All News interview

“ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းက အမျိုးသားရေးလို့ ပြောလို့မရပါဘူး။ ဒါက ဘာသာရေးပါ။ ဒါကို အမျိုးသားရေးလို့ ပြောရင် မှားသွားပါလိမ့်မယ်”

NLD ဗဟိုအလုပ်အမှုဆောင်နှင့် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်နှင့်တွေ့ဆုံခြင်း အပိုင်း ၁

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် ၁၃ နေရာစလုံးတွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး လတ်တလော ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု အပါအဝင် နိုင်ငံရေး၊ စီးပွားရေး အခြေအနေများနှင့်ပတ်သက်ပြီး NLD ပါတီ၏ ရှုမြင်ချက်များကို ပါတီဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ဗဟိုအောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာမျိုးညွှန်ကို တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ ၂၀၁၈ နိုဝင်ဘာမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ရဲ့ မဲဆွယ် စည်းရုံးမယ့် ကြွေးကြော်သံက ဘာဖြစ်မလဲ။ အရင်တုန်းက မဲဆွယ်စည်းရုံးမှုဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မဲဆွယ်ခဲ့တယ်။ အခုကော ဘာနဲ့ မဲဆွယ်မလဲ။

ဖြေ။ ။ ကျနော်တို့ ဒီမဲဆွယ်တယ်ဆိုတာက ရွေးကောက်ပွဲတစ်ခု နိုင်ရေးမဟုတ်ပါဘူး။ ကျနော်တို့ပါတီရဲ့ ရည်မှန်းချက်တွေကို ပြောတော့ ဒီထုတ်ဖော်ပြောကြားခဲ့တဲ့ ရည်မှန်းချက်တွေအခုထက်ထိလည်း ဦးတည်ချက်အဖြစ် ရှိတုန်းပါပဲ။ နောက်တစ်ခါ ကျနော်တို့ ပြည်သူနဲ့အတူ ပြောတယ်။ ပြောင်းလဲချိန်တန်ပြီပြောတယ်။ စုပေါင်းအားနဲ့ပြောတယ်။ အခု ကျနော်တို့က စုပေါင်းအားဆိုတဲ့ဟာကို အများဆုံးသုံးပြီးတော့ မဲဆွယ်တော့မယ်လို့ စိတ်ကူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလောလောဆယ်မှာ ကျနော်တို့ NLD ဖြစ်လာပြီ အားလုံးအပြောင်းအလဲတွေ ဖြစ်သွားလိမ့်မယ်။ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ ဘယ်လောက်ပဲကြိုးစားစား NLD ဟာ ပြည်သူအားလုံးနဲ့ယှဉ်ရင် အစိတ်အပိုင်းလေးပါပဲ။ အဲဒီတော့ Sector အားလုံးမှာရှိတဲ့ ပြည်သူအားလုံးဟာ ဒီအပြောင်းအလဲ အရွေ့မှာ ကိုယ်တိုင် အကျိုးစီးပွားပါတယ်ဆိုတာ သဘောပေါက်လာတဲ့ ဒီအခြေအနေမျိုးမှာ ကျနော်တို့နိုင်ငံတိုးတက်မယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီစုပေါင်းအားဆိုတဲ့ Motto ကို ဒီတစ်ကြိမ်မှာသုံးစွဲဖို့ ကြံရွယ်ထားပါတယ်။

မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲက ၁၃ နေရာရှိတယ်။ NLD က တိုင်းရင်းသားဒေသတွေအားလုံးမှာ ဝင်ပြိုင်တယ်။ ဝေဖန်သူတွေက ၁၃ နေရာ ဘာမှ မဖြစ်လောက်တဲ့ နေရာမှာ NLD က ဘာဖြစ်လို့ အကုန်လုံးဝင်ပြိုင်လဲ၊ တိုင်းရင်းသားတွေနဲ့ ညှိပြီး တိုင်းရင်းသားတွေမပြိုင်ဘဲ မဟာမိတ်လုပ်တာမျိုး လုပ်ပါလားပေါ့။ ဒီလိုဝေဖန်တာတွေရှိတယ်။ အဲဒီအပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။ ။ အဲဒီဟာလေးက အစောကြီးကတည်းကိုက ရှိတဲ့ကိစ္စပါ။ တိုင်းရင်းသားတွေကို နေရာပေးမယ်။ ညှိနှိုင်းပြီးပေါ့။ ကျနော်တို့က တချို့နေရာတွေမှာ ဝင်မပြိုင်ဘဲနေသင့်တယ်ဆိုတဲ့ ငြင်းခုန်မှုတွေလည်းရှိပါတယ်။ ကျနော်တို့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မြန်မာလူမျိုး တစ်မျိုးတည်းကို ကိုယ်စားပြုတာမဟုတ်ပါဘူး။ ဒီတိုင်းရင်းသားအားလုံး ပြည်ထောင်စုအားလုံးကို ကိုယ်စားပြုတယ်လို့ ခံယူထားပါတယ်။ ဘာကြောင့်ခံယူရလဲဆိုရင် ကျနော်တို့ အခု လုပ်နေတာဟာ နိုင်ငံတည်ဆောက်ရေး ပုံမှန်သွားနေတာမဟုတ်ပါဘူး။ အဓိက အခြေခံက နိုင်ငံမှာ အဟန့်အတား အနှောင့်အယှက်တွေ အများကြီးရှိနေပါတယ်။ နိုင်ငံရေးအရ စီးပွားရေးအရ နိုင်ငံတကာဆက်ဆံရေးအရ အများကြီးအနှောင့်အယှက်တွေ ရှိနေပါတယ်။ အဲဒီတော့ ဒီအနှောင့်အယှက်တွေကို ကျော်လွှားနိုင်ဖို့ တစ်စုတစ်စည်းတည်းသော အသံလိုတယ်လို့ ကျနော်တို့မြင်ပါတယ်။ အဲဒီတော့ တိုင်းရင်းသားအားလုံးကလည်းကျနာ်တို့ အဖွဲ့ချုပ်နဲ့ ခြေလှမ်းညီညီသွားနိုင်ဖို့အတွက် နေရာတိုင်းမှာ ဝင်ပြိုင်ခြင်းဖြစ်ပါတယ်။ အကယ်၍ ဒီမိုကရေစီရပြီ၊ ဖက်ဒရယ်ပြည်ထောင်စုရပြီဆိုရင်တော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ရဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ တန်းတူညီမျှမှု ၊ နောက်ပြီးတော့ တိုင်းရင်းသားများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါတွေက အပြည့်အဝရရမှာပဲ။ ဒီကို မဖြစ်မနေ ဖြစ်အောင် ကျနော်တို့လုပ်မှာပါ။

မေး။ ။ ၂၀၂၀ ကျလို့ရှိရင်လည်း NLD က မဲဆန္ဒနယ်အားလုံးမှာ ဝင်ပြိုင်မယ်ဆိုတဲ့သဘောလား။ ညှိနှိုင်းပြီးတော့ တိုင်းရင်းသားတွေနဲ့ အတူ ပြိုင်ဖို့တော့….

ဖြေ။ ။ တိုင်းရင်းသားတွေနဲ့ ပြိုင်ဖို့ဆိုတာ ဆိုတဲ့ မဲန္ဒနယ်ခွဲဝေမယ် ရှောင်မယ်ပေါ့ဗျာ။ အဲဒါမှာ အဓိက အရေးကြီးဆုံးက ဘာလဲဆိုတော့ ကျနော်တို့က ပါတီတွေရဲ့မူဝါဒတွေကို အသေးစိတ်ညှိနှိုင်းဖို့ ရဖို့ လိုပါသေးတယ်။ ဒါမို့လို့ ခုနကပြောသလို တစ်သံတည်းထွက်ဖို့ကျတော့ ဒီနေရာမှာ ကျနော်တို့ ညှိနှိုင်းရတာ အခက်အခဲတချို့ရှိပါတယ်။ သူတို့ကလည်း သူတို့ရဲ့ ဆန္ဒကို အကုန်လုံးထုတ်ပြောလို့မရဘူး။ ကျနော်တို့ကလည်းကျနော်တို့ ညှိနှိုင်းတဲ့အခါမှာ လက်ရှိအခြေအနေကို ချပြလို့မရတဲ့ အခက်အခဲလေးတွေလည်း ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တိုင်းရင်းသားပါတီဖြစ်တဲ့အတွက်ဆိုပြီး ချန်ထားပေးလိုက်မယ်ုဆိုရင် တကယ်တမ်း Issue တစ်ခုပေါ်လာမယ်။ ဒီနေရာမှာ သဘောထားချင်းမတူညီဘူးဆိုရင် တစ်ဖက်မှာက အင်အားစုတွေရှိနေပါတယ်။ ရွေးကောက်ခြင်းမခံရတဲ့ အင်အားစုက နည်းတဲ့အင်အားစုကြီးမဟုတ်ဘူး။ အဲဒီတော့ အဲဒါနဲ့ ယှဉ်ပြိုင်တဲ့အခါ အခက်အခဲတွေ တွေ့မယ်လို့ မျှော်လင့်ပါတယ်။ ဥပမာ ပြောရရင် ကျနော်တို့ ရခိုင်ပြည်နယ်မှာ ကျနော်တို့ကိုပြောပါတယ် ရခိုင်တိုင်းရင်းသားပါတီတွေကိုပဲ ဦးဆောင်မှု ပေးသင့်တယ်။ ကျနော်တို့ သွားနေတာ အဲဒီလမ်းကိုပါပဲ။ သို့သော် အခုအခိုက်အတန့်မှာကျတော့ အခု ရခိုင်မှာ ဖြစ်နေတဲ့ အခက်အခဲမျိုးကို သူတို့လိုချင်တဲ့ ဖြစ်စေချင်တဲ့အတိုင်းဖြစ်ရင် ကျနော်တို့ ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆောင်ရွက်ချင်တဲ့ လုပ်ငန်းတွေ အပြည့်အ၀ ဆောင်ရွက်နိုင်ပါ့မလား။ ဒါ တော်တော်ကို သံသယရှိပါတယ်။ ကုန်ကုန်ပြောရင် ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင် ဖွဲ့တာတောင်မှ ကျနော်တို့ အပြင်းအထန်အတိုက်အခံ ကြုံခဲ့ရတာပါ။ ဒါဟာ တကယ်တမ်းနိုင်ငံရေး နားလည်တယ်၊ တိုင်းပြည်ကိုလည်း တကယ်ချစ်မြတ်နိုးတယ်။ ရေရှည်ကိုလည်း အမျှော်အမြင်ရှိတဲ့သူဆိုရင် ဒါမဖြစ်မနေ လုပ်ကိုလုပ်ရမယ့် အင်မတန်ကို ကောင်းမွန်တဲ့ အကြံအစည်ဆိုတာ သိကြမှာပါ။ ဒါကိုတောင်မှ အုပ်စုလိုက်ကြီးကို ကန့်ကွက်တာတွေ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးက ယခုပစ္စက္ကအခြေအနေမှာတော့ မဖြစ်နိုင်သေးတဲ့အတွက် မလုပ်တာပါ။ နိုင်ငံရေးမှာ Real Politics ဆိုတာရှိပါတယ်။ ကိုယ် ဘယ်လိုပဲ ယုံကြည်ပါစေ ပစ္စက္ကအခြေအနေနဲ့ အသင့်တော်ဆုံးကို လုပ်ရတာပါ။

မေး။ ။ လက်ရှိ ၂၂ ပါတီက ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ထောက်ခံကြောင်း ထုတ်ပြန်ထားတာလည်းရှိပါတယ်။ အမျိုးသားရေးနဲ့ ၂၀၂၀ မှာ မဲဆွယ်ဖို့ ဆိုတာလည်း ထုတ်ပြောတာတွေနေပြီ။ NLD ပါတီအနေနဲ့ရော သံဃမဟာနာယက အဖွဲ့က ဖျက်သိမ်းဖို့ ပြောထားတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အပေါ်မှာရော အမျိုးသားရေးနဲ့ မဲဆွယ်မယ်လို့ ပြောနေတဲ့အပေါ်မှာရော ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ။ ။ ဒီ ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းက အမျိုးသားရေးလို့ ပြောလို့မရပါဘူး။ ဒါက ဘာသာရေးပါ။ ဒါကို အမျိုးသားရေးလို့ ပြောရင် မှားသွားပါလိမ့်မယ်။ အဲဒီတော့ ဘာသာရေးအသုံးပြုပြီး နိုင်ငံရေးမှာ အသုံးမချရဘူးဆိုတာ ဒါ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာကို အတိအလင်းပါတဲ့ကိစ္စပါ။ အဲဒီတော့ ဘာသာရေးကို နိုင်ငံရေး အကျိုးအမြတ်အတွက် လုပ်မယ်ဆိုကတည်းကိုက ကိုယ်လက်ခံပါတယ်ဆိုတဲ့ အခြေခံမူကို ကိုယ်ကိုယ်တိုင်ပြန်ပြီးဖောက်ဖျက်တာ။ ကျနော်တို့ကတော့ ဘယ်တော့မှ ဘာသာရေးကို အသုံးချပြီးတော့ နိုင်ငံရေးအမြတ်မထုတ်ပါဘူး။ သို့သော် ဘာသာတိုင်း အသီးသီးက သက်ဝင်ယုံကြည်တဲ့သူတွေက နိုင်ငံသားတွေပဲဖြစ်တဲ့အတွက် ကျနော်တို့ နိုင်ငံသားအားလုံးရဲ့ သဘောထားတွေ လက်ခံမယ်၊ နားထောင်မယ်၊ သူတို့နဲ့ ပူးတွဲပြီးတော့ကျနော်တို့ရဲ့ ပန်းတိုင်ကို ရောက်အောင်သွားပါ့မယ်။

မေး။ ။ သံဃမဟာနာယက အဖွဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ဖျက်သိမ်းဖို့ ထုတ်ပြန်ထားတာရှိတယ်။ ဒီအပေါ်မှာရော အန်ကယ်တို့ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဒါက သံဃာမဟာနာယကအဖွဲ့ရဲ့ လွတ်လပ်တဲ့ဆုံးဖြတ်ချက်ပါ။ ဒီလိုဖြစ်လာပြီဆိုကတည်းက ကျနော်တို့အစိုးရအဖွဲ့က NLD က လွှမ်းမိုးမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိပါတယ်။ ဒီလို ထွက်လာမယ်ဆိုတာလည်း ကျနော်တို့သိတောင် မသိပါဘူး။ ဒါက လွတ်လွတ်လပ်လပ်နဲ့ ဘာသာရေးအဆုံးအမတွေနဲ့အညီ ဆုံးဖြတ်တာပါ။ ဒီလို ဆုံးဖြတ်ပေမယ့် မြန်မာနိုင်ငံဟာ လက်ရှိ အားဖြင့် တရားဥပဒေစိုးမိုးရေး အားနည်းတဲ့နိုင်ငံပါ။ အဲဒီတော့ တရားဥပဒေစိုးမိုးမှုအားနည်းတဲ့နိုင်ငံမှာ ဥပဒေကို မလိုက်နာတဲ့လူတွေဟာလည်း တစ်ခါတစ်ခါ ဥပဒေစက်ကွင်းက လွတ်နေတတ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com