All News interview

“ပွင့်လာတဲ့အချိန်မှာ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြောတာတွေ၊ တိုက်ခိုက်တာမျိုးတွေ ရှောင်”

“ပွင့်လာတဲ့အချိန်မှာ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြောတာတွေ၊ တိုက်ခိုက်တာမျိုးတွေ ရှောင်”

By ရန်ကုန်ခေတ်သစ်

၈၈ မျိုးဆက်ကျောင်းသားခေါင်း ဦးကိုကိုကြီးနှင့်တွေ့ဆုံခြင်း အပိုင်း ၂

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံးမှ ပြည်သူအားလုံး လမ်းမများပေါ်ထွက်၍ စစ်အာဏာရှင် ဦးနေဝင်း ဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဆန့်ကျင်ခဲ့ကြသည်။ တပ်မတော်သား၊ ရဲတပ်ဖွဲ့၊ ကျောင်းသား၊ အလုပ်သမား၊ အစိုးရဝန်ထမ်း၊ အိမ်ရှင်မ လူတန်းစားပေါင်းစုံ လမ်းမများပေါ်တွင် “ဒီမိုကရေ ရရှိရေး ဒို့အရေး” ဆိုသော ကြွေးကြော်သံကို သံပြိုင်ဟစ်အောင်ခဲ့ကြသည်။ သို့သော်လည်း လက်နက်ကိုင် စစ်တပ်က လမ်းမပေါ်မှ အပ်တိုတစ်ချောင်း မပါသော ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူအုပ်ကြီးကို အကြမ်းဖက် ပစ်သတ်နှိမ်နင်းခဲ့သည်။ ယင်းနောက် စစ်အာဏာသိမ်းခဲ့သည်။ ယခု နှစ်ပေါင်း ၃၀ အထိ စစ်တပ်သည် အာဏာကို လွှမ်းမိုးချုပ်ကိုင်ထားဆဲဖြစ်ပြီး နှစ် ၃၀ ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးကို ရန်ကုန်ခေတ်သစ်က သီးသန့်တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ တစ်ဖက်က စစ်တပ်ပေါ့။ အခြေခံဥပဒေအရလည်း အသာစီးရတယ်။ လက်နက်ကိုင် တပ်ဖွဲ့လည်းဖြစ်တယ်။ လုံခြုံရေးကိုလည်း ထိန်းချုပ်ထားနိုင်တယ်။ အဲဒီတော့ အခြေခံဥပဒေပြင်ဖို့တို့ ၄၃၆ ပြင်ဖို့တို့မှာ ညီညွတ်မှုမရှိဘဲ ကွဲနေရင် ဘယ်လိုလုပ်မလဲ။ လိုချင်တဲ့ပန်းတိုင်ရောက်ပါ့မလား။

ဖြေ။ ။ အဓိကက အဲဒါပဲ။ ညီညွတ်မှုဆိုတာက Unity and Diversity ပဲ။ မတူကွဲပြားမှုတွေကြားထဲမှာ စုစည်းတာ။ အဲဒါကတော့ ဒီမိုကရေစီအရ လေ့ကျင့်ရမယ့်ကိစ္စ။ အဲဒီတော့ နိုင်ငံတကာမှာလည်းကွဲတာပဲ။ နိုင်ငံတကာမှာ မဲဆွယ်စည်းရုံးမှုတွေက တစ်ယောက်နဲ့တစ်ယောက်ပြောတာဆိုလို့ရှိရင် ထိုးနှက်တိုက်ခိုက်တာတွေအကြီးအကျယ်လုပ်တာပဲ။ ပြီးသွားလို့ ရွေးကောက်ပွဲရလဒ်ထွက်သွားလို့ရှိရင် ရွေးကောက်ပွဲနိုင်တဲ့သူကို ရှုံးတဲ့သူက Congradulation ပေါ့။ အသိအမှတ်ပြုတယ်။ ဂုဏ်ယူပါတယ်ဆိုပြီး ဖြစ်သွားတာပဲ။ နောက်တစ်ခုကလည်း လွှတ်တော်ထဲမှာ ပါတီအချင်းချင်း မဟာမိတ်ဖွဲ့တာ စုဖွဲ့တာတွေ၊ ရွေးကောက်ပွဲမဟာမိတ်လုပ်တာတွေ၊ လွှတ်တာ်တွင်း စုဖွဲ့တာတွေ ဒါတွေက ဒီမိုကရေစီမှာ လေ့ကျင့်ယူရတဲ့ကိစ္စတွေပဲ။ ဒါကြောင့် ကျနော်တို့ ဒီမိုကရေစီက စိတ်ရှည်ရတယ်၊ မတူကွဲပြားမှုတွေကို သည်းခံနိုင်စွမ်း လက်ခံနိုင်စွမ်းရှိတယ်ဆိုတာ လေ့ကျင့်ယူရတဲ့ စနစ်ဖြစ်တော့။ အမိန့်နဲ့ အုပ်ချုပ်တာလောက်တော့ မလွယ်ဘူး။ အမိန့်မှာက နာခံမလား၊ မနာခံဘူးလား ဒါပဲ။ ပြောရရင် နာခံရင်လည်း ငြင်းပယ်ခွင့်မရှိဘူး။ ဒါက အာဏာရှင်စနစ်မှာက နောက်ဆုံးပြောရရင် မတူတဲ့အစုက သေးပြီးတော့ အမိန့်ညွှန်ကြားချက်ကို မလိုက်နာနိုင်ဘူးဆိုရင် အဲဒီနည်းတဲ့အစုက အရေးယူခံလိုက်ရတာတို့ ထုတ်ပယ်ခံလိုက်ရတာတို့ ဖြစ်သွားတာပဲ။

မေး။ ။ မတူကွဲပြားမှုနဲ့ ညီညွတ်မှု Diversity and Unity က အခု ရနေပြီလား။ လက်ရှိမှာ။

ဖြေ။ ။ အခုကျနော်တို့က ဖြတ်သန်းနေဆဲ လေ့ကျင့်နေဆဲကာလမှာပဲရှိသေးတယ်။

မေး။ ။ ရတော့ မရသေးဘူးပေါ့။

ဖြေ။ ။ ရတဲ့အပိုင်းတွေလည်းရှိတယ်။ မရသေးတဲ့အပိုင်းတွေလည်းရှိတယ်။ ကြိုးစားနေရတာတွေလည်းရှိတယ်။

မေး။ ။ ရှစ်လေးလုံးကာလအတွင်းက ကျောင်းသားလူငယ်တွေ နိုင်ငံရေးကိုစိတ်ဝင်စားမှုနဲ့ အခု လက်ရှိကာလမှာ ကျောင်းသားတွေ၊ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားမှုကို နှိုင်းယှဉ်ရင် ဘယ်လိုမြင်ရလဲ။ နိုင်ငံရေးအားလျော့သွားတယ်။

ဖြေ။ ။ အရင်ဆုံးပြောချင်တာက ၈၈ ကာလတုန်းက ထွက်ပေါက်မရှိဘူး။ အားလုံးက အသင်းအဖွဲ့လုပ်ချင်ရင်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ လမ်းစဉ်လူငယ်၊ ရှေ့ဆောင်လူငယ် ၊ တောင်သူလယ်သမားအစည်းအရုံး အစရှိသည်ဖြင့် ဒီပါတီရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေပဲရှိတယ်။ ကျနော်တို့က ဒါမကြိုက်လို့ တခြား လုပ်စရာ လုပ်ခွင့်မရှိဘူး။ နိုင်ငံကလည်း တံခါးပိတ်စီးပွားရေး စနစ် လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် တစ်ဦးချင်းရဲ့ တိုးတက်ရာ တိုးတက်ကြောင်း သိပ်မရှိဘူး။ အခုက နိုင်ငံရေးဘက်မှာ အချုပ်အနှောင်တွေ အပိတ်အပင်တွေရှိနေသေးတယ်ဆိုတာတောင်မှ အတတ်ပညာရှာမလား၊ ကြိုက်တဲ့ကျောင်းတက်လို့ရတယ်။ နောက်ဆုံး အင်တာနက် မှာ တက်လို့ရတယ်။ နောက်ဆုံး နိုင်ငံတကာထွက်တာ၊ အလုပ်အကိုင်ရှာဖွေတာ၊ စသည်ဖြင့် တစ်ဦးချင်းအတွက်တော့ ရွေးချယ်စရာအခွင့်အလမ်းများလာတယ်။ များလာတော့ လူငယ်တွေရဲ့ တွေးပုံခေါ်ပုံ စဉ်းစားပုံကလည်း လွန်ခဲ့တဲ့ နှစ် ၃၀ ထက်စာရင် ကွာလာတယ်။ တစ်ဦးချင်းအနေနဲ့ ရွေးချယ်စရာတွေ ပိုများလာတယ်။ ကျနော်တို့ ဒီမှာ ပြန်တည်ဆောက်ယူရမှာက Community Binding ပေါ့။ လူ့အဖွဲ့အစည်းကို ချည်နှောင်တဲ့ကြိုးက ဘာနဲ့ ချည်နှောင်မှာလဲ။ တစ်ဦးချင်းသဘောတွေ ပုဂ္ဂလိက သဘောတွေ ဆောင်လာရင် အစုအဖွဲ့သဘော၊ Community သဘော အဲဒါ အားနည်းလာတတ်တယ်။ ဒါကြောင့်မို့လို့ လူငယ်တွေနဲ့ပတ်သက်လို့ တစ်ဦးချင်း တိုးတက်ရာ တိုးတက်ကြောင်း ရှာတာကိုလည်း အားပေးတယ်။ ဖြစ်စေချင်တယ်။ တစ်ချိန်တည်းမှာ Community ကို ပြန်တည်ဆောက်ကြဖို့ ချည်နှောင်အားပေါ့။ အဲဒါကိုတော့ ပြန်ပြီး ရှာဖွေစေချင်တယ်။ ဘာနဲ့ ဘုံတန်ဖိုးတွေ တည်ဆောက်မလဲ။

မေး။ ။အရင်တုန်းက ရှစ်လေးလုံးကာလက လူ့အဖွဲ့အစည်းက ဘာနဲ့ ချည်နှော်င်ခဲ့ကြလဲ။

ဖြေ။ ။ အရင်တုန်းကတော့ ကျနော်တို့က ပြောကြမယ်ဆိုရင် ဘုံရန်သူရှာပြီးတော့ ချည်နှောင်တာ။ ဒီဟာသည် တို့ကို ပိတ်ဆို့ထားတာသည် ဒီနစ်ပဲ၊ ဒီအဖွဲ့အစည်းပဲဆိုတဲ့ ဟာနဲ့ ကျနော်တို့ အားလုံး စုစည်းကြတာ။ စစ်အေးကာလ တစ်လေ ျှာက်လုံးမှာ များသောအားဖြင့် ကျနော်တို့က ဘုံရန်သူရှာပြီး တော့စုစည်းကြတာများတယ်။ အဲဒီကနေပြီးတော့ ဘုံအကျိုးစီးပွားကို ရှာပြီးတော့ စုစည်းတဲ့ ယဉ်ကျေးမှုကို ပြောင်းသင့်တယ်လို့ မြင်တယ်။ မဟုတ်ရင် ဟိုဟာက ရန်ငါဆိုတဲ့ အယူအဆပေါ်မှာ အခြေခံတယ်။ အဲဒီတော့ မတူကွဲပြားမှုတွေကြားမှာ ဘုံအကျိုးစီးပွားကို ရှာနိုင်ပြီဆိုရင် ကျနော်တို့ စုစည်းမှုက ပဋိပက္ခအသွင်၊ တိုက်ခိုက်မှု အသွင်မဆောင်ဘဲနဲ့ စုစည်းတာမျိုး ဖြစ်နိုင်တယ်။ ဘုံအကျိုး စီးပွားကိုရှာတဲ့အခါမှာ ဘုံမဖြစ်သေးတဲ့ တူညီတဲ့ အကျိုးစီးပွားတွေကလည်း ဆက်ရှိနေဦးမှာပဲ။ ဒါကလည်း တဖြည်းဖြည်းချင်းဖြေရှင်းရမယ့် ကိစ္စတွေပဲ။

မေး။ ။ အကိုတို့ မျိုးဆက်၊ ရှစ်လေးလုံး မျိုးဆက်ပြီးတွေပြီးရင်တော့ နိုင်ငံရေး မျိုးဆက်ပြတ်ပြီဆိုပြီးတော့ ပြောကြတာတွေလည်းရှိတယ်။ အဲဒါ ဘယ်လိုမြင်လဲ။

ဖြေ။ ။ အဲဒါတော့မဖြစ်နိုင်ပါဘူး။ ကျနော်တို့ ထောင်ထဲကျတော့ ကျနော်တို့ကိုယ်တိုင်လည်း အဲဒီအချိန်တုန်းက ထောက်လှမ်းရေးက မင်းတို့ လူ ၁၀၀ လောက် ဖမ်းလိုက်ရင် မျိုးတုန်းသွားမှာပဲဆိုပြီး တကယ်လည်း ရာနဲ့ချီပြီး ဖမ်းခဲ့တယ်။ ဒါပေမယ့် ပျောက်မသွားပါဘူး။ နောက်မှာ ၉၆ မျိုးဆက်၊ ၉၈ မျိုးဆက်တွေ၊ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်နေတာပဲ။ မတရားမှုတွေ ရှိနေသသေး ရွေ့ နိုင်ငံရေးမျိုးဆက်က ပျောက်သွားစရာ အကြောင်းမရှိဘူး။ တစ်ခုတော့ရှိတယ်။ ပွင့်လင်းလာတဲ့အချိန်မှာ ထောင်သဘောအရ ထောင်ကျပ်တဲ့အချိန်မှာ အားလုံးက ညီညွတ်တယ်။ ထောင် နည်းနည်းကျယ်လာလို့ ပွင့်လင်းလာတဲ့အခါကျရင် အချင်းချင်းပြဿနာတက်တယ်။ အဲဒါလေးကို ပြန်သင်ခန်းစာယူတတ်ရင် ကျနော်တို့ နည်းနည်းပွင့်လာတဲ့အချိန်မှာ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြောတာတွေ၊ တိုက်ခိုက်တာမျိုးတွေ ရှောင်ပြီးတော့ ဘုံအကျိုးစီးပွားကို ရှာနိုင်ဖို့ လိုတယ်လို့ မြင်ပါတယ်။

မေး။ ။ ရှစ်လေးလုံး အထိမ်းအမှတ်ကို ရန်ကုန်တက္ကသိုလ်မှာ ကျင်းပခွင့်ရတယ်။ အစိုးရကလည်း အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုတယ်။ တပ်မတော်ဘက်က ရှစ်လေးလုံးကို အသိအမှတ်ပြုမှု မရှိဘူး။ ရှစ်လေးလုံးကို မင်းမဲ့စရိုက်အဖြစ် ပြောဆိုတာတွေလည်းရှိနေတယ်။ ရှစ်လေးလုံးမှာ တကယ်တော့ ပြုသူက တပ်မတော်ဖြစ်တယ်။ သူကိုယ်တိုင်က လမ်းပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ ပြည်သူတွေကို ပစ်ခတ်နှိမ်နင်းခဲ့တာ။ အဲဒီတော့ သူတို့က တောင်းပန်သင့်တယ် မထင်ဘူး။ အခုအချိန်အထိ တပ်မတော်ဘက်က မသိကျိုးကျွံပြုနေတာက အပြစ်ကျူးလွန်ပြီးတော့ မသိချင်ယောင်ဆောင်နေတာလား။

ဖြေ။ ။ ကျနော်တို့က တပ်မတော်ကိုပဲဖြစ်ဖြစ် အခြားအဖွဲ့အစည်းတွေကိုပဲဖြစ်ဖြစ် စဉ်းစားတဲ့အခါမှာ Time Factor ကို ထည့်စဉ်းစားဖို့လိုတယ်။ ၈၈ တုန်းက တပ်မတော်ခေါင်းဆောင်တွေ တော်တော်များများ မရှိတော့ဘူး။ တစ်ချို့လည်း သက်ဆိုင်ရာ နိုင်ငံရေးပါတီထဲ ရောက်သွားတဲ့သူတွေရှိတယ်။ တစ်ချို့လည်း အငြိမ်းစားယူသွားတဲ့သူတွေရှိတယ်။ အဲဒီတော့ Generation က ကျနော်တို့ဘက်မှာ ရွေ့တက်လာသလို စစ်တပ်ဘက်မှာလည်း မျိုးဆက်ပြောင်းနေတာရှိတယ်။ အဲဒီ အချိန်ကာလဆိုတာကို ထည့်ပြီးတော့ စဉ်းစားဖို့လိုတယ်။ ပြီးခဲ့တဲ့ ငွေရတု အခမ်းအနားမှာဆိုရင် တစ်ချိန်တုန်းက တပ်မတော်ခေါင်းဆောင်တွေပဲ ကျနော်တို့ အခမ်းအနားကို တက်ခဲ့တယ်။ တစ်ချိန်တုန်းက တပ်မတော်ခေါင်းဆောင်တွေပဲ လွှတ်တော်ဥက္ကဋ္ဌတွေအဖြစ်နဲ့ တာဝန်ယူနေချိန်မှာ ရှစ်လေးလုံး အခမ်းအနားကို သဝဏ်လွှာတွေ ပေးပို့တာတွေလုပ်ခဲ့တယ်။ အဲဒါက တစ်ဖက်က ပြောရင်တော့ ရှစ်လေးလုံးကို အစဉ်အဆက် တပ်မတော်ခေါင်းဆောင်တွေက တိုင်းဆိုပြည်ဖျက် မြေပေါ်မြေအောက် အဖျက်သမားတွေ မင်းမဲ့စရိုက်တွေဆိုပြီးတော့ ပုံဖျက်လာတာတွေပေါ့။ အဲဒီအခြေအနေကနေပြီးတော့ ငွေရတု အခမ်းအနားမှာ လွှတ်တော်ကိုယ်တိုင်က သဝဏ်လွှာပေးပို့တာတွေ လုပ်လာတယ်ဆိုတာက လူထုအရေးတော်ပုံကြီးအဖြစ်နဲ့ တစ်ချိန်တုန်းက တပ်မတော်ခေါင်းဆောင် တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့ အသိအမှတ်ပြုလာခြင်းလို့ ကျနော်တို့က အဲဒီလို မြင်ပါတယ်။

မေး။ ။ တပ်မတော်ဆိုတဲ့ Institution (အဖွဲ့အစည်း) အနေနဲ့ ရှစ်လေးလုံးမှာ ပြည်သူကို သူလုပ်ခဲ့တာတွေအတွက် ပြန်လည်သင့်မြတ်သင့်ဖို့အတွက် မတောင်းပန်သင့်ဘူးလား။ Institution အနေနဲ့ ။

ဖြေ။ ။ အဲဒါက ကျနော်တို့က တောင်းပန်တယ်ဆိုတာက လူတွေရဲ့ရင့်ကျက်မှုပေါ်မှာ မူတည်တယ်။ ဒါ ဘက်အသီးသီးမှာ လိုအပ်တာကိုပြောတာ။ ကျနော်တို့က တောင်းပန်တယ်ဆိုတာက အသစ်မဟုတ်ဘူး။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ဗုဒ္ဓဘာသာမှာဆိုရင် ရဟန်းခံတယ်၊ သိမ်ဝင်တယ်။ ပြီးရင် သဗ္ဗေ အာပတိကော အာဝိကရောမိဆိုတာ ဝါကြီးရဟန်းဆီမှာ အပြစ်တစ်စုံတစ်ရာ ကျူးလွန်ခဲ့ပါတယ်ဆိုတာ ဝန်ခံတာ။ ထေကြီးဝါကြီး ရဟန်းက ငါ့မှာလည်း ကျူးလွန်ခဲ့တာတွေရှိတယ်။ နောက်နောင် အဲဒီအပြစ်တွေကို ပါးလျသွားအောင် လျှော့ပါးသွားအောင် အပြန်အလှန် ကတိပြုတာက ဗုဒ္ဓဘာသာမှာလည်းရှိတယ်။ ခရစ်ယာန်မှာလည်းရှိတယ်။ Confess လုပ်တယ်၊ Confession လုပ်တယ်ဆိုတာ ရှိတယ်။ အဲဒီယဉ်ကျေးမှုက ဘာသာရေးအလေ့အကျင့်သဘောမျိုးထက် နိုင်ငံရေး ယဉ်ကျေးမှုထဲရောက်လာဖို့ လိုတယ်လို့ မြင်တယ်။ ဒါက အသစ်မဟုတ်ဘူး။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ဘာသာရေးအသီးသီးမှာ Confess လုပ်တယ်ဆိုတာ အပြစ်ကို ဝန်ခံတယ်ဆိုတာ ရှိထားပြီးသားဖြစ်တယ်။ သို့သော် ဒီနေရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုရင် တစ်ယောက်နဲ့ တစ်ယောက် တောင့်နေတဲ့ ရှိနေတဲ့ အခြေအနေတွေကို နားလည်ဖို့ အသိအမှတ်ပြုဖို့လိုတယ်။ အဲဒီတော့ ကျနော်တို့ဘက်က တစ်လျှောက်လုံးခံခဲ့ရတော့ ကျနော်တို့က အများကြီးမျှော်လင့်တာမဟုတ်ဘူး။ အသိအမှတ်ပြုမှုပဲ လိုချင်တာ။ လိုချင်တာ ပုဂ္ဂိုလ်ရေးအရ ပြောတာမဟုတ်ဘူး။ ကျနော်တို့ မျိုးဆက်တွေအားလုံး တစ်ကွဲတစ်ပြားဆီ လူမှုရေး၊ စီးပွားရေး အကုန်လုံး ပျက်စီးခဲ့တယ်၊ နိမ့်ကျခဲ့တယ်။ တစ်ချို့ဆိုရင် မိသားစုတွေ ပျက်စီးသွားတာအများကြီး။ ကျနော်ဆိုလည်း ထောင်ထဲမှာ မိဘတွေ ဆုံးသွားတယ်၊ မရှိတော့ဘူးဆိုတဲ့ အခြေအနေမျိုးတွေ ဖြစ်တော့ ဒါတွေကို ဘာမှ ပြန်မျှော်လင့်နေတာမဟုတ်ဘူး။ သို့သော် ခေတ်စနစ် တစ်ခုပြောင်းလဲဖို့ ပေးဆပ်ခဲ့တဲ့ နစ်နာခဲ့တဲ့ သူတွေကို လူ့အဖွဲ့အစည်းက ပြန်ပြီး အသိအမှတ်ပြုဖို့၊ လူ့အဖွဲ့အစည်းက စစ်တပ်တစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ သာမန်ပြည်သူတွေကြားထဲမှာလည်း ကျနော်တို့ လွတ်လာတဲ့အချိန်မှာ သူတို့ သနားပါတယ်။ သူတို့တွေ ဘယ်လိုနေခဲ့ရတာပေါ့။ ဒါပေမယ့် အဲဒါက နှစ်အနည်းငယ် ကြာသွားတဲ့အခါမှာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်။ ကျနော်က လူ့အဖွဲ့အစည်းမှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာကို အရေးကြီးတဲ့ ခေါင်းစဉ်အဖြစ် စဉ်းစားပြီးတော့ ကျနော် အဲဒါ ၈၈ တင်ပြောတာမဟုတ်ဘူး။ တိုင်ရင်းသားဒေသတွေမှာပါ ပြည်တွင်းစစ်ကြောင့် စစ်ဘေး စစ်ရှောင်နေရတဲ့ကလေးတွေ၊ ဗုံးခိုကျင်းထဲမှာပဲ ကြီးပြင်းခဲ့တဲ့ ကလေးတွေ အများကြီးရှိတယ်။ လူ့အဖွဲ့အစည်းမှာ ဒဏ်ရာဒဏ်ချက်တွေ အများကြီးနဲ့ကို အသိအမှတ်ပြုပေးဖို့ အားလုံး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ တာဝန်ရှိတယ်။

မေး။ ။ ရှစ်လေးလုံးမှာ တပ်မတော်သားတွေလည်းပါတယ်၊ ရဲတွေလည်းပါတယ်၊ ဝန်ထမ်းတွေလည်းပါတယ်။ တပြည်လုံး ညီညွတ်ခဲ့ကြတယ်။ အဲဒီလို ညီညွတ်မှုမျိုး ကျနော်တို့ ပြန်ရပါဦးမလား။

ဖြေ။ ။ အဲဒါက ခေါင်းဆောင်တဲ့သူအပေါ်မှာမူတည်တယ်။ တစ်ဖက်ကလည်း မီဒီယာတွေကအစ တစ်ယောက်နဲ့ တစ်ယောက် တင်းမာမှု ဖြစ်စေတဲ့ သတင်းစကားတွေချည်းကိုပဲ ဆက်တိုက် ဖြန့်ဖြူးနေမယ်ဆိုရင်တော့ ဒီလိုညီညွတ်မှုမျိုးက အလှမ်းဝေးနေဦးမှာပဲ။ ဒါကြောင့် ကျနော်တို့က တစ်ဖက်က အဖြစ်မှန်တွေကိုလည်း ဘက်အသီးသီးက လက်ခံဖို့လိုတယ်။ ဥပမာ ၈၈ အခြေအနေဆိုရင် လူထုအရေးပုံလား၊ မင်းမဲ့စရိုက်လားဆိုတာ ကျနော်တို့ တောက်လျှောက် အငြင်းပွားခဲ့တယ်။ ဆိုတော့ တကယ်က လူထုတစ်ရပ်လုံးပါခဲ့တာပဲ။ တကယ်လည်း ဒီဟာကို အကြောင်းပြုပြီးတော့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေးတွေ ဖြစ်လာခဲ့ပြီဆိုရင် အရင်ဆုံး အဖြစ်အပျက်အမှန်ကို လက်ခံဖို့ လိုတယ်။ ဒါက ပထမဆုံး အဆင့်လို့မြင်တယ်။ ပြီးတော့မှ နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေကို နိုင်ငံတကာမှာ Victim Law ဆိုတာ ရှိတယ်။ ဒီလို နစ်နာခဲ့တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ ကုစားတဲ့ တစ်ချို့နိုင်ငံတွေမှာဆိုရင် ငွေကြေးတန်ဖိုးမဟုတ်ဘူး၊ အသက်ဆုံးရှုံးသွားတယ်၊ မျက်လုံးပျက်သွားတယ်။ လက်တစ်ဘက် ပျက်စီးသွားတယ်။ အိုးအိမ်ပျက်သွားတယ်။ သူက ထိုက်သင့်တဲ့ လေ ျှာ်ကြေးပေးတာဟာက ငွေကြေးတန်ဖိုးထက် အသိအမှတ်ပြုမှု သင်္ကေတအဖြစ်နဲ့ ပြန်ပြီးကုစားတာပေါ့။ အဲဒါမျိုးတွေ ဖြတ်သန်းဖို့တော့ ကျနော်တို့အနေနဲ့ အများကြီးကြိုးစားရဦးမယ်လို့ မြင်တယ်။

မေး။ ။ နောက်ဆုံးမေးခွန်းပါ။ ရှစ်လေးလုံးမှာ ဦးဆောင်ခဲ့သူတစ်ဦးအနေနဲ့ လက်ရှိ အချိန် နှစ် ၃၀ ပြည့်မှာ ပြည်သူ၊ ကျောင်းသားတွေ၊ လူငယ်တွေကို ဘယ်လို သတင်းစကားမျိုးပါးချင်လဲ။

ဖြေ။ ။ နိုင်ငံတော်ဆိုတာ လေးနက်စေချင်တယ်။ ပြီးခဲ့တဲ့တစ်လျှောက်လုံးမှာ အာဏာရတဲ့ အစိုးရက သူ့ကိုယ်သူ နိုင်ငံတော်လို့ သတ်မှတ်တယ်။ သတ်မှတ်ပြီးတော့ နိုင်ငံတော်က အမိန့်တွေ ထုတ်တယ်၊ ဥပဒေတွေ ထုတ်တယ်ဆိုတာကို သာမန်ပြည်သူတွေဆိုတာ ဘာမှ ပြန်ပြီးတော့ ပြောဆိုငြင်းခုံ ခွင့်မရှိဘူး။ ဒါလုပ်ဆို လုပ်။ဒါ မလုပ်နဲ့ဆို မလုပ်နဲ့။ နိုင်ငံတော်ဆိုတာကြီးက နိုင်ငံသားနဲ့ဘာမှ မဆိုင်သလိုဖြစ်နေခဲ့တာ တောက်လျှောက်ဖြစ်နေခဲ့တာ။ ကျနော်တို့က လူငယ်တွေအနေနဲ့ နိုင်ငံတော်ဆိုတာ နိုင်ငံသားအားလုံးနဲ့သက်ဆိုင်တဲ့ ပိုင်ဆိုင်တဲ့ အရာဖြစ်တယ်ဆိုတဲ့ စိတ်ခံစားမှုမျိုး၊ နိုင်ငံတော်တည်ဆောက်ဖို့အတွက် အခြေခံစိတ်ဓာတ် အဲဒါမျိုးကို ခိုင်မာစေချင်တယ်။ ဒါကို ရှင်သန်ကြီးထွားစေချင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com