All News interview

“စစ်တပ်ကိုယ်တိုင်က ဒီမိုကရေစီအရ ဖန်တီးတာမဟုတ်ဘူး။ အမိန့်နာခံဖို့ ဖွဲ့စည်းထားတာ”

“စစ်တပ်ကိုယ်တိုင်က ဒီမိုကရေစီအရ ဖန်တီးတာမဟုတ်ဘူး။ အမိန့်နာခံဖို့ ဖွဲ့စည်းထားတာ”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့်တွေ့ဆုံခြင်း အပိုင်း ၁

By ရန်ကုန်ခေတ်သစ်

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံးမှ ပြည်သူအားလုံး လမ်းမများပေါ်ထွက်၍ စစ်အာဏာရှင် ဦးနေဝင်း ဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဆန့်ကျင်ခဲ့ကြသည်။ တပ်မတော်သား၊ ရဲတပ်ဖွဲ့၊ ကျောင်းသား၊ အလုပ်သမား၊ အစိုးရဝန်ထမ်း၊ အိမ်ရှင်မ လူတန်းစားပေါင်းစုံ လမ်းမများပေါ်တွင် “ဒီမိုကရေ ရရှိရေး ဒို့အရေး” ဆိုသော ကြွေးကြော်သံကို သံပြိုင်ဟစ်အောင်ခဲ့ကြသည်။ သို့သော်လည်း လက်နက်ကိုင် စစ်တပ်က လမ်းမပေါ်မှ အပ်တိုတစ်ချောင်း မပါသော ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူအုပ်ကြီးကို အကြမ်းဖက် ပစ်သတ်နှိမ်နင်းခဲ့သည်။ ယင်းနောက် စစ်အာဏာသိမ်းခဲ့သည်။ ယခု နှစ်ပေါင်း ၃၀ အထိ စစ်တပ်သည် အာဏာကို လွှမ်းမိုးချုပ်ကိုင်ထားဆဲဖြစ်ပြီး နှစ် ၃၀ ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးကို ရန်ကုန်ခေတ်သစ်က သီးသန့်တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ရှစ်လေးလုံး နှစ် ၃၀ ပြည့်သွားပြီ။ ရှစ်လေးလုံးတုန်းက တောင်းဆိုချက်တွေ ၊ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေ အပြည့်အဝရပြီလား။

ဖြေ။ ။ ဒီနေ့ရောက်နေတဲ့ အခြေအနေဟာ အရင် နှစ် ၃၀ ထက်စာရင် အများကြီးတိုးတက်လာတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ပထမဦးဆုံး အရပ်သားသမ္မတ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ပထမဆုံး အရပ်သား သမ္မတတစ်ယောက်ဖြစ်လာတယ်။ လွှတ်တော်မှာလည်းပဲ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို NLD က အနိုင်ရခဲ့တယ်။ ဒါက ဖြစ်စဉ်အရပြောရင်တော့ တိုးတက်တဲ့ ဖြစ်စဉ်ပေါ့။ သို့သော် ရှစ်လေးလုံး တုန်းက တောင်းဆိုခဲ့တဲ့ ရည်မှန်းချက်နဲ့ ပြောရင်တော့ ရာနှုန်းပြည့် ရောက်ဖို့ အခြေအနေရောက်ဖို့ အများကြီးလိုသေးတယ်။ ဆက်ပြီး ကြိုးစားရဦးမယ်လို့မြင်ပါတယ်။

မေး။ ။ ရှစ်လေးလုံး နှစ် ၃၀ ပြည့်လာတဲ့အချိန်မှာ လက်ရှိ အခြေအနေတွေက အရင်အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လောက်ကွာခြားသွားပြီလဲ။ တိုးတက်လာတယ်ဆိုတာကရော အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်ပေါ့။

ဖြေ။ ။ တကယ်က ၈၈ တုန်းက နိုင်ငံတော်အာဏာ ပြုပြင်ပြောင်းလဲဖို့ စီမံဖန်တီးနိုင်တဲ့ အခွင့်အာဏာကို ကျနော်တို့ ပြည်သူဘက်က ရရှိခဲ့မယ်ဆိုရင် ဖြစ်စဉ်က တစ်မျိုးပေါ့။ သို့သော် အဲဒီမှာ အာဏာသိမ်းသွားပြီးတဲ့နောက်ပိုင်းမှာ ပါတီစုံဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ပါ့မယ်လို့ စစ်အစိုးရကိုယ်တိုင်က ကတိပေးပြီး အာဏာသိမ်းခဲ့တယ်။ ပြီးတော့ အဲဒီအပြောင်းအလဲ ဖြစ်စဉ်သူကပဲ ဦးဆောင်ပြီးတော့ လုပ်ခဲ့တဲ့အခါကျတော့ ပါတီစုံဒီမိုကရေစီကလည်း တင်းပြည့်ကျပ်ပြည့် ပုံစံဖြစ်မလာဘူး။ နောက် ဈေးကွက်စီးပွားရေးကလည်း ပီပီပြင်ပြင်ဖြစ်မလာဘဲ နောက်ဆုံး ကျနော်တို့ လက်သင့်ရာပေါ့ ဖြစ်တဲ့ စီးပွားရေးပုံစံဖြစ်လာပြီးတော့ အခုကျနော်တို့က ဒီအခြေအနေကို အမွေခံရတာပေါ့။ ဒီကနေပြီးတော့မှ တကယ့် ဒီမိုကရေစီရာနှုန်းပြည့်ပုံစံဖြစ်အောင်ဆက်ပြီး ကြိုးစားဖို့ ခရီးရှည်ကြီးကျနော်တို့ဖြတ်ရဦးမယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုရင်လည်း ပြီးခဲ့တဲ့ အခြေအနေကနေပြီးတော့ အခု ဈေးကွက်စီးပွားရေး ပီပီပြင်ပြင်ပေါ်လာဖို့ အားလုံး Level Playing Field တန်းတူ ရည်တူ ယှဉ်ပြိုင်ခွင့်ရတဲ့ စီးပွားရေးအခြေအနေမျိုးပေါ်လာဖို့အတွက် ကျနော်တို့ အများကြီး ဆက်ပြီး ကြိုးစားရဦးမယ်။ အဲသလို ကြိုးစားတဲ့နေရာမှာ တစ်ဖက်ကလည်း အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီးဆောင်ရွက်ရမယ့် အခြေအနေတွေဖြစ်ပါတယ်။

မေး။ ။ အရင်ရှစ်လေးလုံးကာလတုန်းက တပ်မတော်နဲ့ အခု လက်ရှိ ကာလက တပ်မတော်က ရော ဘာတွေ ကွာခြားသွားပြီထင်လဲ။ အခြေအနေတွေက ဘယ်လောက်ကွာသွားလဲ။ လက်ရှိ တပ်မတော်သည် အပြောင်းအလဲအတွက် လိုချင်တဲ့ တပ်မတော်ဟုတ်ပါ့မလား။ အရင်အတိုင်းပဲ လူတစ်စုကို ကာကွယ်နေတဲ့ အဖွဲ့အစည်းလား။ ဘယ်လိုမြင်ရလဲ။ ပုံစံပြောင်းပြီလို့ မြင်ရလား။

ဖြေ။ ။ အရင်တုန်းကတော့ စစ်တပ်ကို နားလည်ဖို့ဆိုတာက စစ်တပ်ဆိုတာအမိန့်နဲ့ နာခံမှုနဲ့ ။ ဒါက ဘယ်စစ်တပ်ဖြစ်ဖြစ် လေ့ကျင့်ထားရတာ။ စစ်တပ်ရဲ့ သဘာဝကိုယ်တိုင်က ဒီပုံစံရှိတယ်။ သို့သော် ဒီမိုကရေစီကို ဖော်ဆောင်ဖို့ကျတော့ အောက်ခြေက ပြည်သူတွေရဲ့ ဆန္ဒတွေ၊ အသံတွေ အလေးအနက် နားထောင်ပြီးတော့ စီမံခန့်ခွဲရတာဖြစ်တော့ စစ်တပ်ကိုယ်တိုင်က ဒီမိုကရေစီအရ ဖန်တီးတာမဟုတ်ဘူး။ အမိန့်နာခံဖို့ ဖွဲ့စည်းထားတာ။ ဒါကတော့ သဘာဝချင်းမတူဘူး။ အဲဒီတော့ တစ်ခုရှိတာက စစ်တပ်ကိုယ်တိုင်က အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တောင်မှ ကိုယ့်နိုင်ငံကိုယ်တိုင်က ဘယ်လောက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့လဲဆိုတာသူတို့လည်းသိတယ်။ သိတော့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို စစ်တပ်ကလည်း လက်ခံတယ်။ သို့သော် ပြုပြင်ပြောင်းလဲမှုကို သူက ဦးဆောင်ပြီးတော့ သူရဲ့ စိတ်ကြိုက် ဘယ်အချိန်မှာ ဘယ်လောက်ပြုပြင်ပြောင်းလဲသင့်တယ်ဆိုတာကို ဆုံးဖြတ်တဲ့ပုံစံမျိုး ဖြစ်နေတဲ့အတွက်ကြောင့် ကျနော်တို့နဲ့ အငြင်းပွားနေတာ။ ပြုပြင်ပြောင်းလဲဖို့ ဆိုတဲ့အပေါ်မှာ ပြုပြင်ပြောင်းလဲမယ် မပြောင်းလဲဘူးဆိုတာ အငြင်းပွားတာမဟုတ်ဘူး။ ဘယ်လိုပြောင်းလဲမယ်၊ ဘယ်လောက်အရှိန်နဲ့ပြောင်းလဲမယ်ဆိုတာအပေါ်မှာ ကွဲလွဲနေတယ်လို့ အဲလိုမြင်ပါတယ်။

မေး။ ။ ရှစ်လေးလုံးကာလမှာ NLD ပေါ်လာတယ်။ လူထုအားလုံး တခဲနက် ထောက်ခံခဲ့ကြတယ်။ ရှစ်လေးလုံးနဲ့ အတူမွေးဖွားလာတဲ့ NLD ဟာ အခုဆိုရင် နှစ် ၃၀ လောက်ရှိလာပြီ။ အခုက သူက အာဏာရအစိုးရ ဖြစ်လာပြီဆိုတော့ နှစ် ၃၀ အကြာ ရှစ်လေးလုံးတုန်းကတော့ ထောက်ခံ မှုရှိသေးလား။ သူကရော ဘယ်လောက် လူထုတောင်းဆိုချက်တွေ ဖြည့်ဆည်းပေးနိုင်ပြီလဲ။

ဖြေ။ ။ တစ်ခုတော့ရှိပါတယ်။ NLD အပါအဝင် ကျနော်တို့အားလုံးဟာ ထောင်ထဲ တောထဲ နေခဲ့ကြရတယ်။ ဒီဘက်ကို ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အခါကျတော့ နိုင်ငံရေးဦးဆောင်မှုကို စုစည်းဖို့လိုတယ်လို့ကျနော်က မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်ပယ်အသီးသီးကနေ နှစ်ရှည်လများ လက်တွဲပြီးရုန်းကန်ခဲ့သူတွေကြားထဲမှာ အတတ်နိုင်ဆုံး တစ်ပါတီတည်းမဟုတ်ရင်တောင်မှ အချင်းချင်းကြားထဲမှာ စုဖွဲ့မှု လိုတယ်လို့ ကျနော်က အဲလိုမြင်တယ်။

မေး။ ။ တစ်ချိန်တုန်းက စစ်အစိုးရအာဏာရှင်လက်အောက်မှာ လက်တွေအားလုံးဟာ ချိတ်ဆက်ပြီး ညီညွတ်ခဲ့ကြတယ်။ အခု ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်တွေကြားထဲမှာကို အကိုက ပါတီထောင်တယ်။ တချို့က ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ကျန်ခဲ့တယ်။ အင်အားစုဖွဲ့ဖို့လိုတယ်ဆိုပေမယ့် အခုက ရည်မှန်းချက်ပန်းတိုင်တောင် မရောက်သေးဘူး ပြိုကွဲကုန်တဲ့သဘောလား။

ဖြေ။ ။ နိုင်ငံရေးရဲ့ သဘာဝကိုက တစ်ပါတီအာဏာရှင်စနစ်မှာဆိုရင် အမိန့်နဲ့ သွားတာဖြစ်တဲ့အတွက် ကွဲလို့လည်းမရဘူး။ ကွဲရင်လည်း သူတို့အချင်းချင်းကြားမှာ အားနည်းတဲ့သူကို ရှင်းပစ်လိုက်တာပဲ။ အုပ်စုငယ်လေးတွေကို ထုတ်ပစ်လိုက်တယ်လို့ ရှင်းပစ်လိုက်တယ်လို့ ဖြစ်တာပဲ။ ဒီမိုကရေစီမှာကတော့ နဂိုကတည်းက ကွဲလွဲမှုကို လေးစားတယ်၊ အသိအမှတ်ပြုတယ်၊ တန်ဖိုးထားတဲ့ စနစ်ဖြစ်တဲ့အတွက်ကြောင့် လုပ်နည်းလုပ်ဟန်ကွဲလွဲမှုတွေက ဘယ်မှာပဲဖြစ်ဖြစ်ရှိနေမယ်။ အဲဒါက သဘာဝပဲ။ ကျနော်မြင်တယ်။ ပါတီလုပ်တာနဲ့ အရပ်ဘက်အဖွဲ့အစည်းလုပ်တာနဲ့ သဘာ၀ မတူတာပဲ။ လုပ်တဲ့နယ်ပယ်ချင်းလည်း မတူဘူး။ နိုင်ငံရေးပါတီဆိုတာက မူဝါဒတွေ ချမှတ်နိုင်အောင်၊ အကောင်အထည်ဖော်နိုင်အောင် ဒီလိုမျိုးဆောင်ရွက်တာဖြစ်တယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဆိုတာက သူက လူထုအသံကို ကိုယ်စားပြုပြီးတော့ ထုတ်ပြောတာ ဆိုတာတွေရှိမယ်။ လူထုရဲ့ လိုအပ်ချက်ကို သက်ဆိုင်ရာ နယ်ပယ်အလိုက် သွားပြီး လှူဒါန်းတယ်၊သွားပြီးတော့ ကူညီတယ်။ နောက်တစ်ခါ ပညာပေးဟောပြောပွဲတွေလုပ်တယ်။ အစရှိသည်ဖြင့် သဘာဝတွေ ရှိတာပေါ့။ အဲဒါက ကွဲပြားတယ်လို့ ကျနော်က မမြင်ဘူး။

မေး။ ။ ကွဲပြားတယ်လို့ မမြင်ပေမယ့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဦးတည်ချက် တစ်ခုအောက်မှာတော့ မရှိတော့တာ အမှန်ပဲမလား။ အရင်က တစ်သားတည်း ရှိခဲ့တယ်လေ။ ရှစ်လေးလုံးရည်မှန်းချက်ကလည်း မရောက်သေးဘူးဆိုတော့ …

ဖြေ။ ။ ကျနော်ပြောကတည်းက ကွဲသွားတယ်လို့ မပါဘူး။ မတူခြားနားတာတွေက လူရဲ့ သဘာဝပဲ။ နောက်တစ်ခုက နိုင်ငံရေးပါတီတောင်မှ တစ်ပါတီတည်းမဖြစ်လဲ။ တောင်းကတည်းက ပါတီစုံ ဒီမိုကရေစီ တောင်းတာဖြစ်တဲ့အတွက်ကြောင့် ပါတီမတူတဲ့ကိစ္စတွေ၊ တစ်ခါတစ်လေကျရင် ယေဘုယျ ဦးတည်ချက်ချင်းတူရင်တောင်မှ လုပ်ပုံလုပ်နည်း နည်းနာမတူတာတွေရှိမယ်။ နောက်တစ်ခုက ဦးစားပေး အစီအစဉ်တွေ သူက ဒီကိစ္စကို ဦးစားပေးမယ်လို့မြင်တယ်။ ကိုယ်က ဒီကိစ္စကို ဦးစားပေးလို့မြင်တယ်။ အစရှိသည်ဖြင့် အဲဒါကွဲနိုင်တယ်။ သို့သော် ဒီမိုကရေစီရဲ့ သဘာဝက မတူကွဲပြားတာတွေကို ပူးပေါင်းဆောင်ရွက်နိုင်တဲ့ စနစ်တစ်ရပ်ကို ထူထောင်တာ။ ကွဲခွင့်မရှိဘူး၊ တစ်သွေးတစ်သံတစ်မိန့်ဖြစ်ရမယ်လို့ မေ ျှာ်လင့်ရင် ကျနော်တို့ကိုယ်တိုင်က ဒီမိုကရေစီနဲ့ ဝေးနေဦးမယ်လို့ကျနော်ကတော့ မြင်တယ်။ ဒီမိုကရေစီက မတူကွဲပြားတာတွေကို ကျေနာ် ခဏခဏ ပြောတယ် ဒီမိုကရေစီဆိုတာ မကွဲတာမဟုတ်ဘူး၊ အကွဲကျင့်တာ။ ကွဲတာတွေကို ဘယ်လို မျိုး ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတာကို လေ့ကျင့်တာကို က ဒီမိုကရေစီ။ အဲဒီတော့ ကွဲတတ်ရင် ညီသွားလိမ့်မယ်။ မကွဲတာ ညီသွားတာမဟုတ်ဘူး။ ကွဲတာ ကွဲတတ်သွားရင် ညီညွတ်သွားလိမ့်မယ်။ ဒါကြောင့် ကျနော်က ဒီမိုကရေစီ ကျနော်က တကယ် လေးလေးနက်နက်နားလည်ဖို့ဆိုတာက ဒီမိုကရေစီဆိုတာ မကွဲတာမဟုတ်ဘူး။ ဒီမိုကရေစီကိုယ်တိုင်က မတူကွဲပြားမှုတွေကို စုစည်းတဲ့ စနစ်ထူထောင်တာပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com