All News Local News

ရခိုင်ဝန်ကြီး ဦးကျော်အေးသိန်း လက်သိပ်ထိုး တင်ဒါပေးမှု အမတ် ၄ ဦး စုပေါင်းတိုင်ကြား၊ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်လည်း အတိုင်ခံရ

ရခိုင်ပြည်နယ်အစိုးရ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း။(Photo Credit- Narinjara)

ရန်ကုန်၊ သြဂုတ် ၂၇

ရခိုင်ပြည်နယ်အစိုးရ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းသည် ဇနီးလောင်း၏ ကုမ္ဗဏီဖြစ်သော သိင်္ဂ ီရွှေပြည်ကုမ္ဗဏီထံသို့ မြောက်ဦးဈေး တည်ဆောက်ရေးတင်ဒါ လက်သိပ်ထိုးပေးမှုအပါအဝင် တာဝန်မကျေပွန်မှုနှင့် အကျင့်ပျက်ခြစားမှုရှိသဖြင့် အမတ် ၄ ဦးက စုပေါင်းပြီး အဂတိတိုက်ဖျက်ရေးကော်မရှင်ထံသို့ သတင်းပေးတိုင်ကြားလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

“လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဝန်ကြီးဦးကျော်အေးသိန်းကို တိုင်တာပါ။ ကျနော်တို့ မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကနေ ကော်မရှင်ကို တိုင်တာပါ။ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး စုံညီတိုင်တာ” ဟု မြောက်ဦးပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီး ဦးကျော်အေးသိန်းကို ပြည်နယ်လွှတ်တော်အမတ် ၁၂ ဦးက စွပ်စွဲပြစ်တင်ရန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ စာရေးသားတိုင်ကြားခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌက အဖွဲ့ဝင် ၅ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်း၊ လွှတ်တော်စုံစမ်းရေးကော်မရှင်က တာဝန်မကျေပွန်မှုနှင့် အကျင့်ပျက်ခြစားမှု နှင့်ပတ်သက်သော အချက် ၆ ချက်စိစစ်စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ဇွန် ၂၉ ရက်နေ့တွင် ဝန်ကြီးဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်ရေးအဆို ပြည်နယ်လွှတ်တော် အရေးပေါ်ခေါ်ယူပြီး မဲခွဲခဲ့ရာတွင် လိုအပ်သည့် ထောက်ခံ ဆန္ဒမဲ ၃ ပုံ ၂ ပုံ မရရှိခဲ့သည့်အတွက် ဝန်ကြီးဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်မှုမှာ ရှုံးနိမ့်သွားခဲ့ရသည်။

ရခိုင်ဝန်ကြီးဦးကျော်အေးသိန်းကို စီးပွားရေးလုပ်ငန်းရှင်များဘက်ကလည်း အဂတိတိုက်ဖျက်ရေး ကော်မရှင်ထံတိုင်ကြားထားကြောင်း သိရှိရသည်။

အလားတူ ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကိုလည်း မြောက်ဦးမြို့တော်ခန်းမ တည်ဆောက်ရေးဆက်စပ်လုပ်ငန်းများနှင့်ပတ်သက်ပြီး လုပ်ငန်းရှင်များဘက်မှ အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားကြေားသိရှိရသည်။

“အဓိက မြောက်ဦးမြို့နယ် ခန်းမ ဆက်စပ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တိုင်တာပါ။ မီနီဘတ်ဂျက်တွေထဲမှာ လုပ်ငန်းက စည်ပင်သာယာရေးလုပ်ငန်း ၈ ခုလောက်ရှိတယ်။ ဆက်စပ်လုပ်ငန်းတွေက တချို့တဝက် လုပ်ပြီးနေပြီ၊ တချို့တဝက်က လုပ်ထားဆဲပဲ။ ဘတ်ဂျက်ကို ဒီအစိုးရလက်ထက်မှာ စောင့်နေတာ။ ဘတ်ဂျက်ထဲမှာ မြောက်ဦးမြို့နယ်ခန်းမ ဆက်စပ်လုပ်ငန်း ၁၃ ခုပါလာတယ်။ ပြီးခဲ့တဲ့ အစိုးရမှာလည်း မူဝါဒရှိတယ်။ ဆက်စပ်လုပ်ငန်းရှိတဲ့သူကို လုပ်ကိုင်ခွင့်ပေးမယ်ဆိုပြီးတော့။ ပြီးခဲ့တဲ့ အစိုးရနဲ့ ဒီအစိုးရအလွှဲအပြောင်းမှာလည်း ပြီးခဲ့တဲ့ အစိုးရ လုပ်ထားတဲ့ဟာတွေကို ဆက်လုပ်ခွင့်ပေးရမယ့်မူဝါဒရှိတယ်။ အခု မြောက်ဦးမြို့နယ်ခန်းမ ဆက်စပ်လုပ်ငန်းကျတော့ ကျနော်တို့ ဆက်လက်လုပ်ကိုင်နေတဲ့သူကို မပေးဘဲ တင်ဒါခေါ်ပြီး တခြားကုမ္ဗဏီကို ပေးလိုက်တာ။ ဆက်စပ်လုပ်ငန်းတွေက လုပ်ထားပြီးသားတွေလည်းရှိတယ်။ အဲဒါကြောင့် တိုင်တာ” ဟု မြောက်ဦးမြို့နယ် လုပ်ငန်းရှင် ဦးနှင်းထွန်းတိုးက ပြောသည်။

ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်မှာ ရခိုင်ပြည်နယ်လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုတင်သွင်း စွပ်စွဲမှုကြောင့် ရာထူးပြုတ်သွားခဲ့ရပြီး ဦးမင်းအောင်နေရာတွင် ဦးဝင်းမြင့်က စည်ပင်သာယာရေးဝန်ကြီးအသစ်အဖြစ် ထမ်းဆောင်နေခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com