Editorial political news

သတင်းထောက် ၂ ဦးကို ထောင်ချမည်ဆိုလျှင် မီဒီယာကို စစ်ကြေညာခြင်းဖြစ်သည်

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးတို့ ၂ ဦးကို သြဂုတ်လ ၂၇ ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်တော့မည်ဖြစ်သည်။ တရားရုံးက ရိုက်တာ သတင်းထောက် ၂ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ပါက ယင်းအမိန့်သည် စတ္တုတမဏ္ဍိုင်အားလုံး ကို ပြောင်ပြောင် တင်း တင်း စစ်ကြေညာခြင်းဖြစ်ပြီး မဏ္ဍိုင် ၃ ခုနှင့် စတ္တုတမဏ္ဍိုင် သတင်းမီဒီယာများအကြား ရန်သူဖြစ်သွားပြီဖြစ်ကြောင်း ကြေညာခြင်းလည်း ဖြစ်သည်။

ရိုက်တာသတင်းထောက် ၂ ဦးသည် တရားမဲ့သတ်ဖြတ်မှုကို ကျင့်ဝတ်နှင့်အညီ စုံစမ်းဖော်ထုတ် အလုပ်လုပ်ကြရင်း ထောင်ချောက်ဆင်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းထောက် ၂ ဦးလုံးက ပြောဆိုထားသကဲ့သို့ တရားလိုသက်သေ တစ်ဦးဖြစ်သော ဒုရဲမှူး မိုးရန်နိုင်ကလည်း ရဲမှူးချုပ်တင်ကိုကို၏ စေခိုင်းချက်အရ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း တရားရုံးတွင် အတိအလင်းပြောဆိုခဲ့ပြီးဖြစ်သည်။ အမှုဆင်၍ စာရွက်စာတမ်း ပေး ထောင်ချောက်ဆင် ဖမ်းခဲ့ကြောင်း ဒုရဲမှူး မိုးရန်နိုင်က ထွက်ဆိုသွားခဲ့ပြီဖြစ်သည်။

ရိုက်တာသတင်းထောက် ၂ ဦးသည် အင်းဒင်လူသတ်မှုကို စုံစမ်းဖော်ထုတ်ရင်း အဖမ်းခံလိုက်ရခြင်းဖြစ်သည်။ဖြစ်စဉ်အစအဆုံးကိုပြန်လည်လေ့လာကြည့်လျှင် အဓိက တာဝန်ရှိသူများမှာ အင်းဒင် လူသတ်မှုကို ကျူးလွန်ခဲ့ကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်သည်။ သတင်းထောက်များသည် ဖြစ်ပျက်ခဲ့သော သတင်းကို ဖော်ထုတ်ရေးသားပြီး အသိပေးရခြင်းဖြစ်ရာ ရိုက်တာသတင်းထောက် ၂ ဦးသည် ဖြစ်စဉ် ဖော်ထုတ်မှတ်တမ်းတင် အသိပေးသူများဖြစ်သည်။ တစ်နည်းအားဖြင့် သတင်းထောက်က သတင်းထောက်အလုပ်ကို လုပ်ခြင်းသာဖြစ်သည်။

လက်ရှိအခြေအနေတွင် ရိုက်တာသတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးရန် အားလုံးက တညီညွတ်တည်း တောင်းဆိုနေချိန်ဖြစ်သည်။ အကယ်၍ ရိုက်တာသတင်းထောက် ၂ ဦး ထောင်သွင်းအကျဉ်းချခံလိုက်ရလျင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို တိုင်းတာသည့် အဓိက ပေတံဖြစ်သော သတင်းလွတ်လပ်ခွင့် ပျောက်ကွယ်  အမှောင်ကျပြီဟု ကြေညာခြင်းဖြစ်ရုံမက အစိုးရနှင့် မီဒီယာအကြား၊ ပြည်ထဲရေးနှင့် မီဒီယာများအကြား၊ တပ်မတော်နှင့် မီဒီယာများအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ကြုံတွေ့ရမည်ကို မဖြစ်မနေ သတိပြုရန်လိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com