All News China Watch

ဘင်္ဂါလီကိစ္စ အနောက်နိုင်ငံများက အရေးယူပိတ်ဆို့လာပါက တရုတ်နှင့်ပိုမို နီးစပ်လာနိုင်ကြောင်း NLD ပြော

ရန်ကုန်၊ သြဂုတ် ၂၉

မြန်မာနိုင်ငံအပေါ် ဘင်္ဂါလီကိစ္စနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများက အရေးယူပိတ်ဆို့လာပါက ယင်းသို့ ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံကို တရုတ်နိုင်ငံနှင့်ပိုမိုနီးစပ်စေသော တစ်ဖက်ကို ရွေ့သွားစေမှုများ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

ရန်ကုန်ခေတ်သတင်းဌာနနှင့်သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်းဖြေကြားလိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ပထဝီဝင်နိုင်ငံရေးအရ နီးစပ်ပြီး မြန်မာနိုင်ငံထက် အင်အားကြီးကြောင်း၊ လိုအပ်ချက်အရ တရုတ်နှင့်နီးစပ်သည့်သဘောရှိပြီး အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ပါက ပိုမို နီးစပ်လာနိုင်ကြောင်း၊ NLD အစိုးရအနေဖြင့် တရုတ်နိုင်ငံကို အားကိုးနေခြင်း မှီခိုနေခြင်း မရှိသော်လည်း မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် လက်ရှိနိုင်ငံရေးအရ ပိုမိုနီးစပ်သွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ပထဝီဝင်အနေအထားအရကို ကျနော်တို့ထက် အင်အားကြီးတဲ့ အိမ်နီးချင်းဖြစ်နေပါတယ်။ နောက်တစ်ခါ ဒီနိုင်ငံကြီးက ရိုးရိုးကြီးရုံတင်မဟုတ်ဘူး။ အခြားကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတွေရဲ့ ပြိုင်ဘက်လည်းဖြစ်နေပါတယ်။ အဲဒီအခါမှာ ကျနော်တို့က ကျနော်တို့လိုအပ်ချက်အရ ဆောင်ရွက်ချက်က ဒီလို အရွေ့လေးတွေတော့ရှိမှာပဲ။ ဥပမာ အနောက်နိုင်ငံဟာ ဘင်္ဂဂါလီကိစ္စနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ကျနော်တို့ကို အရေးယူပိတ်ဆို့ဖို့ ရှိလာရင် တစ်ဖက်က ပိတ်ရင်တစ်ဖက်ကို ရွေ့သွားတာပါပဲ။ ကျနော်တို့က နိုင်ငံနဲ့လူမျိုးအကျိုးစီးပွားကိုပဲ ဦးစားပေးပြီးလုပ်ပါ့မယ်။ အထူးသဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းလို ကိစ္စမျိုးမှာ ကျနော်တို့က ငွေတွေ ရတယ်ဆိုတိုင်းမယူဘဲနဲ့ နိုင်ငံက ပြန်ဆပ်နိုင်တဲ့ပမာဏ ဒီစီမံကိန်းကနေ နိုင်ငံမှာ ဘယ်လောက်အကျိုးရှိမလဲဆိုတဲ့ ပမာဏကို အသေးစိတ် စိစစ်ပြီးမှ Step By Step လုပ်ဖို့ကြိုးစားတာမျိုးဟာ ကျနော်တို့တစ်ဖက်ကြီးကို အားကိုးသွားတာ၊ မှီခိုရာဖြစ်သွားတာ မဟုတ်ဘူးဆိုတာသက်သေပြတာပဲ။မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားအတွက် လက်ရှိနိုင်ငံရေးအရ ပိုပြီး နီးစပ်သွားခြင်းပဲဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

တရုတ်နိုင်ငံကမူ မြန်မာနိုင်ငံအပေါ် ရခိုင်ပြည်နယ်မှ မွတ်စလင်များအရေးနှင့်ပတ်သက်ပြီး ဖိအားပေးနေမှုများသည် ပြဿနာဖြေရှင်းရေးကို အထောက်အကူမပြုကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က သြဂုတ်လ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသွားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts