Business political news

ဗဟိုဘဏ်ရဲ့ ကိုင်တွယ်မှုနဲ့ အထိတ်တလန့်ကျပ်ငွေတန်ဖိုးထိုးကျမှု အခြေအနေဘယ်လောက်ဆိုးမလဲ

By ရန်ကုန်ခေတ်သစ်

ပြည်တွင်းငွေလဲလှယ်နှုန်းထားမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၀၀ နီးပါး ရောက်ရှိဖို့ နီးလာချိန်မှာပဲ ဗဟိုဘဏ်က သူလုပ်ဆောင်မယ့် ပေါ်လစီတွေကို ထုတ်ပြန်လိုက်တဲ့အပြင် ဈေးကွက်ကို ထိန်းချုပ်ထားမှုတွေကို ပယ်ဖျက်ပေးလိုက်တာမို့ ကျပ်ငွေတန်ဖိုး ပိုထိုးကျပြီး အမေရိကန်တစ်ဒေါ်လာကို ၁၅၇၀ ကျပ်အထိ အမြင့်ဆုံးဈေးထိုးတက်သွားပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေလဲနှုန်းကို နှုန်းရှင် ပြောင်းလဲသတ်မှတ်ပြီးတဲ့နောက် ၂၀၁၂ ခုနှစ် ကတည်းက ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်ဖြစ်တဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင် တာတွေမှာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ရည်ညွှန်းငွေလဲနှုန်းထက် ၀ ဒသမ ၈ အတိုးအလျော့ ရောင်းဝယ်ခွင့်ပြုထားတာကို သြဂုတ်လ ၁၃ ရက်နေ့မှာ တရားဝင် ပယ်ဖျက်လိုက်ပါတယ်။

ဒီလိုပယ်ဖျက်ပြီးတဲ့နောက် သြဂုတ်လ ၁၄ ရက်နေ့ကစလို့ အမေရိကန်ဒေါ်လာတန်ဖိုးဟာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၄၉ ၀ ကျပ်မှ ၁၅၀၀ ကျော် တက်သွားပြီး မြန်မာကျပ်ငွေ ထိုးကျ သွားပြန်ပါတယ်။

ကျပ်ငွေ တန်ဖိုး ကျဆင်းခြင်းနဲ့ ဗဟိုဘဏ်အနေအထား

အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲမှုက တစ်ကမ္ဘာလုံးကိုရိုက်ခတ်ပြီး အမေရိကန်ဒေါ်လာတန်ဖိုးခိုင်မာလာကာ နိုင်ငံတကာသုံးငွေကြေးတွေ တန်ဖိုးထိုး ကျနေပါ တယ်။ မြန်မာကျပ်ငွေတန်ဖိုးလည်း ထိုးကျနေပေမယ့် နိုင်ငံတကာသုံးငွေကြေးတွေ ထိုးကျနေတာထက် မြန်မာကျပ်ငွေက အလွန်အမင်းကို ခန့်မှန်းမရအောင် နေ့စဉ်ပြောင်းလဲ ဖြစ် ထိုးကျနေတာပါ။ အဓိကအားဖြင့်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းပါးပြီး စီးပွားရေး မကောင်းမွန်မှု၊ သွင်းကုန်အပေါ် အဓိကမှီခိုနေရမှုတွေ စတဲ့ ကိုယ်ခံအားမကောင်းမွန်မှုတွေ ကြောင့် မြန်မာကျပ်ငွေတန်ဖိုးက ပိုပြီး ကျဆင်းနေတာလည်းဖြစ်ပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ထိုးကျနေမှုကြောင့် ပြည်ပနဲ့ ချိတ်ဆက်လုပ်ကိုင်နေရတဲ့ စီးပွားရေး လုပ်ငန်းတွေ အထိနာပြီး သွင်းကုန်လုပ်ငန်းအများစုလည်း မှန်းမရတဲ့အခြေအနေကြောင့် ဈေးနှုန်းတွေ တင်လိုက်ကြပါတယ်။ ဒီအခြေအနေကသွင်းကုန်အပေါ် အဓိက မှီခိုနေရတဲ့ ပြည်တွင်းစီးပွားရေးတစ်ခုလုံးကို ရပ်ဆိုင်းလုနီးပါးအထိ အကျပ်အတည်းတွေ ဖြစ်ပေါ်လာ စေပါ တယ်။

လက်ရှိ ပြည်တွင်းမှာ ထိုးကျနေတဲ့ ကျပ်ငွေ တန်ဖိုးကို ထိန်းညှိဖို့က အဓိက တာဝန်ရှိအဖွဲ့အစည်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဖြစ်ပြီး ဗဟိုဘဏ်က ဘာလုပ်မလဲ ဆိုတာကို အားလုံးက စိတ်ဝင်တစားရှိကြပါတယ်။ ကျပ်ငွေတန်ဖိုးထိုးကျနေချိန်မှာပဲ ဗဟို ဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် သက်တမ်းကုန်ဆုံးလို့ ဦးကျော်ကျော်မောင်ကိုပဲ ဥက္ကဋ္ဌ အဖြစ် ထပ်မံသက်တမ်းတိုးလိုက်ပါတယ်။ မူအသစ်၊လူအသစ်တွေနဲ့ ငွေကြေးမူဝါဒတွေ ကိုင်စွဲ ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်တဲ့ ဥက္ကဋ္ဌသစ် မျှော်လင့်နေမှုတွေလည်း မူလလူကိုပဲ ပြန်ခန့်လိုက်တဲ့အခါ ပျောက်ပျက်သွားပါတယ်။

ဗဟိုဘဏ်ဟာ ထိရောက်တဲ့ မူဝါဒတွေချမှတ်ပြီး ငွေလဲနှုန်းမှာ ကျပ်ငွေတန်ဖိုး အခြေအနေအရမ်းဆိုးဝါးစွာ တန်ဖိုးကျဆင်းဆင်းခြင်းမရှိအောင် ထိန်းကျောင်းသင့်တယ်ဆိုတဲ့ ဝေဖန်သံတွေက ကျယ်ကျယ်လောင်လောင်ကို ထွက်ပေါ်လာပါတယ်။

အလာကောင်းသော်လည်း အခါနှောင်းပြီလား ဗဟိုဘဏ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင်လ ၂၆ ရက်နေ့ကစပြီး ဈေးကွက်ထဲကို အမေရိကန် ဒေါ်လာ ၁ သိန်းနီးပါး ပုဂ္ဂလိကဘဏ်တွေကတစ်ဆင့် ရောင်းချပေးပြီး သြဂုတ်လအထိကို အမေရိကန်ဒေါ်လာ ၁ သန်းကျော် ရောင်းချပေးမှုတွေ လုပ်ဆောင်လာပါတယ်။ ဗဟိုဘဏ်က ဒေါ်လာ စရောင်းချိန်မှာတော့ မြန်မာကျပ်ငွေတန်ဖိုး အနည်းငယ် မဆိုစလောက် ပြန်တက် လာပေမယ့်လည်း သြဂုတ်လ ၁၃ ရက်နေ့ ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းနဲ့ပတ်သက်တဲ့ သတ်မှတ် ချက်ကို ပယ်ဖျက်ကြောင်း ကြေညာချက် ထွက်လာချိန်မှာတော့ ကျပ်ငွေ တန်ဖိုး ဟာ တစ်ဒေါ်လာကို ၁၅၀၀ ကျပ်ကျော် အထိထိုးကျလာပါတယ်။ သြဂုတ်လ ၁၆ ရက်နေ့မှာတော့ ဗဟိုဘဏ်က ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ ၄ သန်းထုတ်ရောင်းမယ်လို့ တရားဝင်ထုတ်ပြန်ပါတယ်။

ဗဟိုဘဏ်က ငွေလဲနှုန်းနဲ့ပတ်သက်တဲ့ သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ပြီးတဲ့အပြင် ပုဂ္ဂလိက ဘဏ်တွေကို အမေရိကန်ဒေါ်လာတွေ ထုတ်ချေးဖို့ လည်း စီစဉ်နေတယ်လို့ ဗဟိုဘဏ်က သတင်းထုတ်ပြန်ပါတယ်။ ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်တွေက ဗဟိုဘဏ်ဆီက အမေရိကန်ဒေါ်လာ ချေးယူနိုင်ပြီး ပုဂ္ဂလိကဘဏ်တွေက ဗဟိုဘဏ်မှာ ချေးယူတဲ့ အမေရိကန်ဒေါ်လာနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ပမာဏကို အပေါင်ထားရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီစနစ်မှာလည်း စိန်ခေါ်မှုတွေ များစွာရှိပြီး ဘယ်လောက် အောင်မြင်မလဲ ဆိုတာကတော့ မပြောနိုင်သေးဘူး ပြည်သူ့လွှတ်တော်ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ေ ဒါက်တာသက်သက်ခိုင်က ပြောပါတယ်။

“ ငွေလဲလှယ်နှုန်းတည်ငြိမ်ဖို့ လုပ်တယ်လို့ပြောတာပေါ့။ ရှုံးရင်လည်း ရှုံးပါစေ၊ သူကိုင်မယ် လို့ ပြောပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်ကလည်း ချပေးလိုက်ရှိရင် ဘဏ်တွေကနေတစ်ဆင့် ချပေးမှာ။ ပုဂ္ဂလိကဘဏ်တွေကနေ ချပေးမှာ။ လတ်တလော ချပေးမယ့် ပမာဏက ကျမတို့တိုင်းပြည်မှာ ဘာအခက်တစ်ခုရှိလဲဆိုတော့ ကျမတို့ တိုင်းပြည်မှာ Informal Sector အကြီးကြီး ရှိတယ်။ Informal Sector လို့ပြောလိုက်တာနဲ့ သူရဲ့ သတင်း အချက်အလက် တွေကို အစိုးရက မသိဘူး။ မသိတဲ့အခါကျတော့ ဘယ်လောက်လိုနေတာလဲ ချပေးတဲ့ Amount က လိုနေတဲ့ Amount ရဲ့ ဘယ်လောက်ရာခိုင်နှုန်းပဲရှိတာလဲ။ လုံလောက်မှု ရှိလား။ မလုံလောက်ရင်လည်း ဘယ်လောက်တောင် မလုံလောက်တာလဲ ဆိုတဲ့ အတိအကျ ကိန်းဂဏန်း ကျမတို့မှာ မရှိဘူး။ အစိုးရမှာမရှိဘူး။ အဲဒါက ကျမတို့ အခက်အခဲတစ်ခု။ ဆိုတော့ အပေါ်ယံ ကိုယ့်အချင်းချင်း ဒီအိတ်ကနေ ဟိုအိတ်၊ ဟိုအိတ်ကနေ ဒီအိတ်ပေါ့နော် ဒါမျိုးလုပ်တဲ့ ဟာတွေ လည်းဖြစ်နိုင်တယ်” လို့ ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောပါတယ်။

ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်း ဘောင်သတ်မှတ်ချက် ပယ်ဖျက်မှုဟာ ဒီအချိန်မှာ မလုပ်သင့်ဘဲ ဗဟိုဘဏ်အနေနဲ့ ဒီထက်ပိုပြီး ဈေးကွက်ကို ထဲထဲဝင်ဝင်ပါပြီး ငွေလဲနှုန်းကို ထိန်းသိမ်းသင့်တယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။ ငွေလဲနှုန်းကို ဗဟိုဘဏ်က ထိန်းချုပ်မှုကင်းတဲ့ နှုန်းရှင်ငွေလဲနှုန်းဖြစ်အောင် လုပ်လိုက်တာဟာ ကျပ်ငွေ တန်ဖိုး ကျဆင်းမှု ပိုများလာနိုင်တယ်လို့ မြန်မာ့စီးပွားရေးဘဏ်ရဲ့ အငြိမ်းစား မန်နေဂျင်းဒါရိုက်တာ ဒေါ်ရင်မြကဆိုပါတယ်။

“Free Float ဟာ နိုင်ငံပြင်ပ နိုင်ငံခြား ငွေ ဈေးနှုန်းဂယက်ကို လျော့နည်းစေနိုင် ကောင်း လျော့နည်းစေမယ်ယူဆရပေမယ့် လောင်စာဈေး အမြင့် မိမိနိုင်ငံ BoP Current Account deficit က မြင့်နေဦးမယ်ဆိုရင် Near Term မှာ ကျပ်ငွေတန်ဖိုး ကျဆင်းမှု ရာခိုင်နှုန်း ပိုများ လာနိုင်မယ်။ ပြည်ပကြွေးမြီ ပမာဏပိုများလာမယ် ပြည်တွင်းကုန်ဈေးနှုန်း ပိုမြင့်မား လာနိုင်ပါတယ်” လို့ ဒေါ်ရင်မြက သူရဲ့ လူမှုကွန်ရက်မှာ ရေးသား သတိပေးလိုက်ပါတယ်။

စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်သိမ်းကလည်း လက်ရှိအခြေအနေဟာ စိုးရိမ်ဖို့ ကောင်းသလို အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ အချိန်မီလုပ်ဆောင်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်အနေနဲ့ ကိုယ့်မှာ ငွေကြေး အင်အား အများကြီးမရှိဘဲ ဒေါ်လာတွေ ထုတ်ရောင်းရင်လည်း ပြည်သူ့ဘဏ္ဍာတွေ ဆုံးရှုံးနိုင်တယ်လို့ ဆိုပါတယ်။

“ကိုယ့်မှာ Foreign Reserve တွေ အများကြီးရှိရင်တော့ ကောင်းတာပေါ့။ အဲဒါမရှိဘဲနဲ့ ထုတ်ရောင်းရင်တော့ ထုတ်ရောင်းတဲ့ ပိုက်ဆံတွေပါ ပါသွားမှာပဲ။ အပြင်က ဝယ်ပြီးတော့ ပြန်ရောင်းရင် မြတ်မယ့်ပုံစံမျိုး ဖြစ်တယ်။ ဒါက များများထုတ်ရောင်းနိုင်မှ ကောင်းမယ်။ မစို့မပို့ သွားရောင်းရင်တော့ ပါသွားမှာပဲ။ မီးလောင်တာကို ရေများများမလောင်းဘဲ နည်းနည်းပဲ သွားလောင်းရင် မီးပုံက ပိုကြီးတယ်မလား။ ရေတအားနိုင်ရင်တော့ မီးငြိမ်းသွားတာပေါ့။ ရေမနိုင်ဘဲသွားလောင်းရင် မီးပုံက ကြီးလာတတယ်။ သူ့မှာ ဘယ်လောက် အင်အား ရှိလဲဆိုတာ ကိုယ်တို့လည်းမသိဘူး။ အများကြီးရှိတဲ့ အစိုးရက သုံးရင်တော့ ကောင်းတယ်။ နည်းတဲ့ အစိုးရက သုံးရင်တော့ ကိုယ့်မှာ ရှိတာပါ ပဲ့သွားမယ်” လို့ ဆိုပါတယ်။

ပညာရှင်တွေနဲ့ စီးပွားရေးအသိုင်းအဝိုင်း ဘယ်လိုမြင်ကြသလဲ

မြန်မာနိုင်ငံရဲ့ နာမည်ကျော် ဘောဂဗေဒ ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာဦးမြင့်ကတော့ လက်ရှိ ငွေလဲနှုန်း ကျဆင်းနေမှုဟာ အင်မတန်စိုးရိမ်စရာကောင်းတယ်လို့ ဆိုပါတယ်။ လက်ရှိ အခြေအနေမှာ အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တွေ မလုပ်ဆောင်ရင် နိုင်ငံရေး မတည်ငြိမ်မှု တွေ အထိဖြစ်လာနိုင်တယ်လို့ သတိပေးပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့မှာ ကုန်သည်များနဲ့စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်ရုံး (UMFCCI) မှာ ပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ငွေလဲနှုန်းနဲ့ ပတ်သက် ပြီး အစိုးရဘက်က အကြံပြုချက်တွေ ချက်ချင်းပို့ဆောင် လိုက်ပါတယ်။ ဒါ့အပြင် နောက်ထပ် လည်း စီးပွားရေးပညာရှင်တွေက အကြံပြုချက်တွေ ပေးဖို့လည်း လုပ်ဆောင်နေတယ်လို့ UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

လက်ရှိအခြေအနေမှာ ကျပ်ငွေတန်ဖိုးကျဆင်းမှုဟာ ငွေကြေးဖောင်းပွမှုကို ဦးတည်နေတယ်လို့ ဒေါက်တာမောင်မောင်လေးက ဆိုပါတယ်။ အမေရိကန်ဒေါ်လာကို ဈေးကစားမှုတွေလည်း များနေတယ်လို့ ဆိုပါတယ်။ အစိုးရအနေနဲ့ ကောက်ရိုးမီးမဟုတ်ဘဲ ကျပ်ငွေ တန်ဖိုး ကျဆင်းမှုကို ကိုင်တွယ်ရမယ်လို့ ဆိုပါတယ်။

“ဒီဥစ္စာက တခြားမဖြစ်သင့်တာတွေ မဖြစ်စေချင်ဘူး။ အခြေခံလူတန်းစားတွေ ဒုက္ခရောက် တာတို့၊ တိုင်းပြည်မတည်ငြိမ်တာတို့ ဖြစ်လာနိုင်တဲ့ဟာ။ ဒါကို ကြိုတင်ပြီး ကာကွယ်ထား ဖို့ကတော့ အမြဲလိုပါတယ်။ တစိုက်စိုက် မတ်မတ် လုပ်ရမယ်။ ကျနော်တို့နိုင်ငံက ဓာတ်ကျမှ ထလုပ် ကောက်ရိုးမီးလိုပဲ။ နောက်တစ်ခု သွားလုပ်တော့ ဒီလိုမျိုးဖြစ်နေတာပါ။ အမေရိကန်နဲ့ တရုတ်ပိုပြီးတော့ ကုန်သွယ်ရေး စစ်ပွဲဖြစ်လာရင် မြန်မာနိုင်ငံက ဒုက္ခရောက်မယ်” လို့ ဒေါက်တာမောင်လေးက ဆိုပါတယ်။

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကလည်း လက်ရှိ အခြေအနေကို အစိုးရက မထိန်းသိမ်းရင် လုပ်ငန်းတွေ အားလုံးရပ်ဆိုင်းသွားလိမ့်မယ်လို့ သတိပေးပါတယ်။

“မြန်မာငွေတန်ဘိုးကျမယ်။ ကျနော်တို့နိုင်ငံမှာ Import ကများတော့ ကုန်ဈေးနှုန်းတွေတက်လာမယ်။ ဓါတ်ဆီ၊ဒီဇယ်ဈေးတက်မယ်။ လူတွေသုံးစွဲတာတွေလျော့သုံးရတော့မယ်။ လုပ်ငန်းတွေအရောင်း အဝယ်ကျဆင်းလာမယ်။ရပ်ဆိုင်းလာမယ်။ အလုပ်လက်မဲ့များလာမယ်”လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနဲလ်ကတော့ လက်ရှိ ကျပ်ငွေ တန်ဖိုး ကျဆင်းမှုဟာ နိုင်ငံတကာရဲ့ရိုက်ခတ်မှုကြောင့် စိုးရိမ်မှုမရှိဖို့ ပြောပါတယ်။

အစိုးရ ဘာလုပ်သင့်လဲ

လက်ရှိ အခြေအနေမှာ ကျပ်ငွေတန်ဖိုးကျဆင်းနေမှုကို ကာကွယ်ဖို့် အစိုးရအနေနဲ့ အားလုံးပါဝင်တဲ့ အစည်းအဝေးခေါ်ပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ဖို့ အကြံပြုချက်ရှိပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ အစိုးရဘက်က တိတ်ဆိတ်နေဆဲပဲ သူ့သဘောသူဆောင်တဲ့ သဘောဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ UMFCCI ကတော့ အမြဲပဲ အကြံပြုချက်တွေ ပေးတာတွေလည်းရှိနေတာပဲ။ ဒါပေမယ့် အစိုးရဘက်က ယူတာလည်း မယူတာလည်းရှိတယ်။ ယူခြင်း မယူခြင်းက သူ့ကိစ္စက။ ဒါပေမယ့် အခုက နိုင်ငံမှာက သွားကြားထိုးတံကအစ သွင်းနေရတော့။ နိုင်ငံရေးပါတီတွေရော၊ အစိုးရရော၊ လုပ်ငန်းရှင်တွေရောပေါင်းလုပ်ရမယ်။ ငါ့နိုင်ငံအတွက် ဝိုင်းဝန်းပြီးလုပ်ရမယ်။ သတင်းလေးဖော်ပြကောင်းအောင်။ ဓာတ်ပုံလေး ရိုက်ကောင်းအောင် မလုပ်ဘဲနဲ့ တစိုက်စိုက်မတ်မတ်လုပ်ရမယ်” လို့ ဒေါက်တာမောင်မောင်လေးက ဆိုပါတယ်။

ဒေါက်တာစိုးထွန်းကလည်း အစိုးရနဲ့ အားလုံးပူးပေါင်းဆောင်ရွက်ရမှာကို သဘောတူပါတယ်။

“တိုင်းပြည်ကဆင်းရဲလို့ ဘာ Incentive မှမပေးနိုင်ရင်တောင် ဒေသတချို့မှာ ကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးစကားဝိုင်းကဲ့သို့ သော စကားဝိုင်းများကျင်းပပေးစေချင်ပါတယ်။ ဥပမာ “ပြည်ပပို့ကုန် မြှင့်တင်ရေး စကားဝိုင်း” တွေကို ထုတ်လုပ်သူ ( လယ်သမား၊မွေးမြူရေးသမား)၊စက်ပိုင်၊ကုန်သည်၊ exporters တွေနဲ့ ဆောင်ရွက်ပေးပါ။ဒါဆို လုပ်တဲ့သူတွေ Motivation ရပြီး ပို့ကုန် ၃ ဆတင်ပို့နိုင်အောင်ကြိုးစားကြမှာပါ” လို့ ဒေါက်တာစိုးထွန်းက ဆိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts