင်ကြောင်း၊ ရောမဥပဒေ (Rome Statute) အရ မြန်မာနိုင်ငံကို အရေးယူနိုင်သည့် အခြေအနေများရှိနေကြောင်း သိရှိရသည်။

ရောမဥပဒေ ပုဒ်မ ၁၃ (ခ) နှင့် (ဂ) တွင် ကုသမဂ္ဂလုံခြုံရေးကောင်စီက လွှဲအပ်လျှင်လည်းကောင်း၊ ICC အမှုလိုက်ရှေ့နေများက ကနဦး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှင်သော်လည်းကောင်း၊ အဆိုပါ အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်ပါက ICC အနေဖြင့် အဖွဲ့ဝင်မဟုတ်သော နိုင်ငံဖြစ်သည့်တိုင် တရားစီရင်ပိုင်ခွင့်ရှိကြောင်း ဖော်ပြပါရှိသည်ဟု Legal Aid Network ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှ ၅ နိုင်ငံဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် တီမောနိုင်ငံတို့မှ လွှတ်တော်အမတ် ၁၃၂ ဦးတို့က မြန်မာနိုင်ငံကို ICC ကကိုင်တွယ်အရေးယူသင့်ကြောင်း ကြေညာချက်တစ်ရပ် ယမန်နေ့က ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

ICC က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မွတ်စလင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ဆက်စပ်ပြီး မြန်မာနိုင်ငံမှ ခေါင်းဆောင်တစ်ဦးဦးကို တရားစွဲဆိုရန် ကြိုးစားလျက်ရှိနေသည်။

 

 

Photo Credit- Crisis Magazine

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts