Local News political news

လွှတ်တော်တွင် တပ်မတော် ၂၅ ရာခိုင်နှုန်း နေရာယူထားမှုကို ဖယ်ရှားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ သြဂုတ် ၂၁

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင်ရှိနေသည့် ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ညှိနှိုင်းဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖယ်ရှားသွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

စင်ကာပူတွင် ကျင်းပပြုလုပ်သည့် ဒီမိုကရေစီအပြောင်းအလဲနှင့်ရှေ့ခရီး ဟောပြောပွဲတွင် ပွဲတက်ရောက်လာသူများ၏ မေးခွန်းကို ပြန်လည် ဖြေကြားရင်း ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။

လတ်တလော ပြည်ထောင်စု၊ ပြည်နယ်၊ တိုင်းလွှတ်တော် အားလုံးတွင် တပ်မတော်က ၂၅ ရာခိုင်နှုန်း နေရာရယူထားကြောင်း၊ ၇၅ ရာခိုင်နှုန်းအတွက် ရွေးကောက်ပွဲဝင်ရပြီး လက်ရှိတွင် NLD အနေဖြင့် ၇၅ ရာခိုင်နှုန်းသာ အခွင့်အရေး ရှိသော်လည်း ၁၀၀ ရာခိုင်နှုန်း တာဝန်ယူထားရကြောင်း ပြောဆိုသည်။

“၇၅ ရာခိုင်နှုန်း အခွင့်အရေးပဲရှိပြီး ၁၀၀ ရာခိုင်နှုန်း တာဝန်ယူထားရတယ်။ ရွေးကောက်ခံမဟုတ်တဲ့ ၂၅ ရာခိုင်နှုန်းသော လွှတ်တော်အမတ်တွေကို ဖယ်ရှားရပါ့မယ်။ ညှိနှိုင်းဆွေးနွေးမှုတွေကနေ လုပ်သွားမှာပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး တစ်ဆင့်ပြီး တစ်ဆင့် လုပ်သွားမယ်။ အခြားတစ်ဖက်မှာလည်းပဲ ဒီမိုကရေစီနည်းမကျတဲ့ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကိုလည်း ညှိနှိုင်းဆွေးနွေးမှုတွေကပဲ လုပ်သွားမှာပါ။ ကျမတို့ပြည်သူတွေကို မနာတဲ့ နည်းလမ်းနဲ့ပဲ လုပ်သွားမယ်။ ကျမတို့နိုင်ငံမှာ မတည်ငြိမ်မှုတွေ၊ အခက်အခဲတွေ အများကြီးရှိခဲ့တာမို့ လုံလောက်ပါပြီ။ ကျမတို့ ပြည်သူတွေလည်း အရမ်းကို ဒုက္ခမျိုးစုံ ခံစားခဲ့ရတာ လုံလောက်ပါပြီ။ ကျမတို့အနေနဲ့ နိုင်ငံကို ကပြောင်းကပြန်ဖြစ်စေတဲ့ တော်လှန်ရေးလုပ်ပြီး ပြောင်းလဲတာမျိုးကို အားမပေးပါဘူး။ ကျမတို့စိတ်ရှည်ပါ့မယ်။ ကျမတို့ မဆုတ်မနစ်ကြိုးစားမယ်။ ကျမတို့ ဥပဒေဘောင်အတွင်းကလုပ်သွားမယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လက်ရှိအခြေအနေတွင် NLD အစိုးရနှင့် တပ်မတော်အကြား ဆက်ဆံရေး ဆိုးဝါးမှုမရှိဘဲ အဆင်ပြေနေကြောင်းလည်း သူက ပြောဆိုသွားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts