interview political news

“စစ်တပ်ကိုသာ အဓိကထားပြီး ရင်ကြားစေ့ရုံနဲ့ဆိုရင်တော့ တိုင်းပြည်အနေနဲ့ ရော မီဒီယာအနေနဲ့ရော လွတ်လပ်မှု ဒီမိုကရေစီအတွက်ရော အားကောင်း မောင်းသန် မဖြစ်နိုင်ဘူး”

By ဝင့်ထည်လင်း

သမ္မတဦးဝင်းမြင့်အဆိုပြုထားသူ မီဒီယာကောင်စီဝင် စာရေးဆရာထက်မြက်နှင့်တွေ့ဆုံခြင်း

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင်ပါဝင်ရန် စာရေးဆရာ ထက်မြက်ကို အဆိုပြုလိုက်ပြီး ယင်းအဆိုပြုခံရသည့် စာရေးဆရာထက်မြက်ကို လတ်လော သူ၏ နိုင်ငံရေးရှုမြင်ချက်နှင့် မီဒီယာလွတ်လပ်ခွင့် ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ သတင်းမီဒီယာကောင်စီမှာ သတင်းသမားတွေ ဆန္ဒမဲပေးလို့မရတဲ့အပေါ် ဘယ်လို မြင်လဲ။

ဖြေ။ ။ အခု မီဒီယာကောင်စီပေါ့။ အရင်တုန်းက စာနယ်ဇင်းကောင်စီကနေ ဖြစ်သွား တာပေါ့။ အခုမီဒီယာကောင်စီကျတော့ ဥပဒေတွေ ဘာတွေ ပြဋ္ဌာန်းတာတွေ ရှိတယ်။ လွှတ်တော်တို့ဘာတို့ကလည်း အသိအမှတ်ပြုသလို သမ္မတကိုယ်တိုင်ကလည်း သမ္မတ လွှတ်တော် အဲဒီလို အသိအမှတ်ပြုမှုတွေနဲ့ အတူ မီဒီယာကောင်စီက သြဇာရှိတဲ့ သတင်း မီဒီယာ အဖွဲ့ကြီးတစ်ခုလို့ လူတွေက ယေဘုယျမြင်ကြတယ်။ ဒါပေမယ့် တကယ်ကတော့ ရှေ့မှာ အရင်တုန်းကလုပ်ရပ်တွေကိုကြည့်ရင်တော့ သြဇာ သိပ်မရှိဘူးလို့မြင်တယ်။

အခုသြဇာရှိတဲ့ မီဒီယာအဖွဲ့ကြီးဖြစ်ဖို့ဆိုတာက အဲဒီမီဒီယာကောင်စီထဲမှာပါဝင်တဲ့ ကောင်စီ ဝင်တွေ ကိုယ်တိုင်က ဘယ်လောက် အထိ မီဒီယာသမားတွေဘက်ရပ်သလဲ။ နောက်တစ်ခါ သူတို့အခုလုပ်ဆောင်ချက်တွေကရော ပြည်သူဘက်မှာ ဘယ်လောက် ထိရပ်သလဲ အဲဒါက အရေးကြီးတယ်။ အစိုးရရဲ့ ထောက်ပံ့မှု ရှိတယ်၊ မရှိဘူးဆိုတာ ဒါတော့ ဆရာသေချာမသိဘူး။ ဆရာလည်း အခုမှ ရောက်ဖို့ ကြိုးစားနေတဲ့ကာလပေါ့လေ။ လှုပ်ရှားမှုတွေ ဘာမှ မကြုံရသေးဘူး။ ဒါပေမယ့် အခု ရွေးချယ်တင်မြှောက်ပွဲကတော့ တော်တော်လေးကို စနစ်ကျအောင် ကြိုးစားထားတာတွေ့တယ်။ နောက်အခု မဲပေးတာတွေ လုပ်တာတွေကလည်း မဆိုးလှပါဘူး။ လုပ်သွားပုံက ။ ကိုယ်စားပြုရေး၊ မပြုရေး ဆိုတာ ကတော့ ဒါပြောရတာ ခက်သားပဲ။ အဖွဲ့အစည်းတွေကလည်း အရမ်းများလာတယ်။ မီဒီယာသမား တွေလည်း အရမ်းများလာတယ်။ ကိုယ်စားပြုရေး၊ မပြုရေးဆိုတာ ဒီမီဒီယာ ကောင်စီ၊ ဖွဲ့လိုက်တဲ့ မီဒီယာကောင်စီနဲ့ ပါဝင်လာတဲ့ မီဒီယာသမားတွေက ဘယ်လောက်အထိ လေးနက်ပြီး ဘယ်လောက်အထိပါဝင်ကြသလဲဆိုတာ အရေးကြီးတယ်။ လေးနက်မှု မရှိဘဲ နဲ့တော့ ဒီအဖွဲ့ကြီးဟာ အားလုံးနဲ့ လွှမ်းခြုံတဲ့ သြဇာရှိတဲ့ အဖွဲ့အစည်းကြီး ဖြစ်ဖို့တော့ သိပ်မလွယ်ဘူး။ မလွယ်တဲ့အခါကျတော့ ဒါတွေကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာ၊ ဒီမီဒီယာလောကကြီး တစ်ခုလုံးက အားလုံးပါဝင်ပတ်သက်မှပဲ ဒါက ပြောလို့ရမယ်လေ။

နို့မို့ဆိုရင်တော့ ပြောလို့မရဘူး။ ဥပမာဆိုပါတော့ အရင်တုန်းက စစ်အစိုးရကာလတုန်းက ရှိခဲ့တဲ့ သတင်းစာဆရာအသင်းဆိုပါတော့ ။ သတင်းစာဆရာအသင်းဆိုတာက အရင်တုန်းက မဆလခေတ်က စာပေလုပ်သားအဖွဲ့ ကြီးက ပေါက်ဖွားလာတဲ့အဖွဲ့အစည်း ပဲ။ စာရေးဆရာ အသင်းဆိုတာလည်း အရင်တုန်းက စာပေလုပ်သားအဖွဲ့ကပဲ။ စာပေလုပ်သား နောက်ဗိုလ် သန်းရွှေအစိုးရလက်ထက်ကျတဲ့အခါကျတော့ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ ဖြစ်သွားတယ်။ အဲဒီကနေ တစ်ခါ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာတော့ ဒါကြီးက ပုဂ္ဂလိက အစိုးရနဲ့ မပတ်သက်တော့ဘူး ဆိုပြီးတော့ ၃ ဖွဲ့ ကွဲသွားတာပေါ့။ ၃ ဖွဲ့ခွဲပစ်လိုက်တာပေါ့။ ဒါပေမယ့် အင်အားနဲ့ ငွေအင်အား လူအင်အား နဲ့ ပစ္စည်းပစ္စယတွေကတော့ အကုန်လုံးသူတို့က ယူသွားကြတာပေါ့။ ယူသွားကြပြီးတော့ စာရေးဆရာအသင်းဆိုလို့ရှိရင် စာရေးဆရာ အသင်းလို့ ဆိုရပေမယ့် တကယ်ပြောရင်တော့ စာရေးဆရာအားလုံးပါဝင်ခဲ့တာမဟုတ်ဘူး။ အခုကျ တော့ အဖွဲ့အစည်းတွေ ဖွဲ့ပြီးတော့ လွတ်လပ်မှုရလာတဲ့အခါမှာ စာရေးဆရာ အသင်းကလည်း စာရေးဆရာအဖွဲ့အစည်းတွေ အများကြီးဖြစ်လာတယ်။ သမဂ္ဂတွေ ဖြစ်လာတယ်၊ ကလပ်တွေဖြစ်လာတယ်။ ဒီလိုအခြေအနေမျိုးပဲ မီဒီယာလောကမှာလည်း ဒီအတိုင်းပဲဖြစ်တယ်။

အဲဒီတော့ မီဒီယာကောင်စီကို အရင်အစိုးရလက်ထက်ကတည်းကလို့ ပြောရမယ်။ အစိုးရကိုယ်တိုင်က သြဇာကြီးတဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်အောင်တော့ ကြိုးစားတယ်။ အခုအချိန်အထိတော့ သြဇာကြီးတဲ့အဖွဲ့ကြီးလို့ ဆရာမမြင်သေးဘူး။ အဲဒါက အခုရှိလာ တဲ့အခြေအနေမှာ ဒီထက်ဥပဒေတွေ ဘယ်လောက်အထိပြဋ္ဌာန်းနိုင်မလဲ၊ ဒီထက်ပိုပြီးတော့ မီဒီယာသမားတွေက လေးလေးစားစားယုံယုံကြည်ကြည်နဲ့ ပါဝင်လာမလဲ။ အဲဒါကျတော့ မီဒီယာသမားတွေရဲ့ အကျိုးစီးပွားတကယ်လုပ်နိုင်ရင်တော့ပါမယ်။

ဥပမာဆိုပါတော့ မလုပ်ပေးနိုင်တာဆိုရင် အခုတရားစွဲခံရတဲ့ ရိုက်တာသတင်းထောက် ၂ယောက် ကိစ္စဆိုရင် မီဒီယာကောင်စီက ထိရောက်တဲ့ ကူညီမှု မပေးနိုင်ဘူး။ စမဖြစ်ခင်ကတည်းက အစိုးရနဲ့ ညှိနှိုင်းပေးဖို့လိုတယ်။ ညှိနှိုင်းလို့မရဘူး နောက်ဆုံး တရားစွဲတင် တယ်ဆိုရင်တော့ ဒါက ကောင်စီအနေနဲ့ မဆိုင်တော့ဘူး။ ဒါပေမယ့်လည်း သူတို့နဲ့ပတ်သက်တဲ့ ကိစ္စတွေကို အကူအညီပေးနိုင်မှုက ဥပမာရှေ့နေတွေငှားပေးတာက အစ သူ့မိသားစုကူညီတာကအစ အဲဒါတွေရော ဘာလုပ်ပေးနိုင်သလဲ၊ မလုပ်ပေးနိုင်ဘူး။ အဲဒါမျိုးတွေကိုလည်း လုပ်ပေးနိုင်တဲ့ မီဒီယာကောင်စီက မီဒီယာသမားတွေက တကယ် အားကိုးလာတာဖြစ်ရမယ်။ နောက်တစ်ခါဖြစ်တဲ့ပြဿနာတွေအပေါ်မှာ ညှိနှိုင်းဖို့ဆိုရင်လည်း တကယ်ညှိညှိနှိုင်းနှိုင်းလုပ်နိုင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ဖို့လိုတယ်။ အဲလိုဖြစ်မှပဲ မီဒီယာ ကောင်စီ ပီသတယ်လို့မြင်တယ်။

မေး။ ။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ဖြစ်ပြီးဆိုတော့ ဘာတွေ လုပ်သွားဖို့ရှိလဲ။

ဖြေ။ ။ အဲဒါကတော့ ဆရာအနေနဲ့ကတော့ ဒီမီဒီယာကောင်စီထဲကို ရောက်လာပြီပေါ့လေ။ သမ္မတက Nominate လုပ်ပြီးတော့ ကိုယ်စားလှယ်တစ်ဦးအဖြစ်နဲ့ပါဝင်လာတယ်ပေါ့။ ပါဝင် လာတဲ့အခါမှာ ဆရာကတော့ မီဒီယာ ကောင်စီထဲမှာ ပထမ ရှင်းပြသွားတဲ့ သြဇာရှိတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်အောင် ဒီအဖွဲ့ကြီးက တကယ့်ကို မှန်ကန်တဲ့ နိုင်ငံရဲ့အကျိုးစီးပွား၊ နောက်တစ်ခုက ပြည်သူ့အကျိုးစီးပွားနဲ့ မီဒီယာသမားတွေရဲ့ အကျိုးစီးပွားကိုပဲ ကြည်တဲ့ အဖွဲ့အစည်းဖြစ်အောင် ဆရာကြိုးစားချင်တယ်။ အဲဒီအတွက်က အစိုးရအလိုကျ လုပ်စရာ မလိုသလို၊ ကျန်တဲ့ ပုဂ္ဂလိက တစ်ဦးချင်းစီရဲ့ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားမဟုတ်ဘူး။ အားလုံးအတွက် လွှမ်းခြုံတဲ့ ပြည်သူ့အတွက် အကျိုးပြုမယ့် သတင်းမျိုုးတွေကို ရေးမယ့် ပြည်သူ့အတွက် အကျိုးပြုမယ်ဆိုတာက အမှန်ကို အမှန်အတိုင်းထောက်ပြရဲတဲ့ မီဒီယာ သမားတွေဖြစ်အောင်အဲဒီမီဒီယာသမားတွေနဲ့အတူ တိုင်းပြည်ကို ဖိနှိပ်ဟာမျိုးတွေ ရှိလာရင် မကျေနပ်တာတွေရှိလာရင် ဖွင့်ချပြောနိုင်တဲ့ဟာ နောက်တစ်ခါ ပြဿနာတွေက ကြုံတာတွေရှိတယ်လေ။

သတင်းမီဒီယာသမားတွေအဖို့ ဥပမာ- ၆၆ ဃနဲ့ ။ ၆၆ ဃ က တော်တော်ကို ဆိုးဝါးတဲ့ ဥပဒေတစ်ရပ်အဖြစ်နဲ့ မီဒီယာသမားတွေကို တိုက်ခိုက် နေတာရှိ တယ်။ ဒါမျိုးတွေကိုလည်း ဘယ်လောက်အထိ မီဒီယာကောင်စီက ဥပမာ- ၆၆ ဃ ပြင်တယ်ဆိုတဲ့ အရင်လွှတ်တော် ကာလ သမ္မတဦးဝင်းမြင့် လွှတ်တော်ဥက္ကဋ္ဌ ကာလတုန်းက ၆၆ ဃ ပြင်ဖို့ ဆိုတာ မီဒီယာ ကောင်စီအနေနဲ့ တက်တက်ကြွကြွ မရှိခဲ့ဘူး။ ဆရာလည်း မတွေ့ ခဲ့ဘူး။ ကျန်တဲ့ အဖွဲ့အစည်းတွေကသာ တက်တက်ကြွကြွလုပ်ကြတယ်။ အဲဒီလိုဟာမျိုးတွေကိုလည်း မီဒီယာကောင်စီက တကယ်ကျတော့ ပါသင့်တယ်ထင်တယ်။ အဲဒါမျိုးတွေကိုလည်း ဆရာကတော့ အတတ်နိုင်ဆုံး ဒီမှာ အကြံပြုမယ်။ အားလုံးကနေ ပါဝင်နိုင်အောင် လုပ်ပေး နိုင်အောင် ကြိုးစားမယ်လို့ ဆရာစဉ်းစားပါတယ်။

မေး။ ။ မီဒီယာကောင်စီက ဘယ်လောက်ထိ လုပ်နိုင်ခွင့်ရှိမလဲ။

ဖြေ။ ။ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ အခုရောက်သွားတဲ့ ဝန်ကြီးတွေက မီဒီယာကောင်စီကနေ ဖြစ်ကုန်ကြတယ်ပေါ့။ မီဒီယာကောင်စီရောက်ရင် ဝန်ကြီးဖြစ် တယ်ဆိုတဲ့ သတင်းထွက်နေကြတာကိုး။ အဲဒီတော့ သူတို့ကိုယ်တိုင်က ဟိုရောက်သွား တဲ့အခါကျတော့ လက်ရှိ အစိုးရအဖွဲ့ NLD အစိုးရအဖွဲ့ ရဲ့ သူရဲ့ လမ်းကြောင်းထဲပဲ ရောက်သွား တယ်။ သူတို့မှာ ဘယ်လောက်ပဲရည်ရွယ်ချက်တွေ ရှိရှိ၊ မရှိရှိ တကယ်ကျတော့ အဲဒီရောက် သွားတဲ့အခါမှာ အထက်ညွှန်ကြားတာနဲ့ အထက်က ချပေးတဲ့ လမ်းပေါ်ပဲ ရောက် သွားကြတယ်။ ဝန်ကြီးရော၊ ဒုဝန်ကြီးရော။ အဲဒါကတော့ တက်လာကတည်းက ပုံစံခွက်ကြီးပဲ။ အခုက ဒီမိုကရေစီ အစိုးရသာဆိုတယ်၊ ဒီမိုကရေစီအစိုးရက ပုံစံခွက်ကြီး နဲ့လုပ်နေရတာ။သူတို့ကိုယ်တိုင်ကလည်း အစိုးရအဖွဲ့၊ ဝန်ကြီးအဖွဲ့သာ ဖွဲ့တယ်။ တကယ်ကတော့ သူတို့လုပ်နေရတာက ယန္တရား အဟောင်းကြီးနဲ့ လုပ်နေရတာ။ ယန္တရားဟောင်းကြီးနဲ့လုပ်ပြီးတော့ ဒီပုံစံခွက်ကြီးကို မပြင်နိုင်သလို သူတို့က ချလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ချလာတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလိုင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုင်းဆိုတော့ ဆရာမူအတိုင်းပါပဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာက တစ်နိုင်ငံလုံးရှိတဲ့ အမျိုးသားတွေ ပြည်သူတွေ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေ အဲဒါတွေနဲ့ ရင်ကြားစေ့ရေး ဆိုတာထက် စစ်တပ်နဲ့ ရင်ကြားစေ့ရေးက အဓိက ထားတယ်။ အဲဒီတော့ အဲဒီအပေါ်မှာ ပြဿနာဖြစ်တာက အမျိုးသားပြန်လည်သင့်မြတ်ရေးပဲ ခေါ်ခါ် ရင်ကြားစေ့ရေးပဲ ခေါ်ခါ် အဲဒီဥစ္စာက စစ်တပ်ကိုသာ အဓိကထားပြီး ရင်ကြားစေ့ရုံနဲ့ဆိုရင်တော့ တိုင်းပြည်အနေနဲ့ ရော မီဒီယာအနေနဲ့ရော လွတ်လပ်မှု ဒီမိုကရေစီအတွက်ရော အားကောင်း မောင်းသန် မဖြစ်နိုင်ဘူး လို့ ဆရာမြင်တယ်။ အဲဒီအတွက် ဆရာတို့ ဆရာ မီဒီယာကောင်စီ ရောက်သွား တဲ့အခါမှာ ဘယ်လောက်လုပ်နိုင်မလဲဆိုတာ ဆရာကတော့ ဒီထက်ပိုပြီး အဖွဲ့ထဲမှာ ပါဝင်ပြီးတော့ အဖွဲ့ ရဲ့ အဆုံးအဖြတ်နဲ့ပဲ လုပ်ရမှာပဲ။ သူ့ဥပဒေအတိုင်းပဲ လုပ်ရမှာပဲ။ ဆရာကိုယ်တိုင်ကလည်း အဖွဲ့ဝင်တစ်ယောက်ပဲဖြစ်မယ်။အခြားတော့ ဟိုဒင်းဖြစ်စရာမရှိဘူး။ ဆရာရေးစရာ ရှိတာဆက်ရေးမယ်။ ပြောစရာရှိတာ ရှိတာကတော့ ဘယ်သူပဲပျက်ပျက်ပေါ့လေ။ နိုင်ငံတော်ရဲ့ သမ္မတကအစ သမ္မတက ခန့်ပေမယ့်လည်း သမ္မတကို ဆရာပြောစရာရှိ ပြောမှာပဲ။ ဒီအထဲမှာ ဝေဖန်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ဝေဖန်မှာပဲ။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လည်း ဝေဖန်မှာပဲ။ မကြာသေးခင်ကပဲ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ပြောသွားတဲ့ တပ်မတော်နဲ့တင်တိုက်ပွဲဖြစ်တာမဟုတ်ဘူး အစိုးရတွေနဲ့ဖြစ်တာပါဆိုတာကို ဆရာရေးဖူုးပါတယ်။ အဲဒါရေးသွားလည်း ဆရာ ဗြောင်ပဲ ရေးပါတယ်။ မြန်မာပြည်အုပ်ချုပ်လာတဲ့ အစိုးရအဖွဲ့အားလုံးက ၄၈ ကနေ အခုအထိဆိုရင် အနှစ် ၇၀ ရှိပြီ။ နှစ် ၇၀ မှာ တိုင်းပြည် တကယ်အုပ်ချုပ်သွားတဲ့ အရပ်သားအစိုးရဆိုတာက အနှစ် ၂၀ ပဲရှိတယ်။ တပ်မတော်ကပဲ အုပ်ချုပ်သွားတာ နှစ် ၅၀ ရှိတယ်။ အဲဒီတော့ ဘယ်သူက တပ်မတော်နဲ့ ပြဿနာမဖြစ်ပါဘူးဆိုတာ ဘယ်သူက ပြောလို့ရမလဲ။ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်တာလည်း သူတို့ပဲ။ အဲဒီလို ဆရာပြောခဲ့ဖူးတယ်။ ပြောခဲ့ဖူးတဲ့အတွက် ဒီလိုဟာမျိုးရှိလည်း ဆရာရေးမှာပဲ။ ဒီလိုပဲ တွန်းအားပေးမှာပဲ။ ဒါပေမယ့် အဲဒါက တိုင်းပြည်အတွက်ပဲ ဆရာယုံကြည်ပါတယ်။

မေး။ ။ ဒီလိုပုံစံခွက်ထဲကတော့ ဘယ်လိုထွက်မလဲ။

ဖြေ။ ။ မီဒီယာကောင်စီထဲမှာရှိတဲ့ မီဒီယာကောင်စီပုံစံခွက်လို့တော့ ဆရာမမြင်သေးဘူး။ ဥပဒေတွေ အားနည်းနေတာ ရှိချင်ရှိမယ်။ အဲဒီဥပဒေကို ပြင်နိုင်အောင် ကြိုးစားမယ်။ အားနည်းနေခဲ့ရင်ပေါ့လေ။ အားမနည်းရင်တော့လည်း တစ်မျိုးပေါ့။ နောက်တစ်ခါ မတူတာကတော့ အရင်တုန်းက ရောက်သွားတဲ့သူတွေကတော့ သူတို့က စာသက်သက်နဲ့ အဲဒီစာနဲ့ အတူရပ်တည်ခဲ့တဲ့ သက်သက်။ ဆရာက စာသက်သက်ရေးတာထက် နိုင်ငံရေး ဖြတ်သန်းမှုက ပိုများတယ်။ များတဲ့အခါကျတော့ နိုင်ငံရေးအမြင်နဲ့ပဲ ကြည့်ပြီးတော့ အဲဒီအတိုင်းပဲ လျှောက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com