political news

ရခိုင်အရေး အဖြေရှာမယ့် မဟာပညာကျော် စကားဝိုင်း ပြည်ထဲရေး တားမြစ်၍ ရွှေ့ဆိုင်းလိုက်ရ

ရန်ကုန်၊ သြဂုတ် ၂၅

ရန်ကုန်မြို့မှာ သြဂုတ်လ ၂၆ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ “ရခိုင်အရေး ဘယ်လိုအဖြေရှာမလဲ” ဆိုတဲ့ မဟာပညာကျော် စကားဝိုင်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားမြစ်တာကြောင့် ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

ABSDF ဗဟိုကော်မတီ ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်၊ နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးတို့က ပင်တိုင်ဆွေးနွေးသူများအဖြစ် ပါဝင်ပြီး ရန်ကုန်မြို့ Melia Hotel မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အဲဒီ ဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာနက ပွဲခွင့်ပြုမိန့် ရှိ၊ မရှိ မေးမြန်းခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ ကျင်းပရင် တရားစွဲမယ်လို့ ပြောဆိုတာကြောင့် အဲဒီပွဲကို ရွှေ့ဆိုင်းလိုက်ရတာလို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

“ပွဲကြော်ငြာကို ၂၂ ရက်နေ့ကတည်းက တင်လိုက်တယ်။ တင်လိုက်တော့ ၂၃ ရက်နေ့မှာ ထွေ/အုပ်က ဟိုတယ်ကို လာမေးတယ်။ ခွင့်ပြုမိန့် တင်ထားလား။ ခွင့်ပြုမိန့်က နှစ်ပတ်ကြိုတင်ရမယ် ပေါ့။ ခွင့်ပြုမိန့်မရှိဘဲ လုပ်ရင် တရားစွဲမယ်ဆိုတော့ ရွှေ့ဆိုင်းလိုက်တာပါ” လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

ရန်ကုန်မြို့ Novotal မှာ လစဉ် ကျင်းပပြုလုပ်နေတဲ့ ယောမင်းကြီးဇရပ် စကားဝိုင်းဟာ NLD အစိုးရကို ဝေဖန်ထောက်ပြမှုတွေနဲ့ လူထုကြားမှာ ရေပန်းစားလာတာမို့ အစိုးရအနေနဲ့ ဟိုတယ်တွေမှာ ကျင်းပတဲ့ စကားဝိုင်းတွေ၊ ဖိုရမ်တွေနဲ့ ပွဲတွေကို ပြန်လည် ထိန်းချုပ်လိုတဲ့ ဆန္ဒရှိပုံရတယ်ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts