All News Local News

တန်ဖိုးကြီး မာစီဒီးအပါအဝင် ကားစီးရေ ၁၂၀၀ ကျော်ကိစ္စ အစိုးရ၊ လွှတ်တော်က မသိတာ ဘာကြောင့်လဲ

တန်ဖိုးကြီး မာစီဒီးအပါအဝင် ကားစီးရေ ၁၂၀၀ ကျော်ကိစ္စ အစိုးရ၊ လွှတ်တော်က မသိတာ ဘာကြောင့်လဲ

By ရန်ကုန်ခေတ်သစ်

စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနဲ့ စစ်ဆေးရေးဦးစီးဌာနက သိမ်းဆည်းထားတဲ့ တန်ဖိုးကြီးကားစီးရေ ၁၂၀၀ ကျော်ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ပူးပေါင်းဖွဲ့စည်းထားတဲ့ ဘတ်ဂျက်စိစစ်ရေးကော်မတီက တွေ့ရှိခဲ့ပါတယ်။ ဒီလိုတွေ့ရှိမှုကို အမျိုးသားလွှတ်တော်အမတ် ဦးအေးဗိုလ်က သူရဲ့လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် မ ျှဝေခဲ့တာမှာ ရှယ်သူပေါင်းများစွာရှိခဲ့ပြီး ပြည်သူတွေလည်း အံ့အားသင့်ခဲ့ကြပါတယ်။ ဒေါ်လာသိန်းချီတန် မာစီးဒီကားတွေ အပါအဝင် တန်ဖိုးကြီး ကားများစွာ ဂိုဒေါင် ၃ လုံးထဲမှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းအဆင့် အစိုးရဝန်ကြီးတွေ ကားစုတ်စီးနေလို့သိန်း ၁၀၀၀တန် Ford ကားတွေ ဝယ်စီးဖို့ ရန်ကုန်တိုင်းလွှတ်တော်ကို တင်ပြချိန်မှာ ပြည်သူတွေရဲ့ဝေဖန်မှု မြင့်တက်ခဲ့ရပြီး နောက်ဆုံးဒေါ်အောင်ဆန်းစုကြည်က မာစီးဒီကားပေးမယ်ဆိုတဲ့ သတင်းနဲ့ အဆုံးသတ်သွားခဲ့ရတာပါ။

တိုင်းဝန်ကြီးချုပ်တွေကို မာစီးဒီကားတွေ ပေးမယ်ဆိုတဲ့ သတင်းကြောင့် မာစီးဒီးကားတွေအပေါ် စိတ်ဝင်စားနေချိန်မှာ မာစီးဒီးကားတွေအပါအဝင် တန်ဖိုးကြီးကားတွေ ထပ်မံထွက်ပေါ်လာတာ ကြောင့် ပြည်သူတွေကြားမှာ အရင်အစိုးရယန္တရားက ဖွက်ထားခဲ့တာလား၊ ဘာကြောင့် ဒီကားတွေရှိနေရက်နဲ့ ကားသစ်ဝယ်ဖို့ ပြင်ဆင်ကြလဲ စတဲ့ မေးခွန်းတွေ ထွက်ပေါ်လာတာ။

ကားတွေ ဘယ်လိုစတွေ့လဲ

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးှနှစ်အတွက် အစိုးရဝန်ကြီးဌာနတွေက အသုံးစရိတ်ဘတ်ဂျက်တွေတင်ပြကြပြီး အဲဒီအသုံးစရိတ်တွေကို လက်တွေ့ လိုက်လံစစ်ဆေးဖို့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ပူးပေါင်းထားတဲ့ အဖွဲ့ ၁၇ ဖွဲ့ ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့မှာ ပူးပေါင်းအဖွဲ့ ၆ လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင် ဥက္ကဋ္ဌ၊ အမတ် ဦးတင်ထွန်းနိုင်က အတွင်းရေးမှူး အဖြစ် ပါဝင်တဲ့ အမတ် ၁၂ ဦးပါ ပူးပေါင်းအဖွဲ့က စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနကို စိစစ်ရပါတယ်။ အဲဒီလို စိစစ်တဲ့နေရာမှာလည်း ဗဟိုစက်ပစ္စည်းစာရင်းအင်းနဲ့ စစ်ဆေးရေးဦးစီးဌာနက ကားတွေပြင်ဆင်စရိတ်၊ ထိန်းသိမ်းစရိတ်၊ လောင်စာဆီဖိုး တင်ပြတောင်းခံလာပါတယ်။ အဲဒီတောင်းခံလွှာကို ပူးပေါင်းအဖွဲ့ ၆ က စစ်ဆေးဖို့် စတင်ပြင်ဆင်ပါတော့တယ်။

ကားတွေ တွေ့ပြီ

အရင်နှစ် ဘဏ္ဍာရေးနှစ်ကတည်းက ဗဟိုစက်ပစ္စည်းစာရင်းအင်းနဲ့ စစ်ဆေးရေးဌာနက ကားတွေ ပြင်ဆင်ဖို့ ထိန်းသိမ်းစရိတ်တွေ တောင်းခံခဲ့တာဖြစ်ပြီး အရင်နှစ်ကတော့ လွှတ်တော်ဘက်က တောင်းခံတဲ့ စရိတ် တော်တော်များများကို ဖြတ်တောက်ခဲ့ပါတယ်။ ဒီနှစ်တော့ ကားတွေ ပြင်ဆင်ဖို့ ထပ်မံ တင်ပြလာတာကြောင့် ဗဟိုစက်ပစ္စည်းစာရင်းအင်းနဲ့ စစ်ဆေးရေး ဌာန လက်အောက်မှာရှိတဲ့ ဂိုဒေါင် ၁၀ လုံးအနက် ၃ လုံးကို သြဂုတ်လ ၃ ရက်နေ့မှာ စတင် သွားရောက်စစ်ဆေးခဲ့ကြပါတယ်။

အဲဒီလို စစ်ဆေးရာမှာ တန်ဖိုးကြီးကားတွေ အပါအဝင် ကားတွေမြောက်မြားစွာ လမ်းမတွေနဲ့ ဂိုဒေါင်တွေထဲနဲ့ အပြင်ဘက်မှာ စုပုံရပ်ထားတာတွေ့ရှိရတာပါ။ အရင်က စာရင်းပဲ တွေ့ပေမယ့် အခုမှ ဒီလောက်ကားတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ရတာဖြစ်တယ်လို့ သွားရောက်စစ်ဆေးရေးအဖွဲ့ထဲမှာပါခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

ဘတ်ဂျက်စိစစ်တဲ့ ပူးပေါင်းအဖွဲ့အနေနဲ့ ကားတွေကို မျက်မြင်တွေ့ပြီး တင်ပြမှုတွေက ကာလပေါက်ဈေး မှန်၊ မမှန် ပြန်လည်စိစစ်ဖို့ပါ လုပ်ဆောင်နေပြီလို့ အဲဒီလွှတ်တော်အမတ်က ဆိုပါတယ်။

“ကားတွေ အဲဒီလောက်ရှိမှန်းလဲ မသိဘူး။ ဂိုဒေါင် ၃ လုံးပဲ စစ်တာ။ ကျန်တာတွေက နောက်ပိုင်းတော့ သွားမယ်။ စာရင်းတင်ပြတဲ့ အနေအထားနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ။ ဌာနဘက်ကတော့ ကားစီးရေပေါ်မူတည်ပြီး ပြင်စရိတ်တောင်းတာပေါ့။ ဒါကြီးက ယိုပေါက်ကြီးပါပဲ” လို့ အမျိုးသားလွှတ်တော်အမတ်က ဆိုပါတယ်။

အစိုးရနဲ့ သမ္မတ ကားတွေရှိတာ သိရဲ့လား

ယေဘုယျအားဖြင့်တော့ တန်ဖိုးကြီးကားတွေ အပါအဝင် မာစီးဒီကားတွေရှိနေတယ်ဆိုတာ အစိုးရက စာရင်းသာသိပြီး သေသေချာချာ မသိသေးဘူးလို့ လွှတ်တော်အမတ်က ဆိုပါတယ်။

အစိုးရဝန်ကြီးဌာနဆိုင်ရာတွေ စီးနေရတဲ့ ကားတွေ စုတ်နေလို့ ဝေဖန်မှုတွေရှိနေချိန်မှာ ဒီလို ကားကောင်းတွေကို သိမ်းဆည်းထားတဟာ ဝှက်ဖဲတွေပဲ လို့ သူက ဆက်လက်ပြောဆိုပါတယ်။

“ပထမ ဘာမှ မသိတာ။ အဲဒီသွားတော့မှ တအံ့တသြပဲ။ တန်ဖိုးလည်းကြီးတယ်။ အမှန်အကန်တွေချည်းပဲ။ သမ္မတကြီးက အနေအထားတစ်ခုကို ခုမှသိတာ။ အောက်ခြေကနေ ဝှက်ဖဲတွေပေါ့။ ဖွတ်ထားတာပေါ့။ ဝန်ကြီးဌာနတွေက ဘတ်ဂျက်တွေ တောင်းပြီး လုပ်လား မလုပ်လားမသိ။ သူတို့ကတော့ ပြောရင်တော့ လူကြီးတွေသွားရင် အဆင်သင့်ဖြစ်အောင်ပေါ့။ မနှစ်ကတည်းက နဂိုကားတွေက ဘယ်ရောက်သွားလဲဆိုတော့ ဝေ့လည်ကြောင်ပတ်တွေဖြေတယ်။ ကားတွေရှိနေတာကို။ ရုံးကားတွေကို စုတ်ပြတ်သတ်နေတာတွေပဲ။ ပေးလေ” လို့ လွှတ်တော်အမတ်က ဆက်လက်ပြောဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ ကားတွေဟာ စာရင်းနဲ့ ရှိနေပြီး NLD အစိုးရ မသိဘူးဆိုတာဟာ ပိန်းလွန်းရာကျတယ်လို့ ဆိုပါတယ်။

ကားတွေ ဘယ်လိုဝယ်ခဲ့လဲ

လက်ရှိ စစ်ဆေးတွေ့ရှိရတဲ့ကားတွေ အများစုဟာ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဝယ်ခဲ့တာဖြစ်ပြီး အာဆီယံ အစည်းအဝေးတွေနဲ့ နိုင်ငံတကာ အစည်းအဝေးတွေ လက်ခံကျင်းပချိန်က ဝယ်ခဲ့တာပါ။

လက်ရှိ ဗဟိုစက်ပစ္စည်းစာရင်းအင်းနဲ့ စစ်ဆေးရေး ဦးစီးဌာနက လက်အောက်မှာ ယာဉ်စီးရေ ၁၂၀၂ ရှိနေပြီး ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကားစီးရေ ၃၅၉ ၂ စီး လက်ခံရရှိပြီး ၃၄၉ ၄ စီး ခွဲဝေထုတ်ပေးခဲ့ပြီး ၁၃၆၄ စီး သံရည်ကျိုပို့ခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ကားစီးရေ ၂၆၇၆ လက်ခံရရှိခဲ့ပြီး ၁၇၀၃၀ စီး ခွဲဝေပေးခဲ့ကာ ၁၂၀၂ စီး သံရည်ကျို ယာဉ်အဖြစ် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၈ ဇွန်လအထိ ၁၀၃၀ စီး လက်ခံရရှိခဲ့ပြီး ခွဲတမ်းထုတ်ဝေပေးတဲ့ ယာဉ် ၆၈၁ စီးရှိကာ ၃၆၅ စီး သံရည်ကျိုခဲ့တယ်လို့ အဲဒီဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ၂၀၁၆ ခုနှစ်ကန ၂၀၁၈ ခုနှစ်အထိ ဗဟိုစက်ပစ္စည်းစာရင်းအင်းနဲ့ စစ်ဆေးရေး ဌာနက ကားစီးရေ ၇၂၉ ၈ စီး လက်ခံရရှိခဲ့ပြီး ၅၉၀၅ စီး ခွဲဝေခဲ့ကာ ၂၉ ၃၁ စီးကို သံရည်ကျိုခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတွေ ပညာပြနေသလား

ကားတွေ တွေ့ရှိရတဲ့ ဖြစ်စဉ်မှာ အောက်ခြေ အစိုးရယန္တရားက ပညာပြနေလားဆိုပြီး ဝေဖန်မှုတွေကလည်းရှိနေပါတယ်။ ဒါကို အဲဒီအမျိုးသားလွှတ်တော်အမတ်ကလည်း သဘောတူပါတယ်။ ဒီဖြစ်စဉ်မှာ ပညာပြမှုတွေ ရှိနိုင်လားဆိုတာက စစ်ဆေးမှပဲ သိနိုင်မယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ NLD အစိုးရကို အစိုးရဝန်ထမ်း တစ်ချို့ ပညာပြနေတယ်လို့ ဇူလိုင်လ ၂၅ ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ပြောဆိုခဲ့ဖူးပါတယ်။

“ဝန်ထမ်းတွေက အစိုးရအဖွဲ့တွေကို ပံ့ပိုးတဲ့အခါမှာ စေတနာသန့်သန့်နဲ့ ပံ့ပိုးပေးစေချင်တယ်။တချို့ကတော့ လူ့သဘာဝအရ ပညာပြချင်တယ်။တချို့က ဝန်ထမ်းလုပ်ခဲ့တာ ဘယ်နှစ်နှစ်ရှိပြီ။ဒီဝန်ကြီးကတော့ မနေ့တစ်နေ့ကမှ ရောက်လာတာ ငါတို့အနေနဲ့ ပညာပြလို့ရတယ်။အဲဒီလိုစိတ်ထားတဲ့ ဝန်ထမ်းတွေလည်း တချို့ရှိတယ်။အဲဒီလို စိတ်မထားဘဲ ကိုယ့်ဌာနကို အသစ်ရောက်လာတဲ့ ဝန်ကြီးပဲဖြစ်ဖြစ်၊ အခြားဝန်းထမ်းပဲ ဖြစ်ဖြစ်၊ အမြန်ဆုံးအရည်အချင်းပြည့်ဝအောင်၊ အလုပ်တာဝန်ကို ပြည့်ပြည့်ဝဝ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်အောင် ကူညီပံ့ပိုးတယ်ဆိုတာဟာ အင်မတန်မှ ဂုဏ်သိက္ခာရှိတဲ့ အလုပ်ဖြစ်ပါတယ်။ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အရည်အချင်းဟာ အင်မတန်မှ အရေးကြီးပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဂိုဒေါင်တွေထဲမှာ သိမ်းဆည်းထားတဲ့ တန်ဖိုးကြီးကားတွေ ကိစ္စက ပညာပြတဲ့ဖြစ်စဉ်လား၊ ဒီနောက်ကွယ်မှာ ဘာတွေ ရှိနိုင်မလဲဆိုတာ သေချာ စုံစမ်းစစ်ဆေးဖို့ လိုနေတာကတော့ အမှန်ပဲလို့ လွှတ်တော်အမတ်တွေက ဆိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com